ချင်းအင်အားစုအားလုံး ပါသည့် ချင်းအမျိုးသားကောင်စီ ဖွဲ့စည်းမည်
မူရင်းသတင်း (Myanmar Now)
စစ်တပ် အာဏာသိမ်းပြီးနောက်ပေါ်ပေါက်လာသော ချင်းပြည်ကောင်စီနှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ (ICNCC) တို့ “ချင်းအမျိုးသားကောင်စီ” အဖြစ် ပူးပေါင်းရန် ဖေဖော်ဝါရီ ၂၆ တွင် သဘောတူလိုက်ကြသည်။
ဆက်ဆံရေး တင်းမာနေပြီး စင်ပြိုင်ဖြစ်နေသော ထိုအင်အားစု ၂ ခု ပေါင်းစည်းနိုင်ရေး အိန္ဒိယနိုင်ငံ၊ မီဇို ရမ်ပြည်နယ်ဝန်ကြီးချုပ်က ကြားဝင်ဆောင်ရွက်ပေးခဲ့မှုဖြင့် အဆိုပါရလဒ် ထွက်ပေါ်လာခြင်းဖြစ်သည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၂၆) က မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် သဘောတူညီချက် လက်မှတ်ရေးထိုး ခဲ့ကြပြီး မီဇိုရမ် ဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ခဲ့သည်။
ချင်းပြည်အတွင်း ကောင်စီ နှစ်ခုရှိနေခြင်းမဖြစ်သင့်ကြောင်း နှစ်ဘက်လုံး လက်ခံယုံကြည်သည့်အတွက် “ချင်းအမျိုးသားကောင်စီ”အမည်ဖြင့် ပေါင်းစည်းကြရန် သဘောတူခဲ့ကြောင်း အဆိုပါ နှစ်ဖွဲ့က ယမန်နေ့ ရက်စွဲဖြင့် ပူးတွဲထုတ်ပြန်ခဲ့သည်။
“ကောင်စီ နှစ်ဖွဲ့ကွဲပြားနေမှုကို မလိုလားလို့ ချင်းအမျိုးသား ကောင်စီတစ်ခုတည်းဖြစ်လာရေးအတွက် မူအားဖြင့် လက်ခံကြတာပဲ ရှိပါသေးတယ်။ ကျန်အသေးစိတ်ဖြစ်စဉ်တွေကို ဆွေးနွေးသဘောတူထားတာ မရှိ သေးပါဘူး”ဟု ကြားကာလချင်းအမျိုးသားကောင်စီ အတွင်းရေးမှူးအဖွဲ့ဝင် ဆလိုင်းဘွေအုပ်က ပြောသည်။
KNU နယ်မြေထဲ စစ်ကောင်စီ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ဖြစ်လာမယ့်အကျိုးဆက်တွေအပေါ် တာဝန်မယူနိုင်ဘူးလို့ စောတောနီး ပြော
မူရင်းသတင်း (Burma VJ)
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွေထဲမှာ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်လုပ်ဆောင်ပါက ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲအကျိုးဆက်တွေကို တာဝန်ယူမှာမဟုတ်ဘူးလို့ KNU ပြောရေးဆိုခွင့်ရှိသူ စောတောနီးက အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေးကော်မတီ (ASECC) သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
KNU ထိန်းချုပ်နယ်မြေအတွင်း KNU လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေနဲ့ နယ်မြေပိုင်ဆိုင်မှုတွေ ရှိထားသလို ပြည်သူလူထုတွေရဲ့ ထောက်ခံမှုကိုလည်း ရရှိထားကာ နယ်မြေအတွင်း အုပ်ချုပ်ရေးယန္တရား လုပ်ငန်းတွေကိုလည်း နှစ်ပေါင်းများစွာ အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
“စစ်ကောင်စီအနေနဲ့ မရမက တရားမဝင် အတုအယောင်ရွေးကောက်ပွဲ ကိုယ့်နယ်မြေထဲမှာလုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့က ဘာဖြစ်လဲမယ်ဆိုတာကို ကျွန်တော်တို့ အာမခံလို့မရသလို တကယ်လို့ဖြစ်သွားမယ်ဆိုရင်လည်း ဘယ်လိုမှ တာဝန်ယူလို့မရဘူး။ အဲဒါတော့ ပြောချင်တယ်” လို့ KNU ပြောရေးဆိုခွင့်ရှိသူ စောတောနီးကလည်း မီဒီယာတွေရဲ့ မေးမြန်းမှုကို ပြန်လည် ဖြေကြားရာမှာ ထည့်သွင်းပြောခဲ့တာလည်း ဖြစ်ပါတယ်။
မင်းတပ်မြို့နယ်ကအရပ်သားပြည်သူတွေအနေနဲ့ လက်နက်/ခဲယမ်းရှိပါက မတ်လ (၁၅) ရက်နေ့ နောက်ဆုံးထားအပ်နှံကြဖို့ CDF – Mindat အသိပေးထုတ်ပြန်
မူရင်းသတင်း (Chin World)
စစ်ကောင်စီကင်းစင်သွားပြီဖြစ်တဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း အရပ်သားပြည်သူတွေဆီမှာ လက်နက်/ခဲယမ်းရှိပါက နီးစပ်ရာတပ်ရင်းတပ်ဖွဲ့တွေထံ မတ်လ (၁၅) ရက်နေ့ နောက်ဆုံးထားအပ်နှံကြဖို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ် (CDF – Mindat) က ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ် (CDF – Mindat) ထိန်းချုပ်နယ်မြေအတွင်းနေထိုင်တဲ့ ကြတဲ့ အရပ်သားပြည်သူတွေအနေနဲ့ မင်းတပ်မြို့သိမ်းတိုက်ပွဲမှ ကစဉ့်ကလျားထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေထံကနေ ရရှိတဲ့လက်နက်ခဲယမ်းတွေဖြစ်စေ အခြားတစ်နည်းနည်းဖြင့် ရရှိတဲ့ လက်နက်ခဲယမ်းတွေဖြစ်စေ တိုက်ခိုက်ရေးမောင်းပြန် (Assault Rifly) နဲ့ အခြားလက်နက်ခဲယမ်းတွေကို နီးစပ်ရာ တပ်ရင်းတပ်ဖွဲ့တွေထံ လာမယ့် မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားအပ်နှံပြီး သတ်မှတ်ထားတဲ့ဆုကြေးနဲ့ တန်ဖိုး (ဝယ်ယူကြောင်းခိုင်လုံမှုရှိပါက) ထုတ်ယူနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အကယ်၍သတ်မှတ်ရက်ကျော်လွန်ပြီး လက်နက်ခဲယမ်းတွေကိုကိုင်ဆောင်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းတွေပြုလုပ်ပါက ပြင်းပြင်းထန်ထန် အရေးယူတာ ခံရမယ်လို့လည်း CDF – Mindat ကထုတ်ပြန်ထားပါတယ်။
စားဖိုနေရာမှာ တာဝန်ယူတဲ့ အသက် ၄၀ ဝန်းကျင် ဦးလေးတွေ သေဆုံးတာများတယ်
မူရင်းသတင်း (Myanmar Now)
ဖေဖော်ဝါရီ ၂၅ရက်၊ နံနက်ပိုင်းက မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် ပြုလုပ်သည့် တော်လှန် ရေးတပ်ဖွဲ့ဝင်တစ်ဦး၏ မင်္ဂလာဧည့်ခံပွဲကို စစ်လေယာဉ်ရောက်လာပြီး တိုက်ခိုက်ရာ ၁၁ ဦး ထက်မနည်း သေဆုံးခဲ့ပြီး၊ ၂၀ ခန့် ဒဏ်ရာ ရခဲ့သည်။
လေယာဉ်က ဧည့်ခံပွဲပြုလုပ်ရာ ဆုံကုန်းရွာဘုန်းကြီးကျောင်းကို နံနက် ၉း၄၀ ဝန်းကျင်တွင် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး နံနက် ၁၀ နာရီခန့်တွင် ရေနံမှော်ဝန်းကျင်ကို ပစ်ခတ်ခဲ့သည်။
သေဆုံးသူ အများစုမှာ မင်္ဂလာဆောင် ဗုံးကြဲခံရမှုတွင် ရပ်ရွာဓလေ့အရ စားဖိုဆောင်တွင် ချက်ပြုတ်ရေး တာဝန်ယူထားကြသည့် အသက် ၄၀ ဝန်းကျင်အမျိုးသားများ ဖြစ်သည်ဟု မျက်မြင်ကြုံတွေ့ခဲ့သူက ပြောသည်။
ရွှေဘိုမှ အိမ် ၁၀၀ ကျော် မီးရှို့သူတို့က ၉၀ အရွယ် အဘွားကို သတ်ဖြတ်
မူရင်းသတင်း (Myanmar Now)
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ယမန်နေ့ (ဖေဖော်ဝါရီ ၂၇) က စစ်တပ်နှင့် ပြည်သူ့စစ်များ စစ်ကြောင်း ထိုးစဉ် သက်ကြီးပိုင်း ၂ ဦးကို သတ်ဖြတ်ပြီး နေအိမ် ၁၀၀ ကျော်ကို မီးရှို့သွားသည်ဟု တော်လှန် ရေးအင်အားစုများနှင့် ဒေသခံများက ပြောသည်။
မြို့နှင့် ၁၀ မိုင်ခန့်အကွာ ဇီးဖြူကုန်းရွာမှ အင်အား ၆၀ ခန့်ပါ စစ်ကြောင်းသည် ထိုရွာမြောက်ဘက် ကပ်လျက်ရှိ နှမစားရစ်ရွာကို နံနက် ၆ နာရီ ဝန်းကျင်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်စီးနင်းခဲ့ကြသည်။
“စစ်ကြောင်းကလည်း မနက်မိုးလင်းစ ဗြုန်းစားကြီးဝင်လာတာဆိုတော့ သူတို့အိမ်ကလူတွေကလည်း ဗြုန်းစားပြေးရတာဆိုတော့ အဘွားလည်း မီးရှို့မယ်လို့ မထင်လောက်ဘူးနေမှာပေါ့။ အဘွားလည်း ဒီအတိုင်းပဲ ထားခဲ့ရတာ။ လေဖြတ်လူနာဆိုတော့ ရှိလည်း သူ့ ဘာမှမလုပ်လောက်ဘူးထင်ပြီး ထားခဲ့လိုက်တာနေမှာပေါ့”ဟု ၎င်းက ပြောသည်။
Share via: