အညာသတင်းထုတ်နှုတ်ချက် (13-21 January 2025)
စစ်ကိုင်းတိုင်းတွင် ရုံးစိုက်ရန် NUG ဆုံးဖြတ်
ရင်းမြစ်_Myanmar Now
နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းတွင် ပြည်ထောင်စုအဆင့်ရုံးစိုက်မည်၊ ပြည်သူများနှင့်အတူ အန္တရာယ်ကို ရင်ဆိုင်မည်ဟု NUG က ပြောသည်။ ပြည်ထောင်စုအဆင့်ရုံးခန်းများ ယခုလအတွင်း ဖွင့်လှစ်ပြီး အရပ်ဘက်အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်တော့မည်ဟုလည်း သိရသည်။
ပြည်တွင်းနှင့် နိုင်ငံတကာတွင် အစိုးရအရာရှိများ ပြန့်ကျဲနေသည့်အတွက် အစိုးရအဖွဲ့အတွင်း အရေးကြီးသည့် ဆုံးဖြတ်ချက်များချရန်အတွက် အချိန်ယူခဲ့ရသည်၊ ထိုအခက်အခဲ ကျော်လွှားရန် မဟာဗျူဟာမြောက် ကော်မရှင်ကြီးများကို ဖွဲ့စည်းပြီး တစ်နေရာတည်းတွင်စုစည်းမည်ဟု NUG ဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။
စစ်တပ်ကို နိုင်ငံရေးဆွေးနွေးမှုမှ မဖယ်ထုတ်ရန် အပစ်ရပ် ၇ ဖွဲ့ပြော
ရင်းမြစ်_DVB
ဖက်ဒရယ်ပြည်ထောင်စုကို သွားဖို့စဉ်းစားတဲ့အခါမှာ အာဏာသိမ်းစစ်တပ်ကို နိုင်ငံရေးအရ ဆွေးနွေးမှုကနေ ဖယ်ထုတ်ဖို့ မစဉ်းစားဘဲ စစ်တပ်ဟာ ဆွေးနွေးပြောဆိုရမယ့် အစုအဖွဲ့ တခုအဖြစ် ရှိနေသင့်တယ်လို့ နားလည်တဲ့အကြောင်း NCA အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက DVB ကို ပြောပါတယ်။
အပစ်ရပ် ၇ ဖွဲ့အနေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲဖြစ်ဖို့အတွက် NCA လမ်းကြောင်းအရမဟုတ်ဘဲ အင်အားစုအားလုံး လက်ခံတဲ့ အခင်းအကျင်း ဖြစ်ရင် ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
NUG လူ့အခွင့်အရေးဝန်ကြီးဌာနအား ထိရောက်အားကောင်းသော ပုံစံတရပ်သို့ ပြောင်းလဲရန် ပြင်ဆင်နေဟု ဝန်ကြီးပြော
ရင်းမြစ်_Mizzima
ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့က ပြုလုပ်ခဲ့သည့် ဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲ၌လည်း လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနကို အစိုးရမဟုတ်သော သီးခြားလွတ်လပ်သည့်ပုံစံမျိုး အသွင်ပြောင်းရန် ကြိုးပမ်းနေသည်ဟု ပြောဆိုမှုရှိခဲ့သည်။
အဆိုပါ ဝန်ကြီးဌာနအား အသွင်ပြောင်းမည့် အခြေအနေနှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် မဇ္ဈိမက မေးမြန်းရာ၌ “ထိရောက်အားကောင်းတဲ့ ပုံစံမျိုးဖြစ်ဖို့အတွက် အားလုံး ကျွန်တော်တို့ ဆွေးနွေးတိုင်ပင်နေကြပါတယ်။ ဘယ်လိုပုံစံလည်းဆိုတာကို ထုတ်ပြန်ပါမယ်” ဟု ဝန်ကြီးဦးအောင်မျိုးမင်းက ပြောသည်။
ထို့အတူ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအား ကော်မရှင်အဖြစ် ပြောင်းလဲဖွဲ့စည်းမည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေခြင်းနှင့်ပတ်သက်၍ “ဝန်ကြီးဌာနတရပ်မှ ကော်မရှင်အဖြစ် ပြောင်းလဲဖွဲ့စည်းခြင်းသည် မသင့်တော်သည့်ကိစ္စဖြစ်ပြီး သီးခြားလွတ်လပ်သော အဖွဲ့အစည်းဖြစ်လာနိုင်မည် မဟုတ်ဟု” ၎င်းက ပြောသည်။
ချင်းပြည်နယ်တွင် စစ်တပ်ကင်းစင်ရေး စစ်ရေးအရှိန်မြှင့်မည်ဟု CNF ပြော
ရင်းမြစ်_DVB
ချင်းပြည်နယ်အတွင်းမှာရှိနေတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဟာ တပြည်နယ်လုံးနယ်နိမိတ်ရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားပြီး သိမ်းပိုက်ဖို့ ကျန်နေသေးတဲ့မြို့တွေကို ဆက်လက်သိမ်းပိုက်နိုင်ရေးအတွက် စစ်ရေးအရှိန်မြှင့်သွားဖို့ရှိနေပြီး ၂၀၂၅ ခုနှစ်အတွင်းမှာ စစ်တပ်ကင်းစင်တဲ့ နယ်မြေဖြစ်အောင် စစ်ရေးရည်မှန်းချက် ချထားတယ်လို့ CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။
ချင်းပြည်နယ်ဟာ နွေဦးတော်လှန်ရေးမှာ အာဏာရှင်စစ်တပ်ကို အရင်ဆုံးတော်လှန်တဲ့ ပြည်နယ်ဖြစ်ပေမဲ့ တခြားတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေလို စစ်ရေးအရှိန်မြှင့်နိုင်ခြင်းမရှိဘဲ အချိန်ကြန့်ကြာနေတာဟာ ပြည်သူလူထု အထိနာမှုမရှိတဲ့ စစ်ရေးဗျူဟာ ဖော်ဆောင်ဖို့အပြင် လက်နက်အင်အား၊ လူအင်အား တောင့်တင်းခိုင်မာမှုမရှိတာကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။
ရွှေဘို ကင်းဗျားရွာမှာ တိုက်ပွဲဖြစ်ပြီး စာသင်ကျောင်းနဲ့နေအိမ်တချို့ မီးရှို့ခံရ
ရင်းမြစ်_မြေလတ်အသံ
ဇန်နဝါရီ ၁၉ ရက် မနက် ၄ နာရီကျော်မှာ ရွှေဘို ခလရ ၄၂ ဘက်က ထွက်လာတဲ့ စစ်ကောင်စီအင်အား ၅၀ ခန့်ဟာ ကင်းဗျားရွာအနားကိုရောက်လာချိန် ရွာထဲမှာရှိနေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မိနစ် ၂၀ နီးပါးတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဆုတ်ပေးလိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဟာ ကျေးရွာထဲရောက်လာပြီး ကျေးရွာ အမက စာသင်ကျောင်း၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနေထိုင်တဲ့ အဆောက်အဦတ ၁ လုံးနဲ့ ပြည်သူနေအိမ် ၄ လုံးကို မီးရှို့သွားခဲ့ပါတယ်။