အညာလေ့လာရေးစင်တာ

အညာသတင်းထုတ်နှုတ်ချက် (15-21 February 2025)

နိုင်ငံခြားသားများကိုလုံခြုံရေးလုပ်ငန်းလုပ်ကိုင်ခွင့်ပြုပြီး၊ လက်နက်ပါကိုင်ဆောင်ခွင့် ပေးထားသည့် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေ စစ်ကောင်စီကထုတ်ပြန်

မူရင်းသတင်း (Narinjara)

ရင်းမြစ်

နိုင်ငံခြားသားများကို ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ခွင့်ပြုပြီး၊ လက်နက်ပါ ကိုင်ဆောင်ခွင့် ပေးထားသည့် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင် ရာဥပဒေကို စစ်ကောင်စီက ဖေဖော်ဝါရီ (၁၈ )ရက်က ထုတ်ပြန်ကြေညာ ခဲ့သည်။

အဆိုပါဥပဒေပြဌာန်းရခြင်းသည်နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အများပြည်သူ အေးချမ်းသာယာရေးတို့ကို အထောက်အကူပြုစေရန်၊ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု အားနိုင်ငံတော်၏လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် စနစ်တကျ ပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်သည်ဟု စစ်ကောင်စီက ဆိုထားသော်လည်း လက်တွေ့တွင်မူ မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံ၏ အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် တရုတ်လက်နက်ကိုင် လုံခြုံရေး ကုမ္ပဏီများဝင်ရောက်လာဖို့အတွက်လမ်းခင်းပေးလိုက်ခြင်းသာဖြစ်ကြောင်း အမည်မဖော် လိုသူ နိုင်ငံရေးသုံးသပ်သူတစ်ဦးကထောက်ပြဝေဖန်သည်။

PDF ဂန့်ဂေါခရိုင်တပ်ရင်းတစ်ခုလုံးနီးပါး နုတ်ထွက်၊ ယောတပ်တော်နှင့် ပူးပေါင်းမည်ဟုဆို

မူရင်းသတင်း (Myanmar Now)

ရင်းမြစ်

မကွေးတိုင်းမြောက်ပိုင်း၊ ယောဒေသ၊ ဂန့်ဂေါခရိုင်ရှိ  ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ခရိုင်တပ်ရင်းတစ်ခုက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်မှ ယမန်နေ့ (ဖေဖော်ဝါရီ ၁၉) တွင် နုတ်ထွက်ခဲ့ကြောင်း သိရသည်။

NUG လက်အောက်တွင် ၂ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သော ဂန့်ဂေါခရိုင် အမှတ် (၁၂) PDF တပ်ရင်းမှ တပ်ရင်းမှူးအပါအဝင် ရဲဘော်အဆင့်အထိ လူ ၉၀ ရာခိုင်နှုန်းက နုတ်ထွက်ခဲ့ကြခြင်း ဖြစ်သည်။

၎င်းတို့အနေဖြင့် ယောဒေသအကျိုး ပိုမိုအားစိုက်လုပ်လိုသောကြောင့် ဒေသခံတော်လှန်ရေးအင်အားစု တစ်ခု ဖြစ်ပြီး အာရက္ခတပ်တော် (AA) တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်နေသော ယောတပ်တော် (Yaw Army) တွင်  ပြောင်းလဲတာဝန်ထမ်းဆောင်မည်ဟု ကိုအသေးလေးက ဆိုသည်။ 

“ စည်လုံးညီညွတ်ပြီး တပ်ပုံပိုကျတဲ့ တပ်ဖြစ်လိုတာရယ်၊ ဖျောက်ဖျက်ခံထားရတဲ့ ကျွန်တော်တို့ ယော ဒေသရဲ့သမိုင်းကို ထုတ်ဖော်ပြနိုင်ဖို့နဲ့ ယောဒေသကို ကိုယ်စားပြုတဲ့တပ်အနေနဲ့ တည်ရှိပြီး တိုက်ပွဲ ဝင်လိုတာရယ် ယောဒေသအမြန်ဆုံးလွတ်မြောက်ရေး၊ ယောဒေသနှင့် ယောပြည်သူလူထုတို့ရဲ့ ကိုယ့် ကံကြမ္မာကိုယ်ဖန်တီးခွင့် ရရှိရေးအတွက် ပိုမိုအားစိုက်ပြီး လုပ်ဆောင်လိုတာရယ် စတာတွေကြောင့် ယောတပ်တော်(YA) မှာ ပြောင်းလဲတာဝန်ထမ်းဆောင်ကြဖို့ ရွေးချယ်ပြီး MOD ကို နုတ်ထွက်စာ တင်ခဲ့ကြတာ ဖြစ်ပါတယ်” 

ယောဒေသသည် အမဲလိုက်တူမီးဖြင့် တော်လှန်ရေး အစပြုချိန်ကတည်းက လက်နက်ကိုင် လှုပ်ရှားမှုအားကောင်းခဲ့ပြီး ကျေးလက်ဒေသ အများစုကို နယ်မြေစိုးမိုးထားသည်။ ယောဒေသတွင် NUG အစိုးရ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ YPDF, ချင်းအမျိုးသားတပ်မတော် CNA, ချင်းဒေသကာကွယ်ရေးအဖွဲ့ (ကလေး၊ ကဘော်ဒေသ) CDF KKG,   ယောကာကွယ် ရေးတပ် (YDF) နှင့် ယောတပ်တော် တို့လည်း လှုပ်ရှားသည်။ 

လူမျိုးစွဲ၊ဒေသစွဲ၊အစုအဖွဲ့စွဲ၊ပါတီစွဲ ကင်းကင်းနဲ့ တော်လှန်ရေးအင်အားစုတွေကြား ယုံကြည်မှုတည်ဆောက်ကာ အတူတကွ တိုက်ပွဲဝင်ကြဖို့ CNF ထုတ်ပြန်

မူရင်းသတင်း (Chin World)

ရင်းမြစ်

လက်ရှိချင်းပြည်(Chinland)၏ စစ်ရေး၊ နိုင်ငံရေး ပကတိအနေအထားကို အလေးဂရုပြုပြီး လူမျိုးစွဲ၊ ဒေသစွဲ၊ အစုအဖွဲ့စွဲ၊ ပါတီစွဲ ကင်းကင်းဖြင့် အဓိကနဲ့ သာမည ခွဲခြမ်းစိတ်ဖြာပြီး တော်လှန်ရေးအင်အားစုတွေကြား ခိုင်မာတဲ့ ယုံကြည်မှုတည်ဆောက်ကာ အတူတကွ တိုက်ပွဲဝင်သွားကြရန် ဒီကနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့မှာ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ကတိုက်တွန်းနှိုးဆော်ထားပါတယ်။

ပြည်သူ့တော်လှန်ရေး (၄) နှစ်အတွင်း စစ်ရေး၊ နိုင်ငံရေး အထွေထွေအကြပ်အတည်း တွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက မသမာတဲ့ နိုင်ငံရေးလှည့်ကွက်၊ စစ်ရေးအကြမ်းဖက်တွေအပေါ် မိမိတို့အနေနဲ့ စစ်ရေး၊ နိုင်ငံရေးသတိ ရှင်ရှင်ထားပြီး ချင်းပြည် (Chinland) အတွင်း စစ်ကောင်စီကင်းစင်ရေးမှသည် ပြည်ထောင်စုတစ်ဝှမ်းလုံး စစ်ကောင်စီအမြစ်ပြတ်ချေမှုန်းရေးအတွက် ဘဝတူမိတ်ဖက်တော်လှန်ရေး အင်အားစုတွေနဲ့ ဆက်လက်ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့လည်း ချင်းအမျိုးသားတပ်ဦး (CNF/CNA) က ထုတ်ပြန်ထားပါတယ်။

ဂန့်ဂေါ – ကလေးလမ်းပိုင်း၌ စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေ

မူရင်းသတင်း (People’s Spring)

ရင်းမြစ်

ဂန့်ဂေါ – ကလေးလမ်းပိုင်း၌ စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်ခံရပြီးနောက် ဂန့်ဂေါမြို့နယ် ​မြောက်ပိုင်းကို စစ်ကောင်စီက အင်အားနှင့် ခဲယမ်းရိက္ခာများဖြည့်တင်းနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်အချို့က ပြောသည်။ ဂန့်ဂေါမြို့နယ်ရှိ ပျူစောထီးအားကောင်းရာ မြောက်ခင်ရန်းကျေးရွာအား ဖေဖော်ဝါရီ ၁၉ရက် ညပိုင်းမှ ယနေ့(ဖေဖော်ဝါရီ ၂၀ရက်) နံနက် ၁ နာရီခွဲခန့်အထိ Y-12 လေယာဥ်မှ လေထီးဖြင့် ရိက္ခာနှင့် လက်နက်ခဲယမ်းများချပေးခဲ့သည်ဟု ဆိုသည်။

“Y-12 လေယာဥ်ပေါ်က လေထီးနဲ့ချပေးတဲ့ အထုပ်များကို မြောက်ခင်ရန်းကျေးရွာက ပျူစောထီး အင်အား ၂၀၀ခန့်က ကြိုတင်စောင့်ဆိုင်းကာ ထွက်ယူဆောင်ခဲ့ကြတယ်လို့လည်းသိရတယ်။အထုပ်ရေ အရေအတွက်ကို အတည်ပြုဆဲပဲ”ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ် ယောအလင်းတန်းတာဝန်ရှိသူက ပြောသည်။

ဖေဖော်ဝါရီ ၁၈ရက်ကလည်း မုံရွာမြို့အခြေစိုက် အနောက်မြောက်ပိုင်းစစ်ဌာနချုပ်(နမခ)မှ Mi 17 ဖြင့် စစ်မှုထမ်းထမ်းတပ်သားသစ် အင်အား ၅၀ ခန့်ကို မြောက်ခင်ရန်းကျေးရွာသို့ ပေးပို့ခဲ့ကြောင်းအသိပေးသည်။ ဂန့်ဂေါ – ကလေး ကားလမ်းပိုင်းရှိ အိမ်ခြေ ၁,၅၀၀ခန့်ရှိသော မြောက်ခင်ရန်းကျေးရွာအား စက်တပ်လေထီး (Promotor)နှစ်ခုကိုပါ စစ်ကောင်စီက အားဖြည့်ထား ကြောင်းလည်း သိရသည်။

တရုတ်ကြေးနီကုမ္ပဏီ လုံခြုံရေးဂိတ်က ပစ်တဲ့ လက်နက်ကြီး ဗုံးသီးထိမှန်လို့ အမျိုးသမီးတဦး သေဆုံး

မူရင်းသတင်း (မြေလတ်အသံ)

ရင်းမြစ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာမှာ ဖေဖော်ဝါရီ ၁၉ မနေ့ ညနေ ၆ နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပစ်တဲ့ လက်နက်ကြီး ဗုံးသီးထိမှန်ပြီး အမျိုးသမီး ၁ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဒုန်းတောရွာ အနောက်ဘက်မှာရှိတဲ့ မြန်မာ-ယန်စီကုမ္ပဏီရဲ့ လုံခြုံရေးဂိတ်ကနေ ပစ်ခတ်ခဲ့ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အက်ဆစ်သယ်ကားတွေ၊ ကြေးနီသယ်ကားတွေ သွားလာတဲ့ လမ်းကြောင်းရှိရင် အခုလို ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေကျဖြစ်တယ်လို့ ဆိုပါတယ်။

“သေဆုံးသူက တင်ပါးကို လက်နက်ကြီးစ ထိမှန်တာ၊ အချိန်မှီ ဆေးကုသခံ ယူခွင့်မရှိလို့ သွေးလွန်ပြီးသေတာပေါ့။ မနေ့က ညနေပိုင်းမှာ လက်နက်ငယ် လက်နက်ကြီးတွေ တောက်လျှောက်ပစ်နေတယ်။”လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

my_MMMyanmar
Share via
Copy link