အကြမ်းဖက်စစ်ကောင်စီအား စစ်မှုထမ်းအရေအတွက်တိုးခေါ်ဖို့ တောင်းဆိုရာမှာ နိုင်ငံရေးပါတီတွေနဲ့ အတူ ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်လည်း ပါဝင်နေ
ရင်းမြစ် – Narinjara
အကြမ်းဖက် စစ်ကောင်စီကို စစ်မှုထမ်းအရေအတွက်တိုးခေါ်ဖို့ နိုင်ငံရေးပါတီကိုယ်စားလှယ်များက တောင်းဆိုရာမှာ ရခိုင်ဦးဆောင်ပါတီ(AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်လည်း ပါဝင်နေတယ်လို့ ဇန်နဝါရီ ၂၅ ရက်ထုတ် စစ်ကောင်စီသတင်းစာတွေမှာ ဖော်ပြထားချက်အရ သိရပါတယ်။ နှစ်ရက်ကြာကျင်းပတဲ့ အဲဒီဆွေးနွေးပွဲရဲ့ ဒုတိယနေ့မှာ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေက အချက်(၆)ချက်ကို တင်ပြဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီပိုင်သတင်းစာတွေက ဆိုပါတယ်။
အဲဒီအချက်တွေကတော့ (၁) ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲကိစ္စ (၂) နိုင်ငံတော်တည်ငြိမ် အေးချမ်းသာယာမှုရရှိရန် လုပ်ဆောင်သင့်သော အစီအမံများကိစ္စ (၃) ပြည်သူများ၏ လိုအပ်ချက်များကို ဥပဒေကြောင်း အရ ဖြည့်ဆည်းပေးနိုင်ရေးကိစ္စရပ်များ၊ (၄) လက်ရှိ နိုင်ငံရေးအခင်းအကျင်းနှင့် အစိုးရနှင့်ပြည်သူ လက်တွဲ၍ ကျော်လွှားနိုင်ရေးကိစ္စရပ်များ၊ (၅) PDF များကို နိုင်ငံတော်ရင်ခွင်သို့ ပြန်လည်ဝင်ရောက်မှု များပြားလာစေရေးကိစ္စရပ်များနဲ့ (၆) ပြည်သူ့စစ်မှုထမ်းဥပဒေအရ အရေအတွက် တိုးမြှင့်ခေါ်ယူရေး ကိစ္စတွေဖြစ်တယ်လို့ ဖော်ပြပါတယ်။
စစ်မှုထမ်း အမိန့်စာရသူများ ပြည်ပထွက်ခွင့် ပိတ်၊ စစ်မှုထမ်းဥပဒေကို ကျောင်းများတွင် ဘာသာရပ်တခုအနေဖြင့် သင်ကြားရန် နည်းဥပဒေပြဌာန်း
ရင်းမြစ် – Mizzima
စစ်မှုထမ်းဆင့်ခေါ်သည့် အမိန့်စာရရှိသူများအား စစ်မှုထမ်းဗဟိုအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ပြည်ပထွက်ခွင့် မပြုရန် ဇန်နဝါရီလ ၂၃ ရက်တွင် ထွက်ရှိသည့် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေတွင် ပြဌာန်းထားသည်။
စစ်မှုထမ်းအတွက် ဆေးစစ်အောင်မြင်ပြီးသူများ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုရန်ဖြစ်စေ၊ စစ်မှုထမ်းကာလအပိုင်းအခြားကို လျှော့ပေါ့ပေးရန်ဖြစ်စေ၊ သီးခြားဖော်ပြထားသည့် ကာလအပိုင်းအခြားတခုအထိ ရွှေ့ဆိုင်းရန်ဖြစ်စေ လျှောက်ထားခဲ့ပါက ယင်းလျှောက်ထားမှုအပေါ် ဗဟိုအဖွဲ့ထံမှ ခွင့်ပြုမိန့်မရမီ ပြည်ပနိုင်ငံများသို့ ထွက်ခွာခွင့် မရှိစေရဟုလည်း ပါရှိသည်။
ထို့ပြင် နိုင်ငံတကာ စစ်မှုထမ်းဥပဒေနှင့် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်ပြီး ပြည်သူလူထုထံ ကျယ်ကျယ်ပြန့်ပြန့် သိရှိရန်ဟုဆိုကာ အခြေခံပညာကျောင်းများက အစပြုပြီး သင်ရိုးညွှန်းတမ်းများတွင် ဘာသာရပ်တခုအနေဖြင့် ထည့်သွင်းပို့ချနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည်ဟုလည်း ပြဌာန်းထားသည်။
စစ်ရေးအရှိန်မြှင့်မှာကြောင့် ပြည်သူတွေ စစ်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ဖို့ YDF သတိပေး
ရင်းမြစ် – RFA
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း ယောဒေသမှာ စစ်ရေးအရှိန်မြှင့်ပြီး မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်မှာဖြစ်တာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စစ်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ထားဖို့ ယောကာကွယ်ရေးတပ် (YDF) က သတိပေးထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ထိန်းချုပ်နယ်မြေတွေမှာ မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်မှာဖြစ်တာကြောင့် စစ်ဆင်ရေးကာလအတွင်း အခက်အခဲမကြုံရအောင် ရိက္ခာနဲ့ ဆေးဝါးတွေ ကြိုတင်ပြင်ဆင်ထားဖို့ ဇန်နဝါရီလ ၂၉ ရက်နေ့က ထုတ်ပြန်ထားတာပါ။
ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ စစ်ရေးအတွေ့အကြုံတွေအရ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း ယောဒေမှာ စစ်ရေးအရှိန်မြှင့်သွားမှာ ဖြစ်ကြောင်း ယောကာကွယ်ရေးတပ် (YDF) တပ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ချင်းညီနောင်အဖွဲ့နဲ့ BPLAအကြား နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းလုပ်ဆောင်မှုပိုင်းအတွက် ဆွေးနွေးနေတဲ့ကာလဖြစ်တယ်လို့ ချင်းညီနောင်ကပြော
ရင်းမြစ် – Chin World
ချင်းလက်နက်ကိုင် ၆ ဖွဲ့ စုစည်းထားတဲ့ချင်းညီနောင်အဖွဲ့နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA) အကြား နိုင်ငံရေးအရရော၊ စစ်ရေးအရရော ဘယ်လိုပူးပေါင်းလုပ်ဆောင်ကြမလဲဆိုတာ ဆွေးနွေးနေတဲ့ အချိန်ကာလဖြစ်တယ််လို့ ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက Chin World မီဒီယာကိုပြောပါတယ်။
ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက “BPLA နဲ့ ချင်းညီနောင်အကြား ကောင်းမွန်တဲ့ မဟာမိတ်ဆက်ဆံရေးရှိပါတယ် အခုချိန်မှာတော့ အပြန်အလှန် မဟာမိတ်တည်ဆောက်နေတဲ့ ချိန်ကာလပေါ့လေ နောက်ပြီးတော့ ပြင်ဆင်နေတဲ့ အချိန်ကာလလို့လည်းပြောလို့ရပါတယ် နောက်ပိုင်းကျလို့ရှိရင် ကျနော်တို့ စကစ ကင်းစင်ဖို့ရန်အတွက် BPLA နဲ့ သော်လည်းကောင်း တခြားမဟာမိတ်အဖွဲ့တွေနဲ့သော်လည်းကောင်း ကျနော်တို့ ပူးပေါင်းစစ်ဆင်ရေးတွေ နိုင်ငံရေးအရ မဟာမိတ်ဖွဲ့မှုတွေ ကျနော်တို့ လုပ်ဆောင်သွားဖို့ရှိပါတယ်” လို့ပြောပါတယ်။
ဆိပ်ဖြူမြို့ ကင်မွန်းတောင့်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့်ပစ်၊ ကလေးများအပါအဝင် မိသားစုဝင် ၅ ဦး သေဆုံး
ရင်းမြစ် – Myanmar Now
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် ဇန်နဝါရီ ၂၆ ရက်က စစ်တပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အသက် ၅ နှစ်အရွယ် အမွှာကလေးငယ်များအပါအဝင် မိသားစုဝင် ၅ ဦး သေဆုံးခဲ့ကြောင်း တော်လှန် ရေးအင်အားစုများထံက သိရသည်။
ဇန်နဝါရီ ၂၆ ရက်နေ့ ညနေက အမှတ် (၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၂) မှ ပစ်ခတ်သည့် ကင်မွန်းတောင့်ရွာရှိ နေအိမ် တစ်ခုအနီး ကျရောက် ပေါက်ကွဲပြီး အသက် ၅ နှစ်အရွယ် အမွှာယောကျာ်း လေး ၂ ဦး၊ အသက် ၄၀ ဝန်းကျင်အရွယ် ဦးလေးဖြစ်သူ၊ အသက် ၇၀ ကျော် အရွယ်အဘွားတို့မှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက် ၄၀ ကျော်အရွယ် အဒေါ်ဖြစ်သူ မှာ ဆေးရုံသို့ ပို့ဆောင်စဉ်လမ်းတွင် သေဆုံးခဲ့သည် ဟု ဆိပ်ဖြူမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရသည်။
ကပစ -၂၂ နှင့် ကင်မွန်းတော်ရွာမှာ ၇ မိုင် ဝန်းကျင်ခန့်ကွာဝေးပြီး လက်နက်ကြီးနှင့်ပစ်ခတ်မှုမှာ ပထမဆုံး အကြိမ် ဖြစ်သည်ဟု ကိုဒေးဗစ်က ပြောသည်။
Share via: