စစ်အာဏာသိမ်းထားမှုကို ဖယ်ရှား၊ မြန်မာစစ်တပ် နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန် အပါအဝင် အချက်ခြောက်ချက်ကို စစ်ကောင်စီ လက်ခံပါက ဆွေးနွေးမည်
ရင်းမြစ် – MPA
စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ် နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန် အပါအဝင် အချက်ခြောက်ချက်ကို စစ်ကောင်စီအနေနှင့် လက်ခံပါက အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များအပေါ် ဆွေးနွေးသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဒီဇင်ဘာ ၈ရက်နေ့ ထုတ်ပြန်သည့် NUG ၏ ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း(PressBriefing)အစီအစဉ်တွင် ပြောသည်။
(က) စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်။
(ခ) လက်နက်ကိုင်တပ်ဖွဲ့များ အားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်။
(ဂ) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှကို တိုက်ဖျက်ရန်။
(ဃ) သက်ဆိုင်သူအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဌာန်းရန်။
(င) ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်အား တည်ဆောက်ရန်။
(စ) ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူး ပြောင်းရေးကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ်ဖော်ဆောင်ရန် အစရှိတဲ့ အချက်တွေ ဖြစ်ပါတယ်။
NUG က စစ်ကောင်စီ၏ ရာဇဝတ်မှုများကို ICC တွင် တရားစွဲရန်ပြင်ဆင်
ရင်းမြစ် – BNI
ဇန်နဝါရီ ၃ ရက်နေ့က အွန်လိုင်းမှပြုလုပ်သည့် လူ့အခွင့်အရေးဆိုင်ရာသတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီက အာဏာသိမ်းပြီးချိန်မှ လက်ရှိအချိန်ထိကျူးလွန်နေသည့် ရာဇဝတ်မှုများကို ICC ကနေ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရေး တောင်းဆိုသွားမည်ဟု NUG က ဆိုသည်။
၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၄,၃၇၂ ခုရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ၇,၃၉၄ ခုအထိရှိရာ နှစ်ဆနီးပါး ချိုးဖောက်မှု ကျုးလွန်လာသည်ဟု NUG ၏ လူ့အခွင့်အရေးဝန်ကြီးဌာနက ပြောဆိုသည်။
ချင်းပြည်(Chinland)အစိုးရရဲ့ ဆေးရုံ၊ဆေးခန်းတွေမှာတာဝန်ထမ်းဆောင်ဖို့ NUG အစိုးရက ကျန်းမာရေးဝန်ထမ်းကဏ္ဍ ၁၆ နေရာအတွက် အလုပ်ခေါ်ယူ
ရင်းမြစ် – Chin World
Chinland Council ကဖွဲ့စည်းပေးထားတဲ့ချင်းပြည် (Chinland) အစိုးရ ၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်ဖို့အတွက် ကျန်းမာရေးဝန်ထမ်း ကဏ္ဏ ၁၆ နေရာအတွက် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက အလုပ်ခေါ်ယူမယ်လို့ ဇန်နဝါရီလ ၈ ရက်နေ့က စာထုတ်ပြန်ထားပါတယ်။
လျှောက်ထားတဲ့သူတွေအနေနဲ့ မြန်မာနိုင်ငံဖွားဖြစ်ပြီး ကျန်းမာရေးကောင်းမွန်သူဖြစ်ရမှာဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းဖြစ်ပါက CDM ဝန်ထမ်းဖြစ်ရမှာဖြစ်ပြီး စစ်ကောင်စီနဲ့ ပက်သက်မှုမရှိသူ ဖြစ်ရမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ နိုင်ငံဝန်ထမ်းမဟုတ်ပါက စစ်ကောင်စီနဲ့ ပက်သက်မှုမရှိသူ၊ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနနဲ့ ချင်းပြည်(Chinland) အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တာဝန်ချထားတဲ့ နေရာဒေသတွေမှာ သွားရောက် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။
မန္တလေးတိုင်း မြို့နယ် ၇ ခုမှာ အမျိုးသား ၄၀၀ ကျော် စစ်မှုထမ်းဖို့ဖမ်းဆီးခံထားရ
ရင်းမြစ် – မြေလတ်အသံ
မန္တလေးသပိတ်အင်အားစုက ကောက်ခံထားတဲ့စာရင်းအရ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာ အောင်မြေသာဇံမြို့နယ် ၆၄ ဦး၊ ချမ်းအေးသာဇံမြို့နယ် ၂၅ ဦး၊ မဟာအောင်မြေမြို့နယ် ၃၈ ဦး၊ ချမ်းမြသာစည်မြို့နယ် ၅၂ ဦး၊ ပြည်ကြီးတံခွန်မြို့နယ် ၈၂ ဦး၊ ပုသိမ်ကြီးမြို့နယ် ၇၇ ဦး၊ အမရပူရမြို့နယ် ၅၃ ဦး စုစုပေါင်း ၃၉၁ ဦးရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဇန်နဝါရီလပထမအပတ်အတွင်းမှာလည်း အောင်မြေသာဇံမြို့နယ်၊ မဟာအောင်မြေမြို့နယ်နဲ့ ပြည်ကြီးတံခွန်မြို့နယ်တွေက လူငယ် ၂၀ ကျော် ထပ်မံဖမ်းဆီးခံထားရပြီး စုစုပေါင်းဖမ်းဆီးခံရသူ ၄၀၀ ကျော်ရှိပြီလို့ မန္တလေးသပိတ်အင်အားစု တာဝန်ရှိသူကပြောပါတယ်။
စစ်မှုထမ်းဖို့ ဖမ်းဆီးခံထားရသူတွေထဲမှာ အသက် ၁၈ နှစ်အောက်လူငယ်တွေကနေ အသက် ၄၀ အရွယ် အမျိုးသားတွေအထိပါဝင်ပြီး ငွေနဲ့ပြန်ရွေးလို့ လွတ်မြောက်လာသူတွေကတော့မရှိသလောက် နည်းပါးတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံရသူအများစုဟာ ရေသန့်ပို့သူ၊ လုံခြုံရေးလုပ်သူ၊ စက်ရုံအလုပ်သမားတွေစတဲ့ အခြေခံလုပ်သားတွေဖြစ်တယ်လို့ သိရပါတယ်။
မင်းဘူးမြို့နယ်က ဒေသခံ နှစ်ထောင်ခန့် နေရပ်စွန့်ခွာထွက်ပြေးနေရ
ရင်းမြစ် – RFA
မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်၊ အိုးပြင်မဲရွာကို ဇန်နဝါရီလ ၁၁ ရက်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာကြောင့် ဒေသခံ နှစ်ထောင်ခန့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
အိုးပြင်မဲရွာဟာ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေ လွှမ်းမိုးထားတဲ့ ပုသိမ်-မုံရွာလမ်းပိုင်းနဲ့ အနီးဆုံးရွာဖြစ်တာကြောင့် စစ်ကောင်စီတပ်က ဒေသခံတွေကို အကြောက်တရားဖြစ်အောင် မီးလာရှို့တာဖြစ်နိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အိုးပြင်မဲရွာဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။