Centre for Ah Nyar Studies
Edit Content
Home
Our Work
Publication
Our Impact
Blog
Advocacy
Join Us
About Us
Contact us.
centreforahnyarstudies@proton.me
Facebook
Linkedin
ဒီစစ်ပွဲကြီး ပြီးသွားတဲ့အခါ ...
ဗညားတိုး
———
ဒီစစ်ပွဲကြီး ပြီးသွားတဲ့အခါ …
ပျောက်ဆုံးနေတဲ့ သားငယ်ကို (ငါတို့) ရှာဖွေမယ်၊
အိမ်ကြိုအိမ်ကြား … ပေတူလှိမ့်တမ်းကစားနေတာ ဖြစ်ပါစေ၊
တောကြိုခြုံကြား … မှိုရှာသွားနေတာ ဖြစ်ပါစေ။
ဒီစစ်ပွဲကြီးပြီးသွားတဲ့အခါ …
အညာက ထန်းတောတွေမှာ
ထန်းတက်သမားတွေ ရှိပါ့အုံးမလား။
အညာက စာသင်ကျောင်းကလေး၊
ကုက္ကိုလ်တွေစို၊
စိန်ပန်းတွေပွင့်၊
ခေါင်းလောင်းသံလွင့်နိုင်ပါအုံးမလား …
ဒီစစ်ပွဲကြီး ပြီးသွားတဲ့အခါ။
အညာ …
အညာ …
အညာက ရွာတွေမှာ အုတ်ဂူအနီလေးတွေနဲ့၊
ငါတို့သူရဲကောင်းတွေရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့။
ငါတို့ သွေးချင်းတို့ရေ …
ဒီမိုကရေစီဆိုလို့ …
ရွာထဲကို ထော်လာဂျီဝင်လာတုန်းကလို
ပြေးကြည့်ခဲ့ရဖူးသေးတယ်၊
ဟင် … ဒီမိုကရေစီကလည်း အသံပဲဆူပြီး ရုပ်ထွက်လည်းမလှပါ့လား။
လူ့အခွင့်အရေးဆိုလို့ …
တယ်လီဖုန်းဆင်းကဒ်တွေ မဲဖောက်ရောင်းတုန်းကလို
အလုအယက် ပြေးတိုးခဲ့ရသေးတယ်၊
ဟာဗျာ … လူ့အခွင့်အရေးကလည်း ဈေးကြီးလိုက်တာ။
ငါတို့ရွာ
ငါတို့နွား
ငါတို့စပါး
ငါတို့ဆန်
ကိုယ်လုပ်မှ ကိုယ်စားခဲ့ရတဲ့ အညာသားတွေရယ်ပါ၊
ငါတို့ကို ဘယ်အစိုးကမှ ထူးခြားပြီး ချစ်တာ မခံခဲ့ရပါဘူး၊
ငါတို့က ဘယ်သူ့ဆန်စားပြီးမှ မရဲခဲ့ရပါဘူး။
အခုမြန်မာ့နွေဦး
တောင်လေတွေတဖြူးဖြူးတိုက်တဲ့ ရာသီမှာ
ငါတို့အိမ်တွေ ပြာကျ၊
ငါတို့ဘဝတွေ ကြေမွခဲ့ရပေါ့။
အညာနွေက ပူပါတယ်၊
ထနောင်း … တမာရိပ်တွေကို ငါတို့ခို
ကမ္ဘာမကြေသီချင်းကို ဆိုလို့၊
ဒီစစ်ပွဲကြီး ပြီးသွားတဲ့အခါ …
ပျောက်ဆုံးနေတဲ့ သားငယ်ကို (ငါတို့) ရှာဖွေမယ်။
ဒီစစ်ပွဲကြီးပြီးသွားတဲ့အခါ …
ပုဂံ-ညောင်ဦး၊ ပုပ္ပါး
အဲဒီကနေမှ မန်းလေး၊ ရန်ဂုံ၊ ကျိုက်ထို
မြန်မာပြည်ကို အလျားလိုက်သွား၊ ဒေါင်လိုက်ပတ်
ဘုရားဖူးတွေ ထွက်ပစ်မယ်
တိုက်ပွဲထဲမှာ ကျဆုံးသွားတဲ့ ငါတို့သား၊
ပြန်မလာနိုင်တော့တဲ့ ငါတို့သမီး
ရောက်လေရာဘုရားမှာ ပန်းရေချမ်းကပ်ပြီး အမျှဝေမယ်။
Share via:
Facebook
LinkedIn
Copy Link
X (Twitter)
More
English
Myanmar
English
Facebook
LinkedIn
Copy Link
X (Twitter)
More Networks
Share via
Facebook
X (Twitter)
LinkedIn
Mix
Email
Print
Copy Link
Copy link
Copy
Copied