စစ်ပွဲကာလ အညာကျန်းမာရေး

Ah Nyar Studies Image

Impact

အညာဒေသက ရွေ့လျားဆေးခန်းတစ်ခု (ဓါတ်ပုံ အညာလေ့လာရေးစင်တာ)

၂၀၂၁ စစ်အာဏာသိမ်းမှုကို အုံနဲ့ကျင်းနဲ့ဆန့်ကျင်ကြတဲ့အထဲမှာ ကျန်းမာရေးဝန်ထမ်းတွေက ရှေ့တန်းက ပါဝင်ခဲ့ပါတယ်။ CDM လို့ လူသိများတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုက ကမ္ဘာမှာပါ နာမည်ကျော်ကြားခဲ့ပါတယ်။ အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေကလည်း CDM လှုပ်ရှားမှုကို မိုးမြေဆုံး ပစ်မှတ်ထား ချေမှုန်းခဲ့ပါတယ်။ ရပ်ကွက်တွေထဲမှာ အကြမ်းဖက်ဝင်ရောက်ဖမ်းဆီးတာ၊ ခြိမ်းခြောက်ငွေညှစ် တာ၊ နှစ်ရှည်ထောင်သွင်း အကျဉ်းချတာ နဲ့ လေဆိပ်နဲ့ လူဝင်မှုကြီးကြပ်ရေးစနစ်တွေမှာ အမည်ပျက် စာရင်းသွင်းပြီး စောင့်ကြည့်ပိတ်ဆို့တာတွေအပြင် တရားလက်လွတ်သတ်ဖြတ်တာတွေအထိ ပါဝင်ပါတယ်။ သို့သော် အာဏာသိမ်းစစ်ဗိုလ်ချုပ်များ မအောင်မြင်ပါဘူး။

အာဏာသိမ်းမှုကို ဆန္ဒပြနေကြတဲ့ ကျန်းမာရေးဝန်ထမ်းများ (ဓါတ်ပုံ။ ဧရာဝတီ)

အစိုးရရဲ့ ယန္တယားတွေက အာဏာသိမ်းပြီးလို့ (၅) နှစ်ထဲအထိ မူလအတိုင်း မလည်ပတ်နိုင်ပါဘူး။ CDM လှုပ်ရှားမှုနဲ့အတူ အစိုးရရဲ့ ကျန်းမာရေးစနစ်က လုံးဝပြိုလဲသွား ပါတယ်။ တစ်ချိန်တည်းမှာပဲ ခုခံတော်လှန်ရေးအင်အားစုတွေရဲ့ ကျန်းမာရေးလုပ်ငန်းတွေ ကလည်း မြန်မာပြည်မှာ ရှိနှင့်နေပြီးသာ စင်ပြိုင်ကျန်းမာရေးစနစ်များနည်းတူ ပိုမိုအားကောင်းလာခဲ့ပါတယ်။ အကန့်အသတ်များ၊ ပိတ်ဆို့မှုများ နဲ့ ရက်စက်လှတဲ့ လေကြောင်းတိုက်ခိုက်မှုများကြားထဲကပဲ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဒေသက ကျန်းမာရေးစနစ်တွေကလည်း စစ်ပွဲကြားထဲက ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ နဲ့အတူ ဒုက္ခတောထဲကလူထုကို အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေခဲ့ပါတယ်။ အာဏာသိမ်းမှု အစောပိုင်း ကာလတွေတုန်းကတော့ တော်လှန်ရေးတပ်တွေက သူတို့ထိန်းချုပ်လိုက်တဲ့ ဒေသများမှာ ရှိရင်းစွဲ ဆေးရုံ၊ ဆေးခန်း အဆောက်အဦတွေကို အသုံးပြုပြီး ကျန်းမာရေးစောင့်ရှောင့်မှု ပေးခဲ့ကြပေမယ့် အာဏာသိမ်းစစ်တပ်ရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုများစွာခံရပြီးတဲ့နောက်မှာတော့ ရွေ့လျားဆေးခန်း၊ ရွေ့လျားဆေးရုံအသွင် နဲ့ ရွေ့လျားဝန်ဆောင်မှုပုံစံကို ဗဟိုပြုထားတဲ့ ကျန်းမာရေးလုပ်ငန်းတွေ မြင်လာရ ပါတယ်။

လေကြောင်းတိုက်ခိုက်ခံထားရတဲ့ အညာဒေသက ကျေးလက်ဆေးရုံတစ်ခု (ဓါတ်ပုံ မြေလတ်အသံ)

လေကြောင်းတိုက်ခိုက်ခံထားရတဲ့ ချင်းတောင်က ကျေးလက်ဆေးရုံတစ်ခု (ဓါတ်ပုံ မဇ္ဈိမ)

အဆိုပါ “ရွေ့လျားကျန်းမာရေးဝန်ဆောင်မှုယန္တယား” ထဲမှာ အညာလေ့လာရေးစင်တာရဲ့ စီမံချက်တစ်ခုလည်း ပါဝင်ပါတယ်။ စီမံချက်က တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ အညာဒေသက မြို့နယ်တွေမှာ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ပေးနိုင်အောင် အကူအညီပေးတာ ဖြစ်ပါတယ်။ ဆေးရုံ၊ ဆေးခန်းများကနေတဆင့် ကျန်းမာရေးဝန်ဆောင်မှုပေးသလို ရွေ့လျားဆေးခန်းများ ကနေတဆင့်လည်း ပေးပါတယ်။ တကယ်တော့ အကုန်လုံးက နယ်လှည့်ရွေ့လျားနေကြရတာပါ။ သစ်သားအပိုင်းအစကလေးတွေကို ဆက်ပြီး အရုပ်ကလေးတွေဖြစ်အောင် ပုံဖော်ထားသလိုပါပဲ။ အဆိုပါ ကျန်းမာရေးဝန်ဆောင်မှုတွေကလည်း သူ့နေရာ၊ သူ့ကဏ္ဍနဲ့သူ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ စစ်ပွဲကြားက ကျန်းမာရေးပုံစံကလည်း လှတပတကလေးနဲ့ ပုံပေါ်လာပါတယ်။

“လုပ်ရတာတော့ ခက်ခဲပါတယ်။ လုပ်ရင်းလုပ်ရင်းနဲ့ နေသားကျလာတာပါပဲ။ မွေးလူနာတွေကိုလည်း မွေးပေးနိုင်တယ်။ သာမန်ဆေးကုသမှုတွေကိုလည်း ပေးနိုင်နေတယ်။ အဲဒီလိုပဲ။ ဆရာဝန်က စောင့်ကြည့်ပြီး ကုသရမယ့် လူနာတွေကိုလည်း ကုသမှုပေးနိုင်ပါတယ်။ ဒီလိုနည်းနဲ့လည်း အလုပ်ဖြစ်တာပါပဲ။” လို့ ဆေးခန်းများစွာကို ဦးစီးနေတဲ့ အညာဒေသက ဆရာဝန်တစ်ဦးက ပြောပါတယ်။

အညာလေ့လာရေးစင်တာရဲ့ စီမံချက်ရံပုံငွေက အဆိုပါ ဆေးခန်းများစွာရဲ့ နေ့တဓူဝလည်ပတ်မှုတွေအတွက် လွန်စွာအရေးပါ ပါတယ်။ ဆေးဝါးပစ္စည်းဝယ်ယူတာအစ ဆရာဝန်၊ သူနာပြု နဲ့ စေတနာ့ဝန်ထမ်းတွေကို သင်တန်းပေးတာအလယ် ဓါတ်ခွဲစမ်းသပ်မှုအတွက် စက်ပစ္စည်းများဝယ်ယူတာအဆုံး ကူညီပေးထားတာ ဖြစ်ပါတယ်။ အရင်က ပြင်ပလူနာကုသမှုသာ ပေးနေနိုင်တဲ့ ဆေးရုံဆေးခန်းတွေက အခုတော့ ခွဲစိပ်မှု၊ သွေးသွင်းကုသမှု၊ မွေးလူနာတို့အပြင် အရေးကြီးတဲ့ ဓါတ်ခွဲစမ်းသပ်မှုတွေကိုပါ လုပ်ဆောင်ပေးနေပါပြီ။ တချိန်တည်းမှာပဲ ရွေ့လျားဆေးခန်းအဖွဲ့တွေကလည်း ကျောင်းကျန်းမာရေးနဲ့ လူထုကျန်းမာရေးပညာပေး တာတွေကိုပါ ရွာစဉ်လှည့်ပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

“ဆေးခန်းတွေ၊ ဆေးရုံတွေကနေ ပေးတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို ကျွန်တော်တို့က ဝန်ဆောင်မှုဈေးနှုန်းအလိုက် ဝယ်ယူပေးပါတယ်။ ဒါက စစ်ပွဲကြားထဲမှာဆိုတော့ ထူးဆန်းနေတာအမှန်ပါပဲ။ လုပ်ငန်းစဉ်တချို့လည်း နည်းနည်းပိုရှုပ်ထွေးသွားစေတာ အမှန်ပါပဲ။ သို့သော် ကျန်းမာရေးဆိုတာကို ပြည်သူ့ဝန်ဆောင်မှုတစ်ရပ်အနေနဲ့ ဒေသန္တရအစိုးရတွေက ပေးနိုင်စေချင်ပါတယ်။ ဒေသန္တရကျန်းမာရေး စနစ်တွေကလည်း ရေရှည်တည်တံ့အောင် တည်ဆောက်ခွင့်ရစေချင်ပါတယ်။ ဒါတွေကြောင့်ပဲ သူတို့ဆီကို အရင်းအမြစ်တိုက်ရိုက်စီးဆင်းနိုင်အောင် ရည်ရွယ်တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို “မဟာဗျူဟာမြောက်ဝယ်ယူရေး” လုပ်ဖို့  ကျွန်တော်တို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။”

လို့ အညာလေ့လာရေးစင်တာရဲ့ ဥက္ကဋ္ဌက ဆိုသည်။

အညာလေ့လာရေးစင်တာက ဆေးရုံဆေးခန်းများမှ ကျန်းမာရေးဝန်ဆောင်မှုများကို သတ်မှတ် အရည်အသွေး၊ သတ်မှတ်ဈေးနှုန်းအလိုက် ဝယ်ယူမှုလုပ်သည်။ ထို့အတူ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုများ အတွက်လည်း သီးခြားထောက်ပံ့ကူညီမှုများကို စီစဉ်ထားသည်။ အရေးပေါ်လူနာ လူနာလွှဲပြောင်းကုသမှုများ၊ ရွေ့လျားဆေးကုသမှုများ နှင့် အခြား ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုများ ပါဝင်သည်။ ထိုအရာများကို “မဟာဗျူဟာမြောက်ဝယ်ယူခြင်း” အစီအစဉ်၏ အပြင်ဖက်ရှိ အရေးပေါ် ကျန်းမာရေးအစီအစဉ်တစ်ရပ်အဖြစ် စီမံထားခြင်းဖြစ်သည်။ အရေးပေါ်ကျန်းမာရေးအစီအစဉ်မှ အကူအညီများမှာ လတ်တလောကျန်းမာရေးလိုအပ်ချက်များကို ခပ်မြန်မြန်ဖြည့်ဆည်း ရန်အတွက်ဆိုလျှင် ဝန်ဆောင်မှုဝယ်ယူခြင်းမှာ ဒေသန္တရကျန်းမာရေးစနစ် တည်ဆောက်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်။

“ဒီလိုဝယ်ယူမှုက ဒေသတွင်းမှာ ရှိနေပြီးသား ကျန်းမာရေးဝန်ဆောင်မှုပေးသူတွေကို ပိုမိုတည်ဆောက်ခွင့် ရစေမှာ ဖြစ်ပါတယ်။ ဝန်ဆောင်မှုအရည်အသွေးကိုလည်း ပိုမိုဂရုစိုက်မိစေမှာဖြစ်ပါတယ်။”

ဟု အညာလေ့လာရေးစင်တာမှ အကြီးတန်းအရာရှိတစ်ဦးကဆိုသည်။

“အစကတော့ မြို့နယ်မှာ ဆေးရုံရယ်လို့ မရှိဘူး။ လုပ်ဖို့ ခက်တယ်။ စင်တာက game-changer ပဲ။ ဆေးရုံတည်ဆောက်ဖို့ အင်အားတစ်ခုရလိုက်တယ်။ ဝန်ထမ်းတွေကိုလည်း လုပ်ငန်းခွင်သင်တန်း ပေးလို့ရသွားတယ်။ လိုအပ်တဲ့ ဆေးဝါးနဲ့ပစ္စည်းတွေလည်း ဝယ်လို့ရတယ်။ နောက်ပြီး မြို့နယ်အဆင့်လုပ်ငန်း ညှိနှိုင်းစည်းဝေးမှုတွေလည်း ပိုပြီးချောမွေ့လာတယ်။ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုလိုမျိုး ဝန်ဆောင်မှုတွေ ကို စင်တာက ဝယ်ပေးတော့ လူနာတွေအတွက်လည်း တော်တော်အကုန်အကျ သက်သာသွားတယ်”

လို့ မြို့နယ်ကျန်းမာရေးတာဝန်ခံတစ်ဦးက ဆိုသည်။ အခုတော့ မြို့နယ်အဆင့် ကျန်းမာရေးလုပ်ငန်းညှိနှိုင်းမှုများအပြင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့အုပ်ချုပ်ရေးယန္တရားအတွင်းမှ လူသားချင်းစာနာမှု၊ အမျိုးသမီးနှင့် လူငယ်၊ အုပ်ချုပ်ရေး၊ ပညာရေး စသည့်ကဏ္ဍများနှင့်လည်း ပုံမှန်တွေ့ဆုံညှိနှိုင်းမှုများ လုပ်ဆောင်နေပြီဖြစ်သည်။ အဆိုပါ တွေ့ဆုံမှုများ နှင့် ချိတ်ဆက်မှုများမှာ စစ်ပွဲကာလ ဒေသန္တရကျန်းမာရေးစနစ်တစ်ခု ဖြစ်ပေါ်လာဖို့၊ လည်ပတ်ဖို့ အရေးပါသည်။ ယင်းသို့မဟုတ်ပါကလည်း စီမံချက်ကို ကျားကန်ပြီးလုပ်ရသည့် ကျန်းမာရေးလုပ်ငန်းအတိုအထွာများမှာ ရေရှည်ရှင်သန်ဖို့ခက်သည်။ စနစ်ဘောင်ထဲ ဝင်ဖို့လည်း ခက်ပါသည်။ အညာလေ့လာရေးစင်တာ၏ ကျန်းမာရေးစီမံချက်မှ ကျန်ခဲ့သော တစ်နှစ်တာကာလအတွင်း ဆေးခန်းလူနာစုစုပေါင်း (၁၁၈၀၅) ဦး၊ မွေးလူနာ စုစုပေါင်း (၅၆၁) ဦး၊ ရွေ့လျားဆေးခန်းလူနာစုစုပေါင်း (၈၉၄၂) ဦး၊ အရေးပေါ်လွှဲပြောင်းမှု အထောက်အပံ့ပေးခဲ့သော လူနာစုစုပေါင်း (၂၆၅) ဦး၊ ကျောင်းကျန်းမာရေးဝန်ဆောင်မှုရရှိသူ (၁၁၂၃) ဦး နှင့် လူထုကျန်းမာရေး ဝန်ဆောင်မှုရရှိသူ (၈၆၃) ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်ခဲ့ပြီးဖြစ်သည်။

 

en_GBEnglish
Share via
Copy link