ဗညားတိုး
ပညာရေးဆိုသည်မှာ အနာဂတ်အတွက်အရေးကြီးကြောင်း နှင့် မိမိတို့ သားစဥ်မြေးဆက်အတွက် လူမွှေးလူရောင်ပြောင်ဖို့ လမ်းကြောင်းတခုဖြစ်ကြောင်း မြန်မာ့ကျေးလက်နေလူထုက နားလည်ခဲ့သည်မှာ သိပ်မကြာသေးလှပါ။ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကာလဟု အများရှုမြင်ခဲ့ကြသည့် ၂၀၁၀ ကာလများ နောက်ပိုင်းဟု ပြောလျှင် လက်ခံနိုင်လောက်ပါသည်။ တကယ်တော့ မြန်မာလူထုက ကံဆိုးလှပါသည်။ ရှေးဘုရင်များ လက်ထက်ကတည်းက ပညာရေးဆိုသည်ကို ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း၊ တနည်း အစိုးရက ပြည်သူကို လုပ်ပေးရမည့် တာဝန်တရပ်ဟု မယူဆခဲ့ကြ။ ပထမအင်္ဂလိပ်-ဗမာစစ် (၁၈၂၄-၁၈၂၆) မတိုင်မှီကာလ တနည်းအားဖြင့်ဆိုသော် မြန်မာဘုရင်များတင်းပြည့်ကျပ်ပြည့် အုပ်ချုပ်နေသည့်ခေတ်တွင် အများပြည်သူအတွက် ကျောင်းသင်ပညာရေး (Formal Education) ကို အဓိကကျားကန်ပေးထားသည့် ပညာရေးအင်စတီးကျူးရှင်းမှာ ဗုဒ္ဓဘာသာသံဃ အဖွဲ့အစည်းဖြစ်သည်။ ထိုပညာရေး၏ အနှစ်သာရမှာလည်း ဘာသာရေးရည်ရွယ်ချက်ကဲသည်။ ပညာရေး ဝန်ဆောင်မှုကို ဗမာတို့ရဲ့ ရေမြေ့သနင်းပြည့်ရှင်မင်းတို့က ဟုတ်တိပတ်တိ မပေးခဲ့၊ မလုပ်ခဲ့သည်မှာတော့ သေချာသည်။ ၁၉၆၂ အာဏာသိမ်းမှုမှစ၍ အာဏာရှင်အဆက်ဆက်ကလည်း ပညာရေးကို တောထဲထုတ်ခဲ့ သည်မှာ အားလုံးအသိပင်။
ပညာသင်ကြားခွင့်သည် အခွင့်အရေးတရပ်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် ဖြည့်ဆည်းပေးရမည့် လူထု အခွင့်အရေးတစ်ရပ်ဖြစ်သည်။ အဆိုပါအချက်ကို နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေကလည်း တိတိပပ ပြဌာန်းထားသလို မြန်မာအစိုးရကလည်း မူအားဖြင့်ရော၊ လက်တွေ့အားဖြင့်ပါ လက်ခံထားသောအချက်ဖြစ်သည်။ လူ့အခွင့်အရေးကြေငြာစာတမ်း၊ အပိုင် (၂၆) (၁) တွင် ‘လူတိုင်း ပညာသင်ကြားခွင့်ရှိရမည်’ ဆိုသည့်အချက်ကို ရေးသားထားသည်။ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတွင် လူ့အခွင့်အရေးကြေငြာစာတမ်းကို soft law ဟု ရည်ညွှန်းသည်။ သူ့မှာ ဥပဒေအရစည်းနှောင်မှု တစုံတရာရှိသည်ဟု နားလည်နိုင်သည်။ နောက်တချက်က International Covenant on Economic, Social and Cultural Rights (ICESCR) ဖြစ်သည်။ သူက ဥပဒေအရစည်းနှောင်မှု ပိုရှိသော လူ့အခွင့်အရေး စာချူပ်ဖြစ်သည်။ ICESCR စာချုပ်က ပညာသင်ကြားခွင့် နှင့် ပညာရေးအခွင့်အရေးကို အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေငြာစာတမ်းနှင့်ယှဥ်လျှင် ပိုမိုတိကျ၍ အသေးစိတ်သော ပြဌာန်းချက်များဖြင့် ကာကွယ်ပေးထားပါသည်။ လူတိုင်းသည် ပညာသင်ကြားခွင့်ကို အဆင့်တိုင်းမှာ (မူလတန်း၊ အလယ်တန်း၊ အထက်တန်း စသည်ဖြင့်) ရရှိရမည်ဆိုသည် နှင့် နိုင်ငံတော်အနေနဲ့ ယင်းသို့ရရှိအောင် လုပ်ဆောင်ပေးရမည်ဟု ဆိုသည်။ မြန်မာနိုင်ငံကလည်း အဆိုပါ လူ့အခွင့်အရေးစာချူပ် နှစ်ခုစလုံးကို လက်မှတ် ထိုးထားသည်။ ပိုမိုအသေးစိတ်ပြီး ဥပဒေအရ စည်းနှောင်မှုအားကောင်းတဲ့ ICESCR စာချုပ်ကို ၂၀၁၇ ခုနှစ်ကမှ လွှတ်တော်မှာ ဆွေးနွေးပြီး လက်မှတ်ထိုးထားခြင်းဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားသော ကလေးသူငယ်အခွင့်အရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် (UNCRC) ၏ အပိုဒ် ၂၈ တွင်လည်း ကလေးငယ်များ၏ ပညာရေးအခွင့်အရေး၊ ယင်းအခွင့်အရေးကို တန်းတူရပိုင်ခွင့် နှင့် နိုင်ငံတော်အနေနဲ့ ယင်းအခွင့်အရေးကို အဆင့်ဆင့်တိုးမြှင့်ရရှိလာစေရန် (Progressive Realisation) တာဝန် ကို ရေးသားပြဌာန်း ထားသည်။
အဆိုပါ ပညာရေးအခွင့်အရေးကို ကလေးများ နှင့် ပြည်သူများ ရယူသုံးစွဲနိုင်ဖို့ အစိုးရမှာ တာဝန်သုံးရပ် ရှိသည်။ ၁။ အခွင့်အရေးကို လေးစားရန်၊ ၂။ ကာကွယ်ရန် နဲ့ ၃။ပြည့်ဝစွာခံစားနိုင်အောင် လုပ်ဆောင်ပေးရန်။ အခွင့်အရေးကို လေးစားဖို့ဆိုသည်မှာ ပညာရေးအခွင့်အရေးနှင့် ပတ်သတ်၍ နိုင်ငံတော်က စွတ်ဖက်ခြင်း သို့မဟုတ် ကန့်သတ်ခြင်း မပြုရန်ဟု နိုင်ငံတကာဥပဒေက အဓိပ္ပါယ်ဖွင့်သည်။ ကာကွယ်ရန်ဆိုသည်မှာ နိုင်ငံတော်အနေနဲ့ ကမကထပြုပြီး ပုဂ္ဂိလိက ကဏ္ဍအပါအဝင် အခြားအင်အားစုများ၏ အခွင့်အရေးချိုးဖောက်မှု အန္တရာယ်ကနေ ကာကွယ်ပေးရန်ဖြစ်။ ဥပဒေများ၊ စံလုပ်ထုံးလုပ်နည်းများ သတ်မှတ်ခြင်းတို့ပါဝင်သည်။ ပြည့်ဝစွာခံစားနိုင်အောင် လုပ်ဆောင်ပေးရန်မှာ နိုင်ငံတော်မှ ပြည်သူများ ပညာရေးလက်လှမ်းပိုမှီလာအောင် ဦးဆောင်ဦးရွက်ပြုရန်ဖြစ် သည်။ အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ပညာရေးအခွင့်အရေးအပါအဝင် လူ့အခွင့်အရေးကို အစိုးရရဲ့ မူဝါဒ နဲ့ လုပ်ဆောင်မှုများမှာ အလေးထားဆောင်ရွက်မည်ဟု အတိအလင်း ဆိုထားသည်ကို တွေ့ရသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် အထက်ပါ နိုင်ငံတကာဥပဒေက သတ်မှတ်ထားသော ပညာရေးအခွင့်အရေးကို ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်ဖို့ အခက်အခဲရှိသည်မှာ အမှန်။ ငွေကြေးအပါအဝင် အရင်းအမြစ်လိုအပ်ချက် ကြောင့်ဖြစ်သည်။ သို့သော် လုံးလုံးလျားလျားမလုပ်နိုင် မကိုင်နိုင်တာတော့ မဟုတ်။ ရှိတဲ့ဘတ်ဂျက်အရင်းအမြစ်ကို အလေအလွင့်မရှိအောင် စနစ်တကျစီမံခန့်ခွဲပြီး တဖြေးဖြေးတိုးတက်လာအောင် လုပ်လို့ရပါသည်။ အဆိုပါအချက် ကို ‘ရနိုင်သောအရင်းအမြစ်ကို အဆုံးစွန်ထိအသုံးပြု၍ အဆင့်ဆင့်တိုးတက်လာအောင် လုပ်ဆောင်ရမည်’ဟု ICESCR သဘောတူစာချုပ် အပိုဒ် ၂ (၁) က ဆိုပါတယ်။ တချိန်တည်းမှာပင် မြန်မာနိုင်ငံကဲ့သို့ဆင်းရဲသော နိုင်ငံများ အတွက် နိုင်ငံတကာအကူအညီက ပြည်သူများ ပညာသင်ကြားခွင့်ရဖို့ များစွာအရေးပါသည်။ နိုင်ငံတကာ အကူအညီဖြင့် ပညာရေးအသုံးစာရိတ်ကို တိုးမြှင့်နိုင်သည်။ ပညာရေးကဏ္ဍအတွက် လိုအပ်သော နည်းပညာ၊ ပညာရှင် နှင့် ချိတ်ဆက်ဆောင်ရွက်မှုအပိုင်းကို နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုမှ တဆင့်ရနိုင်သည်။ ထို့အတွက် အကောင်းဆုံးလမ်းစမှာ ကုလသမဂ္ဂ၏ အကူညီပေးရေးယန္တယား၊ လူ့အခွင့်အရေးယန္တယား နှင့် ကုလသမဂ္ဂခေါင်းစဉ်အောက်မှ နိုင်ငံတကာဆက်ဆံရေးကို အားသွင်ခွန်စိုက် အသုံးချရရန်ဖြစ်သည်။ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေကလည်း ထိုသို့လုပ်ဆောင်ရန် အားပေးတိုက်တွန်းထားသည်။ ICESCR သဘောတူစာချုပ်ကို ကြီးကြပ်သော ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်တစ်ရပ်ဖြစ်သည့် စီးပွားရေး၊ လူမှုရေး နှင့် ယဉ်ကျေးမှု အခွင့်အရေးကော်မရှင် (Commission on Economic, Social and Cultural Rights, CESCR)က နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သတ်၍ အရေးကြီးသော အချက်နှစ်ချက်ကို အထွေထွေမှတ်ချက် အမှတ် (၂) (၁၉၉၀) တွင် ဖော်ထုတ်ထားသည်။ ပထမအချက်အနေဖြင့် ကုလသမဂ္ဂယန္တယားအောက်မှ အဖွဲ့အစည်း အသီးသီးက ပေါင်းစပ်ညှိနှိုင်းပြီး ၎င်းတို့၏ ဖွံ့ဖြိုးရေးစီမံကိန်းများတွင် စီးပွားရေး၊ လူမှုရေး နှင့် ယဉ်ကျေးမှု အခွင့်အရေးများကို တိုးမြှင့်လာစေရေး အစီအမံချလုပ်ဆောင်ရန် ဖြစ်သည်။ ဒုတိယအချက်အနေဖြင့် နိုင်ငံများက မိမိတို့လိုအပ်သည့် ငွေကြေး၊ နည်းပညာ စသည့်အကူအညီများကို CESCR ကော်မရှင်သို့ တင်ပြရန်ဖြစ်သည်။ အခွင့်အရေးကိစ္စ အနှစ်ချုပ်ရလျှင် ပညာရေးသည် အရေးကြီးသည်။ ပညာသင်ကြားခွင့်သည် အခွင့်အရေးတစ်ရပ် ဖြစ်သည်။ အစိုးရများ သို့မဟုတ် အစိုးရလုပ်ချင်သူများအနေဖြင့် လက်ခံလိုက်နာရမည့် ဥပဒေအရ ပေးအပ်ထားသော အခွင့်အရေး ဖြစ်သည်။ ထိုမှတဆင့် မေးခွန်းများမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုက ပညာရေးကဏ္ဍကို မည်မျှရိုက်ခတ်ပါသလဲ။ ကလေးများ နှင့် လူငယ်များက နွေဉီးတော်လှန်ရေးတွင် ပညာရေးသင်ကြားခွင့် ရနေကြ ပါသလား။ အကူအညီပေးရေးအဖွဲ့များနှင့် အရပ်ဖက်ပညာရေး အင်စတီကျူးရှင်းများက ပညာရေး အခွင့်အရေး တိုးမြှင့် လာစေရန် မည်သည်တို့ လုပ်နိုင်ပါသလဲ။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်သည် မြန်မာလူထုအနေဖြင့် ကိုဗစ်ကပ်ဘေး၏ အထုအထောင်းကို ပယ်ပယ်နယ်နယ်ခံထားရ၊ ခံနေရချိန်လည်း ဖြစ်သည်။ ထိုအထဲတွင် သန်းချီသော ကျောင်းသားများလည်းပါသည်။ ၂၀၁၉-၂၀ ပညာသင်နှစ်စာရင်းအင်းများအရ မြန်မာပြည်တွင် ကျောင်းသားပေါင်း ၁၁.၆ သန်းရှိသည်။ မြန်မာပြည်တွင် ကိုဗစ်စတွေ့ချိန် (၂၃ မတ်လ ၂၀၂၀)သည် အခြေခံပညာကျောင်းများ၏ စာသင်နှစ်ကုန်ဆုံးချိန်နှင့် ကွက်တိဖြစ်နေသောကြောင့် အခြေခံပညာအဆင့် ကျောင်းသင်ပညာရေး (Formal Education) မှာ ကနဦးပိုင်းတွင် သိပ်ထိခိုက်မှုမရှိ။ သို့သော်အဆင့်မြင့်ပညာနှင့် ကျောင်းပြင်ပပညာရေး (Non-Formal Education) မှ ကျောင်းသားများမှာ စာမေးပွဲ မဖြေလိုက်ရ။ ထိုနောက်တွင်တော့ ဇွန်လ ကျောင်းဖွင့်ရာသီတွင်လည်း အချိန်မှီ ကျောင်းမဖွင့်ရသလို၊ ဇူလိုင်လ (၂၁ ဇူလိုင် ၂၀၂၀) မှ ဖွင့်ရသော အထက်တန်း (ဆယ်တန်း) ကျောင်းများမှာလည်း ဖွင့်ပြီး မကြာမှီ ပြန်ပိတ်လိုက်ရသည်။ သမားရိုးကျစာသင်ခန်းများအပေါ် အလွန်အမင်းမှီခိုမှု နှင့် ပညာရေးကဏ္ဍ နည်းပညာများကို ခပ်မြန်မြန် အသုံးမချနိုင်မှုကြောင့်ဖြစ်သည်ဟု ပညာရေးဝန်ကြီးဌာနက ဆိုသည်။ မြန်မာ တစ်နိုင်ငံတည်းလားဆိုတော့ လည်း မဟုတ်ပါ။ ကမ္ဘာနိုင်ငံအများကြုံရသော ပြဿနာလည်း ဖြစ်ပါသည်။
ကိုဗစ်ကာကွယ်ဆေး အစောဆုံးထိုးပေးနိုင်ခဲ့ခြင်း နှင့် ကူးစက်မှုဆိုးရွားစွာ မဖြစ်ပေါ်ခဲ့ခြင်းတို့ကြောင့် ကိုဗစ်ကပ်ရောဂါ အစောပိုင်းကာလမှာ မြန်မာပြည်က တုန့်ပြန်မှုအားကောင်းခဲ့တယ်လို့ အများက အသိအမှတ်ပြု ပါတယ်။ ပညာသင်ကြားခွင့် အခွင့်အရေးရှုထောင့်အရ ကျနော်တော့ ဒီအချက်ကို ပြည့်ပြည့်ဝဝ လက်မခံပါဘူး။ ၂၀၂၀ တစ်နှစ်လုံး ပညာသင်ကြားရေးက ဟုတ်တိပတ်တိ မလုပ်နိုင်ပါဘူး။ Social Distancing မူအရ ကန့်သတ်မှုတွေ များစွာရှိနေတဲ့ကြားက ပညာရေးအင်စတီကျူးရှင်းတွေက Virtual သင်ကြားရေးကို ကူးပြောင်း လိုက်ဖို့ မြန်မြန်ဆန်ဆန် မပြင်ဆင်နိုင်ပါဘူး။ ဒါကလည်း အထနှေးကွေးတဲ့ အစိုးရရဲ့ ဗျိုရိုကရေစီကြောင့်လည်း ဖြစ်နိုင်သလို ကိုဗစ်နဲ့လုံးပန်းနေရလို့ အရင်းအမြစ်ခွဲဝေမှု ဦးစားမပေးနိုင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းတော့ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ တပ်ဦးအလံတော်ဟာ Gen Z ဟုခေါ်သော 1997-2012 ခုနှစ်များအတွင်း မွေးဖွားသူများ လက်ထဲတွင်ရှိသည်။ ထိုသူတို့မှာ အခြေခံပညာအဆင့် မပြီးဆုံးသေး သော ကျောင်းသားများနှင့်တက္ကသိုလ် ကျောင်းသားအများစုဆိုသည်ကို အထက်ပါ အသက်အရွယ်အပိုင်းအခြားကို တွက်ချက်ကြည့်ရုံမျှဖြင့် ချက်ချင်းသိနိုင်သည်။ ဒီအချက်က ပေါ့သေးသေးမှတ်ယူရမယ့် အချက်မဟုတ်ပါပေ။ နွေဉီးတော်လှန်ရေးတွင် အဆိုပါမျိုးဆက်၏ တိုက်ပွဲဝင်စိတ်နှင့် ပါဝင်မှုကို ပြည်သူတရပ်လုံးက ဩဘာပေးကြ သော်လည်း ထိုလူအုပ်စု၏ ပညာသင်ကြားခွင့်ကို ပြောသံဆိုသံ သိပ်မကြားရ။ နိုင်ငံတစ်နိုင်ငံ၏ အရေးပေါ် အခြေအနေမှာ အသက်ရှင်သန်ခွင့် ကဲ့သို့ မရှိမဖြစ် အရေးကြီးသော အခွင့်အရေးများမှအပ ကျန်အခွင့်အရေးများကို အာဏာပိုင်များက ကာလအလိုက် ရုတ်သိမ်းနိုင်သည်ကို သိပါသည်။ သို့သော် ပညာသင်ကြားရေးရပ်ဝန်း အပြင်ဖက် ရောက်သွားသော လူငယ်ထု အတွက် တော်လှန်ရေးအစိုးရသာမက လုပ်နိုင်ကိုင်နိုင်တဲ့ မြန်မာလူထု အပေါ်မှာပါ Moral Responsibility တရပ်ရှိ နေတယ်လို့သတ်မှတ်ရမှာဖြစ်သည်။ တော်လှန်ရေးအစိုးရ တရပ်အနေနှင့်ဆိုလျှင် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေအရ Legal Responsibility ပါရှိသည်ဟု ဆိုနိုင်သည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလက စစ်ကောင်စီကြေငြာထားချက်အရ အခြေခံပညာကျောင်းသားပေါင်း ၃.၃ သန်းပဲ စစ်ကောင်စီအောက်မှာ ကျောင်းတက်နေသည်။ ဆိုလိုသည်မှာ အဆိုပါ ကိန်းဂဏန်းထက် နှစ်ဆမကများတဲ့ ကျောင်းသားဦးရေက စစ်ကောင်စီရဲ့ စာသင်ကျောင်းတွေကို သပိတ်မှောက်နေကြဆဲ။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ အခြေခံပညာကျောင်းသားပေါင်း ၉ သန်းကျော်ရှိတယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ ပညာရေးဝန်ကြီးဌာနက အရေးပေါ်ကာလ စာသင်ကျောင်းများ မဖွင့်နိုင်ခင်မှာ ပညာသင်ကြားရေးကို ခရီးဆက်နိုင်ရန် နည်းလမ်းနှစ်ခုကို ချပြခဲ့သည်။ နေအိမ်အခြေပြု သင်ကြားရေး နဲ့ လူထုအခြေပြုသင်ကြားရေးနည်းလမ်း။ လိုအပ်သောလမ်းညွှန်ချက် တချို့ကိုလည်း ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။ အဆိုပါ နည်းစနစ်နှစ်ခုစလုံးမှာ တတ်မြောက်မှု စစ်ဆေးအကဲဖြတ်ခြင်းအတွက် Formal Exam မရှိ။ အများနားလည်အောင် ရှင်းရှင်းပြောရလျှင် စာမေးပွဲမရှိပေ။ သို့သော် သမားရိုးကျ သင်ရိုးပြတ်အောင် သင်တဲ့သင်ကြားမှုထက် တတ်ကျွမ်းမှုကို ဦးစားပေးတဲ့ နည်းလမ်းဖြစ်တယ်လို့ NUG ပညာရေးဌာနက ရှင်းပြသည်။ တတ်ကျွမ်းမှုစွမ်းရည်ကို ပညာရေးဝန်ကြီးဌာနက ‘အသိပညာကြွယ်ဝခြင်း၊ ကျွမ်းကျင်မှုရှိခြင်း နှင့် ပြီးပြည့်စုံသော စိတ်နေသဘောထားရှိခြင်းတို့ စုပေါင်းထားသော အရည်အချင်းတရပ်’ ဟု သတ်မှတ်ထားသည်။ အတန်းတင်စနစ်နှင့် စပ်လျဉ်း၍ တတ်မြောက်မှု စစ်ဆေးအကဲဖြတ်သည့် နည်းလမ်းဖြင့် ကုစားဆောင်ရွက် သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက မူဝါဒတရပ်ကို ချပြထားသည်။ ၎င်း၏ ပညာရေးဝန်ကြီးဌာနက ဆိုသည်မှာ –
“ကလေးများအားလုံး၏ တက်မြောက်ကျွမ်းကျင်မှုနှင့် ကိုယ်ရေးကိုယ်သွေးများကို ပြန်လည်ဆန်းစစ် အကဲဖြတ်၍ တက်ရောက်ရမည့် အတန်းအတွက် သင်ယူမှုအဆင်သင့်ဖြစ်စေရန် ကုစားဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ထို့ကြောင့် ကူးစက်ရောဂါဘေးအန္တရာယ်များနှင့် စစ်ကောင်စီ၏ အကြမ်းဖက်ကြမ်းကြုတ်မှုများ ကြောင့် ကလေးများ ကျောင်းမတက်ရသဖြင့် အတန်းတင်၊ အတန်းတက်ခြင်းများ နောက်ကျမည်ကို စိုးရိမ်ပူပန်မှု ဖြစ်စရာမလိုတော့ပါ။”
အဆိုပါမူအရ တော်လှန်ရေးကာလအတွင်း နှင့် တော်လှန်ရေးကာလအလွန်တွင် ကျောင်းသားများကို ကျွမ်းကျင်မှုအလိုက် ပညာသင်ခွင့်၊ တနည်းအားဖြင့် အတန်းကျော်တက်ခွင့်ကို ခွင့်ပြုထားသည်ဟု သတ်မှတ် နိုင်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အရေးပေါ်ကာလအစီအမံများက ကနဦးပိုင်းမှာ အွန်လိုင်းပေါ်က စာသင်ကျောင်းများတွင်ကျယ်ခဲ့ပြီး တဖြေးဖြေး မြေပြင်စာသင်ကျောင်းများပါ တိုးချဲ့ဖွင့်လှစ် ထားသည်ကို တွေ့ရသည်။ ထိုအချက်က သပိတ်မှောက်ကျောင်းသားများနှင့် စစ်ပွဲဒေသတွင်ရှိနေသည့် ကျောင်းသားများအတွက် ပညာသင်ကြားခွင့်ကို များစွာအထောက်အကူပြုသည်။ သို့သော်ဖွင့်လှစ်ထားသော စာသင်ကျောင်းများသည် ကိုဗစ်ကာလ (မတ်လ ၂၀၂၀) မှ စ၍ ကျောင်းသင်ပညာရေး (Formal Education) နှင့် ကင်းကွာခဲ့ရသော ကျောင်းသားများအတွက် နေအိမ်အခြေပြု၊ ရပ်ရွာအခြေပြုစာသင်ကြားရေးမှ ကျောင်းသင် ပညာရေးစနစ်အတွင်း တိုက်ရိုက်ကူးပြောင်းနိုင်သော အမျိုးသားညီညွတ်ရေးအစိုးရ၏ မူဝါဒမှာ လက်တွေ့တွင် အခက်အခဲများစွာရှိပုံရသည်။ အထက်တွင် ဆိုခဲ့သည့် ‘စစ်ဆေးအကဲဖြတ်သည့်နည်းဖြင့် အတန်းကျော် တက်ခွင့်’သည် ဝန်ကြီးဌာနအတွင်း စီမံခန့်ခွဲနေသူများ နှင့် အွန်လိုင်းကျောင်းများမှအပ မြေပြင်ကျောင်းများ အတွက် ဝိရောဓိဖြစ်နေဆဲ။ တိကျသော စံသတ်မှတ်ချက်မရှိ သို့မဟုတ် လိုက်ပါဆောင်ရွက်နိုင်မှု မရှိနေသည်မှာ တော့သေချာသည်။ မြေပြင်တွင် မြို့နယ်အလိုက်ကျောင်းများမှာ တစ်ကျောင်းနေ တစ်ဂါထာ၊ တစ်ရွာနေ တစ်ပုဒ်ဆန်းဆိုသကဲ့သို့ အတန်းကျော်တက်ခွင့် ပြုမည်၊ မပြုမည်ကို (အမျိုးသားညီညွတ်ရေးအစိုးရ၏ မူကို သတိမမူစွာ) ငြင်းခုံနေကြဆဲ။ ထို့အတူ အကဲဖြတ်စစ်ဆေးမှုကလည်း စံစာမေးပွဲမရှိ။ အဆင်ပြေသလို စီမံနေကြဆဲ။ အမျိုးသားညီညွတ်ရေးအစိုးရကလည်း လျစ်လျူရှုထားဆဲ။
တချိန်တည်းမှာပင် စစ်ကောင်စီ လက်အောက်ရှိ ပညာရေးဝန်ကြီးဌာနကလည်း စာသင်ကျောင်းများကို ၂၀၂၁ ခုနှစ် မေလကတည်းက ဖွင့်ဖို့ တာစူခဲ့သည်။ သို့သော် ဆရာအင်အား လေးသိန်းသုံးသောင်းဝန်းကျင်ရှိသော ပညာရေးဝန်ကြီးဌာနမှာ တစ်သိန်းခွဲကျော်က ဆက်လက်တာဝန်ထမ်းဆောင်ဖို့ ငြင်းဆန်ခဲ့ကြခြင်းကြောင့် စစ်ကောင်စီ၏ ပညာရေးသည် မယ်မယ်ရရ ခရီးမရောက်လှပါ။ စစ်အသုံးစာရိတ်ထောင်းလွန်းခြင်း နှင့် စစ်ရေးဇောင်းပေးလွန်းခြင်းတို့ကြောင့်လည်း ဖြစ်နိုင်သည်။ ထို့အတူ သန်းချီသော ကျောင်းသားမိဘများကလည်း စစ်ကောင်စီလက်အောက်က စာသင်ခန်းမတွေဆီ သားသမီးတွေကိုလွှတ်ဖို့ ငြင်းဆန်လျှက်ရှိနေဆဲ။ နောက်တစ်ချက်မှာ အာဏာသိမ်းမှုကြောင့် ပြိုလဲကျသွားသော ကျန်းမာရေးစနစ်ကြောင့်လည်း ပညာသင်ကြားရေးကို များစွာထိခိုက်ခဲ့ခြင်းလည်း ဖြစ်သည်။ ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းကာလ (ဇွန်-စက်တင်ဘာ ၂၀၂၁)တွင် မြန်မာပြည်ရှိ မြို့ကြီးများတွင် နာရေးကားများ အလောင်း မသယ်နိုင်တော့သည်အထိ သေဆုံးနှုန်းများခဲ့ခြင်းဖြစ်သည်။ ထိုအခြေအနေတွင် ရောဂါကာကွယ်ရေးအစီအမံ မရှိသလောက် ဖြစ်နေသော စာသင်ခန်းမထဲသို့ ကျောင်းသားများကို ခေါ်သွင်းရန် မဖြစ်နိုင်ပေ။ အခြားတဖက်ကလည်း စစ်ကောင်စီအနေဖြင့် အွန်လိုင်းစာသင်ကြားရေးကိစ္စကို ခြေဉီးမလှည့်ပေ။
ထိုကဲ့သို့ ကသောင်းကနင်းအခြေအနေတွင် စာသင်ကျောင်းများဖွင့်လှစ်ခြင်း နှင့် ပညာသင်ကြားခြင်းသည် နိုင်ငံရေးလှိုင်းတံပိုးကြားက အားပြိုင်မှုတစ်ခုဖြစ်ခဲ့၊ ဖြစ်နေဆဲပင်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဉီးဆောင်မှု အောက် သို့မဟုတ် ဉီးဆောင်မှုအောက်တွင် ရှိနေသည်ဟု ယူဆရသော အွန်လိုင်းစာသင်ကျောင်းများစွာ နှင့် စစ်ကိုင်း၊ ချင်း၊ မကွေး၊ ကရင်နီ၊ ကချင် နှင့် ဒေသအတော်များများရှိ မြေပြင်စာသင်ကျောင်းများမှာ စိန်ခေါ်မှုများစွာရှိသည်။ ထို့အတူ စစ်ကောင်စီအောက်က စာသင်ကျောင်းများ အတွက်လည်း စိန်ခေါ်မှုရှိသည်။ အကြီးမားဆုံးစိန်ခေါ်မှုမှာ လုံခြုံရေးဖြစ်သည်။ စာသင်ကျောင်းများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲခြင်း နှင့် စာသင်ကျောင်းများကို တိုက်ခိုက်ခြင်းများကို မကြာခဏတွေ့ရသည်။ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်း စံပြကျေးရွာ အထက်တန်းကျောင်းဝင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေထိုင်မှု အပါအဝင် များပြား လှစွာသော ဖြစ်စဉ်များက စာသင်ကျောင်းများလည်ပတ်ရန် သို့မဟုတ် ပညာသင်ကြားရေး ဆောင်ရွက်ရန် များစွာ အဟန့်အတားဖြစ်သည်။ ထို့အတူ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းပေါ်ကို စစ်တပ်တိုက်ခိုက်ရေးလေယာဉ်ဖြင့် ပစ်ခတ်တိုက်မှုကဲ့သို့ စစ်ရေး ပစ်မှတ်မဟုတ်ဘဲ တိုက်ခိုက်ခြင်းမျိုးများလည်း ရှိသည်။ လက်ယက်ကုန်းဖြစ်စဉ်တွင် (၇) နှစ်အရွယ် ကျောင်းသား မောင်ဘုန်းတေဇ အပါအဝင် အသက်မပြည့်သေး သည့် ကျောင်းသား (၈) ဉီး သေဆုံးခဲ့ရပြီး ‘သွေးကွက်စွန်းသွားတဲ့ စာသင်ကျောင်း’ဟု သတင်းမီဒီယာများက ရေးသားကြသည်။ ထိုဖြစ်စဉ်သည် ပညာသင်ကြားခွင့်ကို တိုက်ရိုက် ချိုးဖောက်ရုံ သာမက နိုင်ငံတကာစစ် ဥပဒေသ (International Humanitarian Law) ၏ အခြေခံမူများ၊ ဂျနီဗာကွန်ဗင်းရှင်း နောက်ဆက်တွဲ ပရိုတိုကော (၂)၊ အပိုဒ် (၁၃)ပါ အရပ်သားများ ကာကွယ်ခြင်းဆိုင်ရာ ပြဌာန်းချက်များကိုလည်း ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်။ ထိုကဲ့သို့သော စာသင်ကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်မှု သို့မဟုတ် စာသင်ကျောင်းများအပေါ် ခွဲခြားခြင်းမပြုဘဲ တိုက်ခိုက်မှုများသည် သတင်းစာပေါ်တွင် တွေ့ရသည်ထက် လက်တွေ့မြေပြင်တွင် ဖြစ်ပျက်နေသည်များက အဆမတန်ပိုများနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် အညာတစ်ခွင်လုံးနီးပါး အင်တာနက် ဖြတ်တောက်ခံထားရမှု အပြင် နေပြည်တော်မှ သတင်းလွတ်လပ်ခွင့် လုံးဝ ပိတ်ပင်ထားသော အခြေအနေများကြောင့် ဖြစ်သည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဉီးကျော်မိုးထွန်းက UNICEF Executive Board ၏ အစည်းအဝေးတစ်ခုတွင် မြန်မာပြည်မှ ကလေးငယ်စုစုပေါင်း (၁၆၅)ဉီးသည် ၂၀၂၂ တစ်နှစ်အတွင်း သတ်ဖြတ်ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။ ထိုကိန်းဂဏန်းမှာလည်း မှတ်တမ်းတင်နိုင်သော အရေအတွက်သာ ဖြစ်ပုံရသည်။
အလားတူပင် ကျောင်းဆရာများ၏ လုံခြုံရေးသည်လည်း ပညာသင်ကြားရေးအတွက် ကြီးမားသော စိန်ခေါ်မှုဖြစ်သည်။ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တောင်မြင့်ကျေးရွာမှ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသော ကျောင်းဆရာ ဉီးစောထွန်းမိုးအား ရက်ရက်စက်စက်သတ်ဖြတ်မှု၊ စစ်ကိုင်းတိုင်းဟုမ္မလင်းမြို့နယ်၊ သက္ကယ်တောင်ကျေးရွာမှ ကျောင်းအုပ်ဆရာ ဉီးအောင်ဆန်းဝင်းအား သတ်ဖြတ်မှု နှင့် များစွာသော ပညာရေး ဝန်ထမ်းများ ပျောက်ဆုံးနေမှုများ ရှိနေသည်။ ဖြစ်စဉ်အများစုသည် ဥပဒေမဲ့နေသော စစ်ကောင်စီ၏ မြေပြင်တပ်ရင်းတပ်ဖွဲ့များကကျူးလွန်ကြောင်း သတင်းမီဒီယာများက ရေးသားဖော်ထုတ်ခဲ့ပြီးဖြစ်သည်။ ပြည်သူ့ကာကွယ်ရေးတပ်များကို ညွှန်ကြားနေသော အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် စစ်ရေးပစ်မှတ်သတ်မှတ်မှု နှင့် ‘စာသင်ကျောင်းများကို မတိုက်ခိုက်ရ’ အမိန့်ညွှန်ကြားချက် တစ်စောင် (၃/၂၀၂၂) ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ အဆိုပါ အချက်ကိုပင် စစ်သည်ကျင့်ဝတ်တွင် ထပ်မံထည့်သွင်းထားသည်ကိုလည်း တွေ့ရသည်။ ၎င်းမှာ လက်နက်ကိုင် တိုက်ပွဲအတွင်း စာသင်ကျောင်းများကို ကာကွယ်ရန်အတွက် အရေးကြီးသောမူဝါဒ လုပ်ငန်းတစ်ရပ် ဖြစ်ပြီး ပညာရေးအခွင့်အရေးကို လေးစားမှုပြသည့် လမ်းစတစ်ခုလည်း ဖြစ်သည်။ အကာအကွယ်ပေးရန် ပြည်စုံသည်ဟူ၍တော့ မမှတ်ယူနိုင်ပေ။ လုံခြုံရေးကိစ္စ အနှစ်ချုပ်ရသော် အထက်ပါ ဖြစ်စဉ်များ၊ အချက်အလက်များကို မှန်းဆကြည့်ရုံဖြင့် ပညာရေးအခွင့်အရေးသည် မည်မျှခြိမ်းခြောက်ခံနေ ရကြောင်း နှင့် ကန့်သတ်ခံနေရကြောင်းကို ကောင်းစွာ သဘောပေါက်နိုင်ပါသည်။ ထိုသို့သော နိုင်ငံရေး လှိုင်းတံပိုးကြားက အခြေအနေများသည် ကျောင်းနေအရွယ် ကလေးသူငယ် နှင့် လူငယ် (၁၂) သန်း၏ ပညာရေး ခရီးကို ပြတ်တောက်စေသည်ဟု ယူနီဆက်ဖ်က ဖော်ပြသည်။
အနှစ်ချုပ်ဆိုရသော် နွေဉီးတော်လှန်ရေးအတွင်းမှ ပညာသင်ကြားရေးသည် စနစ်တကျရှိမလာသေးဘဲ ကသောင်းကနင်းအနေအထား တစ်ရပ်တွင်သာ ရှိနေသေးသည်။ ထို့အတူ ပညာရေးသည်လည်း အာဏာသိမ်း စစ်ကောင်စီ နှင့် တော်လှန်ရေးအင်အားစုများ၏ အားပြိုင်မှု နိုင်ငံရေးလှိုင်းတံပိုးများအကြားတွင် ရိုတ်ခတ် ခံနေရဆဲ။ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေက ဖွင့်ပေးထားသော အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မလျှောက်လှမ်းနိုင်သေးသည်ကို တွေ့ရသည်။ အဆိုပါအချက်မှာ ကုလသမဂ္ဂယန္တရား၏ တုန့်ပြန်မှု သို့မဟုတ် နိုင်ငံရေးအရအာသီသ နည်းမှုကြောင့်လည်း ဖြစ်နိုင်ပါသည်။ သေချာသည်မှာ မြန်မာပြည်ရှိ ပစ်ခတ်တိုက်ခိုက်မှုများအတွင်းမှ ကလေးငယ်များ၏ ပညာရေးအခွင့်အရေးဟုဆိုလျှင် သမားရိုးကျအတိုင်း စစ်ကောင်စီ၊ တော်လှန်ရေးအင်အားစု နှင့် အာဆီယံဟု ရှုမြင်ရုံမျှဖြင့် မလုံလောက်ပေ။ ဆယ်သန်းကျော်သော မြန်မာကလေးသူငယ်များ နှင့် ကျောင်းသားလူငယ်များ၏ ပညာသင်ကြားခွင့်သည် ပိုမိုကျယ်ပြန့်သော နိုင်ငံတကာအကူအညီမပါဘဲ သိပ်အရာမရောက်နိုင်ပါ။ မြန်မာပြည်တွင် ရှိနေနှင့်ပြီးသော ကုလသမဂ္ဂအေဂျင်စီ အဖွဲ့ပေါင်း (၂၀) အပေါ်တွင်လည်း မူတည်သလို ပညာရေးအခွင့်အရေးကို ကတိကဝတ်ခံထားသော နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များ၊ ပုဂ္ဂလိက ကော်ပိုရေးရှင်းများ နှင့် လူ့အခွင့်အရေး အမှတ်လက္ခဏာနိုင်ငံများ၏ အားတက်သရော ကူညီမှုလိုအပ်သည်။ ပညာရေးသည် အာဏာနိုင်ငံရေးမဟုတ်ပါ။ ထို့ထက် ပိုမိုကျယ်ပြန့်၍ နက်ရှိုင်းသော အနှစ်သာရ ရှိပါသည်။
(၂၀၂၃ ခုနှစ်တွင် ရေးသားထားသော ဆောင်းပါးဖြစ်ပါသည်။)
စာရေးသူအကြောင်း
ဗညားတိုးသည် လူ့အခွင့်အရေးလေ့လာသုံးသပ်သူတစ်ယောက်ဖြစ်ပြီး အသွင်ကူးပြောင်းရေးကာလတရားမျှတမှုအကြောင်း အထူးပြုလေ့လာသည်။ UK နိုင်ငံမှ လူ့အခွင့်အရေးမဟာဘွဲ့ရထားသည်။
ကိုးကားစာရင်း
International Human Rights Law’ (United Nations Human Rights Office of the High Commissioner). Available here. accessed 7 February 2023
‘စီမံကိန်းနှင့်လုပ်ငန်းအစီအစဉ်များ’ (လူ့အခွင့်အရေးဝန်ကြီးဌာန). Available here. accessed 7 February 2023
Myanmar Ministry of Education, Myanmar COVID-19 National Response and Recovery Plan for the Education Sector (Government plan, 2020)
‘Some 90 percent of Myanmar students refuse to attend school under coup regime, teachers say’ (Myanmar Now). Available here. accessed 7 February 2023
Ministry of Education, Statement of Basic Education Competency Standards for Interim Period (v2, MOE 2022)
‘ဆရာ၊ ဆရာမ တစ်သိန်းခွဲနီးပါး အလုပ်ကနေ ရပ်ဆိုင်းခံခဲ့ရ’ (BBC, 25 May 2021). Available here. accessed 10 February 2023
‘ကိုဗစ် တတိယလှိုင်း – နာရေးကားတွေ “မနိုင်တော့တဲ့” ရန်ကုန်က စျာပနတွေ’ (BBC, 15 July 2021). Available here. accessed 10 February 2023
Additional Protocol (II) of Geneva Conventions (APII), Art. 13
‘ပေါက်မြို့နယ် NUG ကျောင်းမှ ဆရာ ၁ ဦး ရက်စက်စွာ အသတ်ခံရ’ (Irrawaddy, 18 October 2022). Available here. accessed 10 February 2023
‘ဟုမ္မလင်းတွင် CDM ကျောင်းအုပ်ဆရာတစ်ဦး ပစ်သတ်ခံရ’ (Myanmar Now, 18 July 2022). Available here. accessed 10 February 2023
‘Military Code of Conduct for People’s Defense Force’ (MoD). Available here. accessed 10 February 2023
“သင်ယူမှု’ (UNICEF Myanmar). Available here. accessed 10 February 2023