Category: News

  • အညာသတင်းထုတ်နှုတ်ချက် (22-28 February 2025)

    အညာသတင်းထုတ်နှုတ်ချက် (22-28 February 2025)

    အညာသတင်းထုတ်နှုတ်ချက် (22-28 February 2025)

    ချင်းအင်အားစုအားလုံး ပါသည့် ချင်းအမျိုးသားကောင်စီ ဖွဲ့စည်းမည် 

    မူရင်းသတင်း (Myanmar Now)

    ရင်းမြစ်

    စစ်တပ် အာဏာသိမ်းပြီးနောက်ပေါ်ပေါက်လာသော  ချင်းပြည်ကောင်စီနှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ (ICNCC) တို့ “ချင်းအမျိုးသားကောင်စီ” အဖြစ် ပူးပေါင်းရန်  ဖေဖော်ဝါရီ ၂၆ တွင် သဘောတူလိုက်ကြသည်။
    ဆက်ဆံရေး တင်းမာနေပြီး စင်ပြိုင်ဖြစ်နေသော ထိုအင်အားစု ၂ ခု ပေါင်းစည်းနိုင်ရေး အိန္ဒိယနိုင်ငံ၊ မီဇို ရမ်ပြည်နယ်ဝန်ကြီးချုပ်က ကြားဝင်ဆောင်ရွက်ပေးခဲ့မှုဖြင့် အဆိုပါရလဒ် ထွက်ပေါ်လာခြင်းဖြစ်သည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၂၆) က မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် သဘောတူညီချက် လက်မှတ်ရေးထိုး ခဲ့ကြပြီး မီဇိုရမ် ဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ခဲ့သည်။

    ချင်းပြည်အတွင်း ကောင်စီ နှစ်ခုရှိနေခြင်းမဖြစ်သင့်ကြောင်း နှစ်ဘက်လုံး လက်ခံယုံကြည်သည့်အတွက်  “ချင်းအမျိုးသားကောင်စီ”အမည်ဖြင့် ပေါင်းစည်းကြရန် သဘောတူခဲ့ကြောင်း အဆိုပါ နှစ်ဖွဲ့က ယမန်နေ့ ရက်စွဲဖြင့် ပူးတွဲထုတ်ပြန်ခဲ့သည်။

    “ကောင်စီ နှစ်ဖွဲ့ကွဲပြားနေမှုကို မလိုလားလို့ ချင်းအမျိုးသား ကောင်စီတစ်ခုတည်းဖြစ်လာရေးအတွက် မူအားဖြင့် လက်ခံကြတာပဲ ရှိပါသေးတယ်။ ကျန်အသေးစိတ်ဖြစ်စဉ်တွေကို ဆွေးနွေးသဘောတူထားတာ မရှိ သေးပါဘူး”ဟု ကြားကာလချင်းအမျိုးသားကောင်စီ အတွင်းရေးမှူးအဖွဲ့ဝင် ဆလိုင်းဘွေအုပ်က ပြောသည်။

    KNU နယ်မြေထဲ စစ်ကောင်စီ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ဖြစ်လာမယ့်အကျိုးဆက်တွေအပေါ် တာဝန်မယူနိုင်ဘူးလို့ စောတောနီး ပြော

    မူရင်းသတင်း (Burma VJ)

    ရင်းမြစ်

    ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွေထဲမှာ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်လုပ်ဆောင်ပါက ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲအကျိုးဆက်တွေကို တာဝန်ယူမှာမဟုတ်ဘူးလို့ KNU ပြောရေးဆိုခွင့်ရှိသူ စောတောနီးက အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေးကော်မတီ (ASECC) သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    KNU ထိန်းချုပ်နယ်မြေအတွင်း KNU လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေနဲ့ နယ်မြေပိုင်ဆိုင်မှုတွေ ရှိထားသလို ပြည်သူလူထုတွေရဲ့ ထောက်ခံမှုကိုလည်း ရရှိထားကာ နယ်မြေအတွင်း အုပ်ချုပ်ရေးယန္တရား လုပ်ငန်းတွေကိုလည်း နှစ်ပေါင်းများစွာ အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

    “စစ်ကောင်စီအနေနဲ့ မရမက တရားမဝင် အတုအယောင်ရွေးကောက်ပွဲ ကိုယ့်နယ်မြေထဲမှာလုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့က ဘာဖြစ်လဲမယ်ဆိုတာကို ကျွန်တော်တို့ အာမခံလို့မရသလို တကယ်လို့ဖြစ်သွားမယ်ဆိုရင်လည်း ဘယ်လိုမှ တာဝန်ယူလို့မရဘူး။ အဲဒါတော့ ပြောချင်တယ်” လို့ KNU ပြောရေးဆိုခွင့်ရှိသူ စောတောနီးကလည်း မီဒီယာတွေရဲ့ မေးမြန်းမှုကို ပြန်လည် ဖြေကြားရာမှာ ထည့်သွင်းပြောခဲ့တာလည်း ဖြစ်ပါတယ်။

    မင်းတပ်မြို့နယ်ကအရပ်သားပြည်သူတွေအနေနဲ့ လက်နက်/ခဲယမ်းရှိပါက မတ်လ (၁၅) ရက်နေ့ နောက်ဆုံးထားအပ်နှံကြဖို့ CDF – Mindat အသိပေးထုတ်ပြန်

    မူရင်းသတင်း (Chin World)

    ရင်းမြစ်

    စစ်ကောင်စီကင်းစင်သွားပြီဖြစ်တဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း အရပ်သားပြည်သူတွေဆီမှာ လက်နက်/ခဲယမ်းရှိပါက နီးစပ်ရာတပ်ရင်းတပ်ဖွဲ့တွေထံ မတ်လ (၁၅) ရက်နေ့ နောက်ဆုံးထားအပ်နှံကြဖို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ် (CDF – Mindat) က ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

    ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ် (CDF – Mindat) ထိန်းချုပ်နယ်မြေအတွင်းနေထိုင်တဲ့ ကြတဲ့ အရပ်သားပြည်သူတွေအနေနဲ့ မင်းတပ်မြို့သိမ်းတိုက်ပွဲမှ ကစဉ့်ကလျားထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေထံကနေ ရရှိတဲ့လက်နက်ခဲယမ်းတွေဖြစ်စေ အခြားတစ်နည်းနည်းဖြင့် ရရှိတဲ့ လက်နက်ခဲယမ်းတွေဖြစ်စေ တိုက်ခိုက်ရေးမောင်းပြန် (Assault Rifly) နဲ့ အခြားလက်နက်ခဲယမ်းတွေကို နီးစပ်ရာ တပ်ရင်းတပ်ဖွဲ့တွေထံ လာမယ့် မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားအပ်နှံပြီး သတ်မှတ်ထားတဲ့ဆုကြေးနဲ့ တန်ဖိုး (ဝယ်ယူကြောင်းခိုင်လုံမှုရှိပါက) ထုတ်ယူနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

    အကယ်၍သတ်မှတ်ရက်ကျော်လွန်ပြီး လက်နက်ခဲယမ်းတွေကိုကိုင်ဆောင်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းတွေပြုလုပ်ပါက ပြင်းပြင်းထန်ထန် အရေးယူတာ ခံရမယ်လို့လည်း CDF – Mindat ကထုတ်ပြန်ထားပါတယ်။

    စားဖိုနေရာမှာ တာဝန်ယူတဲ့ အသက် ၄၀ ဝန်းကျင် ဦးလေးတွေ သေဆုံးတာများတယ်

    မူရင်းသတင်း (Myanmar Now)

    ရင်းမြစ်

    ဖေဖော်ဝါရီ ၂၅ရက်၊ နံနက်ပိုင်းက မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် ပြုလုပ်သည့် တော်လှန် ရေးတပ်ဖွဲ့ဝင်တစ်ဦး၏ မင်္ဂလာဧည့်ခံပွဲကို စစ်လေယာဉ်ရောက်လာပြီး တိုက်ခိုက်ရာ ၁၁ ဦး ထက်မနည်း သေဆုံးခဲ့ပြီး၊ ၂၀ ခန့် ဒဏ်ရာ ရခဲ့သည်။

    လေယာဉ်က ဧည့်ခံပွဲပြုလုပ်ရာ ဆုံကုန်းရွာဘုန်းကြီးကျောင်းကို နံနက် ၉း၄၀ ဝန်းကျင်တွင် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး နံနက် ၁၀ နာရီခန့်တွင် ရေနံမှော်ဝန်းကျင်ကို ပစ်ခတ်ခဲ့သည်။

    သေဆုံးသူ အများစုမှာ မင်္ဂလာဆောင် ဗုံးကြဲခံရမှုတွင် ရပ်ရွာဓလေ့အရ စားဖိုဆောင်တွင် ချက်ပြုတ်ရေး တာဝန်ယူထားကြသည့် အသက် ၄၀ ဝန်းကျင်အမျိုးသားများ ဖြစ်သည်ဟု မျက်မြင်ကြုံတွေ့ခဲ့သူက ပြောသည်။

    ရွှေဘိုမှ အိမ် ၁၀၀ ကျော် မီးရှို့သူတို့က ၉၀ အရွယ် အဘွားကို သတ်ဖြတ်

    မူရင်းသတင်း (Myanmar Now)

    ရင်းမြစ်

    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ယမန်နေ့ (ဖေဖော်ဝါရီ ၂၇) က စစ်တပ်နှင့် ပြည်သူ့စစ်များ စစ်ကြောင်း ထိုးစဉ် သက်ကြီးပိုင်း ၂ ဦးကို သတ်ဖြတ်ပြီး နေအိမ် ၁၀၀ ကျော်ကို မီးရှို့သွားသည်ဟု တော်လှန် ရေးအင်အားစုများနှင့် ဒေသခံများက ပြောသည်။

    မြို့နှင့် ၁၀ မိုင်ခန့်အကွာ ဇီးဖြူကုန်းရွာမှ   အင်အား ၆၀ ခန့်ပါ စစ်ကြောင်းသည် ထိုရွာမြောက်ဘက် ကပ်လျက်ရှိ နှမစားရစ်ရွာကို  နံနက် ၆ နာရီ ဝန်းကျင်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်စီးနင်းခဲ့ကြသည်။

    “စစ်ကြောင်းကလည်း မနက်မိုးလင်းစ ဗြုန်းစားကြီးဝင်လာတာဆိုတော့ သူတို့အိမ်ကလူတွေကလည်း ဗြုန်းစားပြေးရတာဆိုတော့ အဘွားလည်း မီးရှို့မယ်လို့ မထင်လောက်ဘူးနေမှာပေါ့။ အဘွားလည်း ဒီအတိုင်းပဲ ထားခဲ့ရတာ။ လေဖြတ်လူနာဆိုတော့ ရှိလည်း သူ့ ဘာမှမလုပ်လောက်ဘူးထင်ပြီး ထားခဲ့လိုက်တာနေမှာပေါ့”ဟု ၎င်းက ပြောသည်။ 

  • အညာသတင်းထုတ်နှုတ်ချက် (8-14 February 2025)

    အညာသတင်းထုတ်နှုတ်ချက် (8-14 February 2025)

    အညာသတင်းထုတ်နှုတ်ချက် (8-14 February 2025)

    အာဆီယံအထူးကိုယ်စားလှယ်နဲ့ NUG အပါအဝင် တိုင်းရင်းသားအဖွဲ့အချို့ တွေ့ဆုံ

    မူရင်းသတင်း  (RFA)

    ရင်းမြစ်

    အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အော့သ်မန် ဟာရှင် နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့က ကိုယ်စားလှယ်တွေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။

    ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး NUG ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက အချိန်တန်ရင် သတင်းထုတ်ပြန်သွားမယ်လို့ RFA ကို ပြောပါတယ်။ ဖေဖော်ဝါရီလ ၇ ရက်နဲ့ ၈ ရက် နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြတာလို့ သတင်းတွေ ထွက်နေတာပါ။ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဟာ ဖေဖော်ဝါရီလ ၆ ရက်နေ့က နေပြည်တော်ကို သွားရောက်ပြီး စစ်ကောင်စီရဲ့ နိုင်ငံခြားဝန်ကြီး ဦးသန်းဆွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အသေးစိတ်ကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

    အာဆီယံ အထူးကိုယ်စားလှယ်အနေနဲ့ ဒီခရီးစဥ်အတွင်း မြန်မာ့အရေး အပြောင်းအလဲအတွက် အဖြေတစ်ခုရဖို့ ကြိုးပမ်းတာ၊ စစ်ကောင်စီကို ဖိအားပေးတာမျိုး ရှိလာနိုင်တယ်လို့ အာဆီယံနဲ့ မြန်မာ့အရေး လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

    ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံဆိုင်ရာအခြေခံဥပဒေ အားပြင်ဆင်ရေးဆွဲနေပြီဖြစ်ကြောင်း CNF အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း ၉ ဖွဲ့က ကြေညာ

    မူရင်းသတင်း (Chin World)

    ရင်းမြစ်

    အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မှုကိုလက်တွေ့ဖော်ဆောင်ပြီးအသွင်ကူးပြောင်းရေးကာလအတွက်ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့သက်ရောက်မှုရှိသောအုပ်ချုပ်ရေးစာတမ်း(Government Document) အဖြစ် ကျင့်သုံးဆောင်ရွက်သွားရန် ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေအားပြင်ဆင်ရေးဆွဲနေပြီဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) အပါအဝင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်နယ်/လူမျိုးကိုယ်စားပြု ဖက်ဒရယ်ကောင်စီ ၉ ဖွဲ့က ဒီကနေ့ ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့မှာထုတ်ပြန်ကြေညာပါတယ်။

    CNF အပါအဝင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်း ၉ ဖွဲ့က အသွင်ကူးပြောင်းရေးကာလအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့ သက်ရောက်မှု ရှိသော အုပ်ချုပ်ရေးစာတမ်း (Governing Document) အဖြစ် ကျင့်သုံးသွားမည့် ဖက်ဒရယ်အသွင်းကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေ Articles of Federal Transitional Arrangements – AFTA ကို စတင်ပြင်ဆင်ရေးဆွဲပြီ ကြေညာခြင်းလို့သိရပါတယ်။

    တော်လှန်ရေးပဋိဉာဉ်နဲ့ တပ်ပေါင်းစု ပေါ်ပေါက်ဖို့ မျှော်လင့်ကြောင်း NUG ယာယီသမ္မတပြော

    မူရင်းသတင်း

    ရင်းမြစ်

    ပင်လုံသဘောတူညီမှုလို ပြည်မနဲ့ တောင်တန်းအကြား တော်လှန်ရေးပဋိဉာဉ်တစ်ရပ် ပေါ်ပေါက်ဖို့နဲ့ တိုင်းရင်းသားလူမျိုးစုအားလုံး ပါဝင်ဖွဲ့စည်းထားတဲ့ မဟာမိတ်စစ်ရေးတပ်ပေါင်းစု ပေါ်ပေါက်ဖို့ မျှော်လင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုး (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောလိုက်ပါတယ်။

    ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုတဲ့နေ့ အထိမ်းအမှတ် အခမ်းအနားမှာ ယာယီသမ္မတက ပြောကြားခဲ့တာပါ။

    လက်ရှိတော်လှန်ရေးဟာ နိုင်ငံရေးအရ၊ လူမျိုးရေးအရနဲ့ အဖိနှိပ်ခံဘဝက လွတ်မြောက်ရေးဖြစ်ပြီး ဗမာနဲ့ တိုင်းရင်းသား ခွဲခြားတော်လှန်နေတဲ့ တော်လှန်ရေးမဟုတ်ဘူးဆိုတာ သတိချပ်ဖို့ ဒူဝါလရှီးလက ပြောခဲ့ပါတယ်။

    မုံရွာနဲ့ ချောင်းဦးမှာ ဗုံးကြဲခံရပြီး ဆယ်ဦးကျော် သေဆုံး၊ နှစ်ဆယ်ခန့် ဒဏ်ရာရ

    မူရင်းသတင်း(RFA)

    ရင်းမြစ်

    စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ ချောင်းဦးမြို့နယ်ထဲက ရွာတွေကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညပိုင်းကစလို့ ၁၃ ရက်နေ့ မနက်အစောပိုင်းအထိ လေကြောင်းကနေ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်တာနဲ့ မြေပြင်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် အရပ်သား ဆယ်ဦးထက်မနည်း သေဆုံးပြီး နှစ်ဆယ်ကျော် ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မုံရွာမြို့နယ်က ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ဘုဘ၊ ဝဲကြီးရွာနဲ့ ချောင်းဦးမြို့နယ်က ရှမ်းထူးနဲ့ ကုလားကြီးရွာတွေကို စစ်ကောင်စီတပ်က Y-12 လေယာဉ်နဲ့ ဗုံးအလုံးရေ ငါးဆယ်နီးပါး ကြဲချတိုက်ခိုက်ခဲ့သလို မုံရွာမြို့နယ်က ရွာတချို့ကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

    စစ်ဘေးဒုက္ခသည်စခန်းနဲ့ စာသင်ကျောင်းတွေပါ ဗုံးကြဲခံရပြီး သေဆုံးသူတွေထဲ ကလေး၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေလည်း ပါဝင်ပါတယ်။ ချောင်းဦးမြို့နယ်မှာလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေး နှစ်ဦး အပါအဝင် သုံးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ချောင်းဦးမြို့နယ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

    ကုလားကြီးရွာက မိသားစုနှစ်ရာကျော်ဟာ မူလရွာအနီးမှာ ထန်းလက်တဲတွေဆောက်ပြီး နေထိုင်ကြသူတွေဖြစ်တယ်လို့ သူက ပြောပါတယ်။

    ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကောင်စီက ဗုံး ၁၂၀ ကျော်ကြဲ

    မူရင်းသတင်း (Mizzima)

    ရင်းမြစ်

    စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့က နှစ်ရက်အတွင်း Y-12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၁၂၀ ကျော် ထိ ကြဲချတိုက်ခိုက်ခဲ့ပြီးဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

    ယမန်နေ့(ဖေဖော်ဝါရီလ ၁၂ ရက်)မွန်းလွဲ၁ နာရီ မှ ၂ နာရီအတွင်း ဗုံး ၃၉ လုံး၊ ညနေ ၅ နာရီ ဝန်းကျင်တွင် ၅၅ လုံးနှင့် ယနေ့ နံနက် ၁၀ နာရီ မှ ၁၁ နာရီ အတွင်း ‌ဗုံး ၃၃ လုံးကြဲချ သွားကြောင်း ဒေသခံများကပြောသည်။

    ကလေး-ဂန့်ဂေါ လမ်းပိုင်းရှိ စစ်ကောင်စီတပ်စခန်းတခုကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီလ ၁၁ ရက်နေ့ တွင် စတင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်နေ‌သည်။ ယခု လေကြောင်းတိုက်ခိုက်မှုများသည် တိုက်ပွဲဖြစ်ရာနေရာမဟုတ်ဘဲ အရပ်သားများရှိနေသည့် ကျေးရွာများဖြစ်သည်ဟု ဒေသခံများကပြောသည်။

    “အခုလုပ်တဲ့လေကြောင်းတိုက်ခိုက်မှုတွေကအရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ များပါတယ်။ ဘယ်ရွာတွေကိုကြဲနေတာလဲဆိုရင်တော့ ရွာတော်တော်များများလို့ ပဲ ပြောရပါလိမ့် မယ်။ နေရာအနှံ့ကို နှံ့စပ်အောင် လျှောက်ပြီးတော့ကြဲနေတာပါ” ဟု ဒေါ်ရတီအုန်းက ပြောသည်။

  • အညာသတင်းထုတ်နှုတ်ချက် (1-7 February 2025)

    အညာသတင်းထုတ်နှုတ်ချက် (1-7 February 2025)

    အညာသတင်းထုတ်နှုတ်ချက် (1-7 February 2025)

    သက်ဆိုင်သူအားလုံး လက်ခံနိုင်သည့် အခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရန် ပူးတွဲထုတ်ပြန်

    မူရင်းသတင်း (Mizzima)

    ရင်းမြစ်

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် သက်ဆိုင်သူအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရန် အပါအဝင် နိုင်ငံရေးဦးတည်ချက် ခြောက်ချက်နှင့် အခြားအချက်များပါဝင်သည့် ကြေညာချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ( NUG )၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ချင်းညီနောင်အဖွဲ့ (CB) နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)တို့က ယမန်နေ့(ဖေဖော်ဝါရီ ၃ ရက်) ရက်စွဲဖြင့် ပူးတွဲထုတ်ပြန်သည်။

    ပူးတွဲထုတ်ပြန်ကြေညာချက်တွင် အချက် ၁၀ ချက်ပါဝင်ပြီး အမှတ်စဉ်(၅)အချက်တွင် နိုင်ငံရေး ဦးတည်ချက် ခြောက်ချက်အဖြစ် စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး အနာဂတ်တွင် စစ်တပ်၏ နိုင်ငံရေး၌ပါဝင်နေခြင်းကို အဆုံးသတ်ရန်၊ လက်နက်ကိုင်တပ်ဖွဲ့များအားလုံး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရစီမံမှုအောက်၌ အပြည့်အဝ ထားရှိရန်၊ ၂၀၀၈ အခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းရန်၊ သက်ဆိုင်သူအစုအဖွဲ့အားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲ ပြဋ္ဌာန်းရန်၊ ထွက်ပေါ်လာသည့် အခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကို တည်ဆောက်ရန် နှင့် ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးဖော်ဆောင်ရန် အချက်များကို ချမှတ်ထားသည်။

    ၂၀၂၅ မှာ ရွေးကောက်ပွဲ ကျင်းပလိမ့်မယ်လို့ နိုင်ငံရေးပါတီတွေ မျှော်လင့်နေ

    မူရင်းသတင်း (RFA)

    ရင်းမြစ်

    စစ်ကောင်စီက သက်တမ်းခြောက်လ ထပ်တိုးလိုက်တဲ့အတွက် ဒီနှစ်ထဲမှာ ရွေးကောက်ပွဲကျင်းပမဲ့ အလားအလာနည်းသွားပြီလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။ ဒါပေမဲ့ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေကတော့ စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပပေးလိမ့်မယ်လို့ ယုံကြည်မျှော်လင့်နေကြပါတယ်။ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကလည်း အခု ၂၀၂၅ ခုနှစ် အတွင်းမှာပဲ ရွေးကောက်ပွဲဖြစ်လာမယ်ဆိုတာ ယုံကြည်တယ်လို့ ပါတီပြောခွင့်ရ ဦးလှသိန်းက RFA ကို ပြောပါတယ်။

    “အဲဒီကျင်းပတဲ့အချိန်မှာဖြစ်နေတဲ့ တိုင်းပြည်ရဲ့ Situation (အခြေအနေ) နဲ့ မူတည်ပါတယ်။ အဲဒီ အချိန်မှာ တော်တော်များများဟာ အားလုံးအဆင်ပြေနေမယ်ဆိုရင်တော့ သိပ်မကြာဘူးပေါ့နော်။ အိန္ဒိယလည်း ဒီအတိုင်းပါပဲ။ သူတို့လည်း အပိုင်းလိုက် ကျင်းပတာပါပဲ။ တချို့နိုင်ငံတွေလည်း ဘာလို့လဲဆိုတော့ ပြည်နယ်ကျယ်ပြန့်တဲ့ အခါမျိုးကျရင် အနေအထားပေါ်မူတည်ပြီး ကျင်းပရတဲ့ဟာမျိုး ရှိပါတယ်”

    ချင်းပြည်အတွင်း ရွေးကောက်ပွဲကို စစ်ကောင်စီက လုပ်နိုင်မှာ မဟုတ်သလို၊ လုပ်ခွင့်လည်း ပေးမှာမဟုတ်ဘူးလို့ Chinland Council ပြော

    မူရင်းသတင်း (Chin World)

    ရင်းမြစ်

    စစ်ကောင်စီက ကျင်းပဖိုပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို ချင်းပြည်နယ်အတွင်းမှာတော့ လုပ်နိုင်မှာမဟုတ်ဘူး၊ လုပ်ခွင့်လည်း ပေးမှာ မဟုတ်တဲ့အကြောင်း ဒီကနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ကျင်းပတဲ့ ချင်းပြည်(Chinland) ကောင်စီ တစ်နှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှာ Chinland Council အတွင်းရေးမှူး (၁) လည်းဖြစ် ချင်းအမျိုးသားတပ်ဦး (CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောပါတယ်။

    ချင်းပြည်ကောင်စီ (Chinland Council ) ပေါ်ပေါက်ရေးအတွက် ၂၀၂၃ ဒီဇင်ဘာလ ၄ ရက်ကနေ ၇ ရက်နေ့အထိ ချင်းပြည်နယ်စပ် Victoria Base မှာကျင်းပခဲ့ပြီး ပြည်တွင်း၊ ပြည်ပဧည့်သည်များ၊ ချင်းအမျိုးသားတပ်ဦး(CNF) ကိုယ်စားလှယ်များ၊ ချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ မြိုနယ်နဲ့ဒေသအစုအဖွဲကကိုယ်စားလှယ်များ စုစုပေါင်း ၂၃၅ ဦးတက်ရောက်ခဲ့ကာ Chinland Council ဖွဲစည်းပြီး ေကြာင်းညီလာခံအပြီးမှာ ထုတ်ပြန်ခဲ့ပါတယ်။

    မန္တလေးတွင် ဇန်နဝါရီလ အတွင်း လူငယ်၂၅၀ နီးပါးကို စစ်ကောင်စီဖမ်းဆီး ၊ အမျိုးသမီး ၆ ဦးပါဝင်

    မူရင်းသတင်း

    ရင်းမြစ်

    မန္တလေးမြို့တွင် ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း လူပေါင်း ၂၃၇ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ထိုအထဲတွင် အမျိုးသမီး ခြောက်ဦးပါဝင်ကြောင်း မန္တလေးသပိတ်အင်အားစု တာဝန်ရှိသူတဦးက ဆိုသည်။ ဖမ်းဆီးခံရသူများမှာ အသက် ၂၀ မှ ၃၀ ကျော်ဝန်းကျင််ရှိ လူငယ်နှင့် လူလတ်ပိုင်းများဖြစ်ပြီး မဟာအောင်မြေမြို့နယ်သည် လူဦးရေ ၄၆ ဦးဖြင့် အများဆုံးဖမ်းဆီးခံရသည့်မြို့နယ်ဖြစ်ကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ် နှစ်စပိုင်းမှစ၍ မန္တလေးမြို့တွင် စစ်ကောင်စီတပ်က ဖမ်းဆီးမှုများကို ယခင်ကထက် ပိုမိုပြုလုပ်လာပြီး အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးခံရသူများလည်း ရှိလာကြောင်း သိရသည်။ စစ်ကောင်စီ၏ ယာဥ်ထိန်းရဲ၊ စစ်သားနှင့် ရဲများသည် လမ်းတိုင်းတွင် စစ်ဆေးရေးဂိတ်ဖွင့်ကာ နေ့စဥ်စစ်ဆေးနေပြီး ယာဥ်လိုင်စင်အပြင် ဖုန်းနှင့် VPN ကိုပါစစ်ကြောင်း မန္တလေးသပိတ်အင်အားစု တာဝန်ရှိသူကဆိုသည်။စ်ဆေးရေးဂိတ်မှ စစ်ကောင်စီလက်အောက်ခံများက မသင်္ကာသူများကိုလည်း စစ်ဆေးမေးမြန်းမှုမရှိ ဖမ်းဆီးနေကြောင်းလည်း ၎င်းက ပြောသည်။

    ဆိပ်ဖြူတွင် ကြက်သွန်စိုက်ချိန် စစ်ကြောင်းထိုးနေ၍ ဒေသခံများစိုက်ပျိုးရေးမလုပ်ရဘဲ တိမ်းရှောင်နေရ

    မူရင်းသတင်း (Mizzima)

    ရင်းမြစ်

    မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မြောက်ခြမ်းရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၂) ကို စစ်ကူ ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့က နေ့စဉ်ရက်ဆက် စစ်ကြောင်းထိုးနေသည့်အတွက် ဒေသခံများမှာ ကြက်သွန်စိုက်ပျိုးသည့်ရာသီချိန်တွင် စိုက်ပျိုးရေးမလုပ်ရဘဲ ဘေးလွတ်ရာသို့တိမ်းရှောင်နေရကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

    အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ဇန်နဝါရီလ ၃၀ ရက်မှစ၍နေ့စဉ် ရွာစဉ်လှည့်စစ်ကြောင်းထိုးနေ ခြင်းဖြစ်ကြောင်း Black Hawk Saitphyu အဖွဲ့တာဝန်ခံက ပြောသည်။

    “အခုချိန်က ကြက်သွန်စိုက်တဲ့ရာသီ၊ စိုက်ခင်းတွေကို နေ့တိုင်းရေသွင်းရတာရှိတယ်၊ မြေဩဇာထည့်ရ တာရှိတယ်။ အဲဒါတွေ မလုပ်နိုင်တဲ့အခါကျတော့ အခင်းတွေပျက်စီးဆုံးရှုံးမှုတွေရှိတော့ စီးပွားရေးအရထိ ခိုက်တာပေါ့။ နောက်တခုက ဆောင်းရာသီကာလမျိုးပြေးရတော့ သက်ကြီးရွယ်အိုတွေမှာ ကျန်းမာရေး ပြဿနာတွေရှိတယ်” ဟု ၎င်းကပြောသည်။

    ယင်းကဲ့သို့ နေ့စဉ်ရက်ဆက် ကျေးရွာများကိုစစ်ကြောင်းထိုးမီးရှို့ခြင်း၊ ဒေသခံများ၏ ပစ္စည်းများကို အဓမ္မ ယူဆောင်ဖျက်ဆီးခြင်းများပြုလုပ်နေသည့်အတွက် ရွှေဘို့ကျွန်းကျေးရွာအနီးတ၀ိုက်ရှိ ကျောက်ကြီး၊ ညောင်ဂွေးဝ၊ ရှားတော၊ တပ်မ၊ ဝဲမ၊ နှုံးပုံ၊ ကူရှည်(အလယ်စု)ကျေးရွာများအပါအဝင် ကျေးရွာ ၁၃ ရွာမှ ဒေသခံ ၁၀,၀၀၀ ကျော် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း Black Hawk Sait Phyu အဖွဲ့ထံမှ သိရသည်။

  • အညာသတင်းထုတ်နှုတ်ချက် (22-31 January 2025)

    အညာသတင်းထုတ်နှုတ်ချက် (22-31 January 2025)

    အညာသတင်းထုတ်နှုတ်ချက် (22-31 January 2025)

    အကြမ်းဖက်စစ်ကောင်စီအား စစ်မှုထမ်းအရေအတွက်တိုးခေါ်ဖို့ တောင်းဆိုရာမှာ နိုင်ငံရေးပါတီတွေနဲ့ အတူ ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်လည်း ပါဝင်နေ

    ရင်းမြစ် – Narinjara

    မူရင်းသတင်း

    အကြမ်းဖက် စစ်ကောင်စီကို စစ်မှုထမ်းအရေအတွက်တိုးခေါ်ဖို့ နိုင်ငံရေးပါတီကိုယ်စားလှယ်များက တောင်းဆိုရာမှာ ရခိုင်ဦးဆောင်ပါတီ(AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်လည်း ပါဝင်နေတယ်လို့ ဇန်နဝါရီ ၂၅ ရက်ထုတ် စစ်ကောင်စီသတင်းစာတွေမှာ ဖော်ပြထားချက်အရ သိရပါတယ်။ နှစ်ရက်ကြာကျင်းပတဲ့ အဲဒီဆွေးနွေးပွဲရဲ့ ဒုတိယနေ့မှာ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေက အချက်(၆)ချက်ကို တင်ပြဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီပိုင်သတင်းစာတွေက ဆိုပါတယ်။

    အဲဒီအချက်တွေကတော့ (၁) ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲကိစ္စ (၂) နိုင်ငံတော်တည်ငြိမ် အေးချမ်းသာယာမှုရရှိရန် လုပ်ဆောင်သင့်သော အစီအမံများကိစ္စ (၃) ပြည်သူများ၏ လိုအပ်ချက်များကို ဥပဒေကြောင်း အရ ဖြည့်ဆည်းပေးနိုင်ရေးကိစ္စရပ်များ၊ (၄) လက်ရှိ နိုင်ငံရေးအခင်းအကျင်းနှင့် အစိုးရနှင့်ပြည်သူ လက်တွဲ၍ ကျော်လွှားနိုင်ရေးကိစ္စရပ်များ၊ (၅) PDF များကို နိုင်ငံတော်ရင်ခွင်သို့ ပြန်လည်ဝင်ရောက်မှု များပြားလာစေရေးကိစ္စရပ်များနဲ့ (၆) ပြည်သူ့စစ်မှုထမ်းဥပဒေအရ အရေအတွက် တိုးမြှင့်ခေါ်ယူရေး ကိစ္စတွေဖြစ်တယ်လို့ ဖော်ပြပါတယ်။

    စစ်မှုထမ်း အမိန့်စာရသူများ ပြည်ပထွက်ခွင့် ပိတ်၊ စစ်မှုထမ်းဥပ​ဒေကို ​ကျောင်းများတွင် ဘာသာရပ်တခုအ​နေဖြင့် သင်ကြားရန် နည်းဥပဒေပြဌာန်း

    ရင်းမြစ် – Mizzima

    မူရင်းသတင်း

    စစ်မှုထမ်းဆင့်ခေါ်သည့် အမိန့်စာရရှိသူများအား စစ်မှုထမ်းဗဟိုအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ပြည်ပထွက်ခွင့် မပြုရန် ဇန်နဝါရီလ ၂၃ ရက်တွင် ထွက်ရှိသည့် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေတွင် ပြဌာန်းထားသည်။

    စစ်မှုထမ်းအတွက် ဆေးစစ်အောင်မြင်ပြီးသူများ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုရန်ဖြစ်စေ၊ စစ်မှုထမ်းကာလအပိုင်းအခြားကို လျှော့ပေါ့ပေးရန်ဖြစ်စေ၊ သီးခြားဖော်ပြထားသည့် ကာလအပိုင်းအခြားတခုအထိ ရွှေ့ဆိုင်းရန်ဖြစ်စေ လျှောက်ထားခဲ့ပါက ယင်းလျှောက်ထားမှုအပေါ် ဗဟိုအဖွဲ့ထံမှ ခွင့်ပြုမိန့်မရမီ ပြည်ပနိုင်ငံများသို့ ထွက်ခွာခွင့် မရှိစေရဟုလည်း ပါရှိသည်။

    ထို့ပြင် နိုင်ငံတကာ စစ်မှုထမ်းဥပဒေနှင့် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်ပြီး ပြည်သူလူထုထံ ကျယ်ကျယ်ပြန့်ပြန့် သိရှိရန်ဟုဆိုကာ အခြေခံပညာကျောင်းများက အစပြုပြီး သင်ရိုးညွှန်းတမ်းများတွင် ဘာသာရပ်တခုအနေဖြင့် ထည့်သွင်းပို့ချနိုင်​ရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ​ပေါင်းစပ်ညှိနှိုင်း​​ဆောင်ရွက်ရမည်ဟုလည်း ​​ပြဌာန်းထားသည်။

    စစ်ရေးအရှိန်မြှင့်မှာကြောင့် ပြည်သူတွေ စစ်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ဖို့ YDF သတိပေး

    ရင်းမြစ် – RFA

    မူရင်းသတင်း

    စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း ယောဒေသမှာ စစ်ရေးအရှိန်မြှင့်ပြီး မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်မှာဖြစ်တာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စစ်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ထားဖို့ ယောကာကွယ်ရေးတပ် (YDF) က သတိပေးထုတ်ပြန်ပါတယ်။

    စစ်ကောင်စီတပ်ထိန်းချုပ်နယ်မြေတွေမှာ မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်မှာဖြစ်တာကြောင့် စစ်ဆင်ရေးကာလအတွင်း အခက်အခဲမကြုံရအောင် ရိက္ခာနဲ့ ဆေးဝါးတွေ ကြိုတင်ပြင်ဆင်ထားဖို့ ဇန်နဝါရီလ ၂၉ ရက်နေ့က ထုတ်ပြန်ထားတာပါ။

    ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ စစ်ရေးအတွေ့အကြုံတွေအရ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း ယောဒေမှာ စစ်ရေးအရှိန်မြှင့်သွားမှာ ဖြစ်ကြောင်း ယောကာကွယ်ရေးတပ် (YDF) တပ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    ချင်းညီနောင်အဖွဲ့နဲ့ BPLAအကြား နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းလုပ်ဆောင်မှုပိုင်းအတွက် ဆွေးနွေးနေတဲ့ကာလဖြစ်တယ်လို့ ချင်းညီနောင်ကပြော

    ရင်းမြစ် – Chin World

    မူရင်းသတင်း

    ချင်းလက်နက်ကိုင် ၆ ဖွဲ့ စုစည်းထားတဲ့ချင်းညီနောင်အဖွဲ့နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA) အကြား နိုင်ငံရေးအရရော၊ စစ်ရေးအရရော ဘယ်လိုပူးပေါင်းလုပ်ဆောင်ကြမလဲဆိုတာ ဆွေးနွေးနေတဲ့ အချိန်ကာလဖြစ်တယ််လို့ ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက Chin World မီဒီယာကိုပြောပါတယ်။

    ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက “BPLA နဲ့ ချင်းညီနောင်အကြား ကောင်းမွန်တဲ့ မဟာမိတ်ဆက်ဆံရေးရှိပါတယ် အခုချိန်မှာတော့ အပြန်အလှန် မဟာမိတ်တည်ဆောက်နေတဲ့ ချိန်ကာလပေါ့လေ နောက်ပြီးတော့ ပြင်ဆင်နေတဲ့ အချိန်ကာလလို့လည်းပြောလို့ရပါတယ် နောက်ပိုင်းကျလို့ရှိရင် ကျနော်တို့ စကစ ကင်းစင်ဖို့ရန်အတွက် BPLA နဲ့ သော်လည်းကောင်း တခြားမဟာမိတ်အဖွဲ့တွေနဲ့သော်လည်းကောင်း ကျနော်တို့ ပူးပေါင်းစစ်ဆင်ရေးတွေ နိုင်ငံရေးအရ မဟာမိတ်ဖွဲ့မှုတွေ ကျနော်တို့ လုပ်ဆောင်သွားဖို့ရှိပါတယ်” လို့ပြောပါတယ်။

    ဆိပ်ဖြူမြို့ ကင်မွန်းတောင့်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့်ပစ်၊ ကလေးများအပါအဝင် မိသားစုဝင် ၅ ဦး သေဆုံး

    ရင်းမြစ် – Myanmar Now

    မူရင်းသတင်း

    မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် ဇန်နဝါရီ  ၂၆ ရက်က စစ်တပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အသက် ၅ နှစ်အရွယ် အမွှာကလေးငယ်များအပါအဝင် မိသားစုဝင် ၅ ဦး သေဆုံးခဲ့ကြောင်း  တော်လှန် ရေးအင်အားစုများထံက သိရသည်။ 

    ဇန်နဝါရီ ၂၆ ရက်နေ့ ညနေက အမှတ် (၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၂) မှ ပစ်ခတ်သည့် ကင်မွန်းတောင့်ရွာရှိ နေအိမ် တစ်ခုအနီး ကျရောက် ပေါက်ကွဲပြီး  အသက် ၅ နှစ်အရွယ် အမွှာယောကျာ်း လေး ၂ ဦး၊ အသက် ၄၀ ဝန်းကျင်အရွယ် ဦးလေးဖြစ်သူ၊ အသက်  ၇၀ ကျော် အရွယ်အဘွားတို့မှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက် ၄၀ ကျော်အရွယ် အဒေါ်ဖြစ်သူ မှာ ဆေးရုံသို့ ပို့ဆောင်စဉ်လမ်းတွင် သေဆုံးခဲ့သည် ဟု ဆိပ်ဖြူမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရသည်။ 

    ကပစ -၂၂ နှင့် ကင်မွန်းတော်ရွာမှာ ၇ မိုင် ဝန်းကျင်ခန့်ကွာဝေးပြီး လက်နက်ကြီးနှင့်ပစ်ခတ်မှုမှာ ပထမဆုံး အကြိမ် ဖြစ်သည်ဟု ကိုဒေးဗစ်က ပြောသည်။ 

  • အညာသတင်းထုတ်နှုတ်ချက် (13-21 January 2025)

    အညာသတင်းထုတ်နှုတ်ချက် (13-21 January 2025)

    အညာသတင်းထုတ်နှုတ်ချက် (13-21 January 2025)

    စစ်ကိုင်းတိုင်းတွင် ရုံးစိုက်ရန် NUG ဆုံးဖြတ် 

    ရင်းမြစ်_Myanmar Now

    မူရင်းသတင်း

    နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းတွင် ပြည်ထောင်စုအဆင့်ရုံးစိုက်မည်၊ ပြည်သူများနှင့်အတူ အန္တရာယ်ကို ရင်ဆိုင်မည်ဟု NUG က ပြောသည်။ ပြည်ထောင်စုအဆင့်ရုံးခန်းများ ယခုလအတွင်း ဖွင့်လှစ်ပြီး အရပ်ဘက်အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်တော့မည်ဟုလည်း သိရသည်။

    ပြည်တွင်းနှင့် နိုင်ငံတကာတွင် အစိုးရအရာရှိများ ပြန့်ကျဲနေသည့်အတွက် အစိုးရအဖွဲ့အတွင်း အရေးကြီးသည့် ဆုံးဖြတ်ချက်များချရန်အတွက် အချိန်ယူခဲ့ရသည်၊ ထိုအခက်အခဲ ကျော်လွှားရန် မဟာဗျူဟာမြောက် ကော်မရှင်ကြီးများကို ဖွဲ့စည်းပြီး တစ်နေရာတည်းတွင်စုစည်းမည်ဟု NUG ဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။

    စစ်တပ်ကို နိုင်ငံရေးဆွေးနွေးမှုမှ မဖယ်ထုတ်ရန် အပစ်ရပ် ၇ ဖွဲ့ပြော

    ရင်းမြစ်_DVB

    မူရင်းသတင်း

    ဖက်ဒရယ်ပြည်ထောင်စုကို သွားဖို့စဉ်းစားတဲ့အခါမှာ အာဏာသိမ်းစစ်တပ်ကို နိုင်ငံရေးအရ ဆွေးနွေးမှုကနေ ဖယ်ထုတ်ဖို့ မစဉ်းစားဘဲ စစ်တပ်ဟာ ဆွေးနွေးပြောဆိုရမယ့် အစုအဖွဲ့ တခုအဖြစ် ရှိနေသင့်တယ်လို့ နားလည်တဲ့အကြောင်း NCA အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက DVB ကို ပြောပါတယ်။

    အပစ်ရပ် ၇ ဖွဲ့အနေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲဖြစ်ဖို့အတွက် NCA လမ်းကြောင်းအရမဟုတ်ဘဲ အင်အားစုအားလုံး လက်ခံတဲ့ အခင်းအကျင်း ဖြစ်ရင် ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

    NUG လူ့အခွင့်အရေးဝန်ကြီးဌာနအား ထိရောက်အားကောင်းသော ပုံစံတရပ်သို့ ပြောင်းလဲရန် ပြင်ဆင်နေဟု ဝန်ကြီးပြော

    ရင်းမြစ်_Mizzima

    မူရင်းသတင်း

    ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့က ပြုလုပ်ခဲ့သည့် ဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲ၌လည်း လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနကို အစိုးရမဟုတ်သော သီးခြားလွတ်လပ်သည့်ပုံစံမျိုး အသွင်ပြောင်းရန် ကြိုးပမ်းနေသည်ဟု ပြောဆိုမှုရှိခဲ့သည်။

    အဆိုပါ ဝန်ကြီးဌာနအား အသွင်ပြောင်းမည့် အခြေအနေနှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် မဇ္ဈိမက မေးမြန်းရာ၌ “ထိရောက်အားကောင်းတဲ့ ပုံစံမျိုးဖြစ်ဖို့အတွက် အားလုံး ကျွန်တော်တို့ ဆွေးနွေးတိုင်ပင်နေကြပါတယ်။ ဘယ်လိုပုံစံလည်းဆိုတာကို ထုတ်ပြန်ပါမယ်” ဟု ဝန်ကြီးဦးအောင်မျိုးမင်းက ပြောသည်။

    ထို့အတူ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအား ကော်မရှင်အဖြစ် ပြောင်းလဲဖွဲ့စည်းမည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေခြင်းနှင့်ပတ်သက်၍ “ဝန်ကြီးဌာနတရပ်မှ ကော်မရှင်အဖြစ် ပြောင်းလဲဖွဲ့စည်းခြင်းသည် မသင့်တော်သည့်ကိစ္စဖြစ်ပြီး သီးခြားလွတ်လပ်သော အဖွဲ့အစည်းဖြစ်လာနိုင်မည် မဟုတ်ဟု” ၎င်းက ပြောသည်။

    ချင်းပြည်နယ်တွင် စစ်တပ်ကင်းစင်ရေး စစ်ရေးအရှိန်မြှင့်မည်ဟု CNF ပြော 

    ရင်းမြစ်_DVB

    မူရင်းသတင်း

    ချင်းပြည်နယ်အတွင်းမှာရှိနေတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဟာ တပြည်နယ်လုံးနယ်နိမိတ်ရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားပြီး သိမ်းပိုက်ဖို့ ကျန်နေသေးတဲ့မြို့တွေကို ဆက်လက်သိမ်းပိုက်နိုင်ရေးအတွက် စစ်ရေးအရှိန်မြှင့်သွားဖို့ရှိနေပြီး ၂၀၂၅ ခုနှစ်အတွင်းမှာ စစ်တပ်ကင်းစင်တဲ့ နယ်မြေဖြစ်အောင် စစ်ရေးရည်မှန်းချက် ချထားတယ်လို့ CNF ပြောရေးဆိုခွင့်ရှိသူ  ဆလိုင်းထက်နီက ပြောပါတယ်။

    ချင်းပြည်နယ်ဟာ နွေဦးတော်လှန်ရေးမှာ အာဏာရှင်စစ်တပ်ကို အရင်ဆုံးတော်လှန်တဲ့ ပြည်နယ်ဖြစ်ပေမဲ့ တခြားတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေလို စစ်ရေးအရှိန်မြှင့်နိုင်ခြင်းမရှိဘဲ အချိန်ကြန့်ကြာနေတာဟာ ပြည်သူလူထု အထိနာမှုမရှိတဲ့ စစ်ရေးဗျူဟာ ဖော်ဆောင်ဖို့အပြင် လက်နက်အင်အား၊ လူအင်အား တောင့်တင်းခိုင်မာမှုမရှိတာကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။

    ရွှေဘို ကင်းဗျားရွာမှာ တိုက်ပွဲဖြစ်ပြီး စာသင်ကျောင်းနဲ့နေအိမ်တချို့ မီးရှို့ခံရ

    ရင်းမြစ်_မြေလတ်အသံ

    မူရင်းသတင်း

    ဇန်နဝါရီ ၁၉ ရက် မနက် ၄ နာရီကျော်မှာ ရွှေဘို ခလရ ၄၂ ဘက်က ထွက်လာတဲ့ စစ်ကောင်စီအင်အား ၅၀ ခန့်ဟာ ကင်းဗျားရွာအနားကိုရောက်လာချိန် ရွာထဲမှာရှိနေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မိနစ် ၂၀ နီးပါးတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

    ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဆုတ်ပေးလိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဟာ ကျေးရွာထဲရောက်လာပြီး ကျေးရွာ အမက စာသင်ကျောင်း၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနေထိုင်တဲ့ အဆောက်အဦတ ၁ လုံးနဲ့ ပြည်သူနေအိမ် ၄ လုံးကို မီးရှို့သွားခဲ့ပါတယ်။

  • အညာသတင်းထုတ်နှုတ်ချက် (7-12 January 2025)

    အညာသတင်းထုတ်နှုတ်ချက် (7-12 January 2025)

    အညာသတင်းထုတ်နှုတ်ချက် (7-12 January 2025)

    စစ်အာဏာသိမ်းထားမှုကို ဖယ်ရှား၊ မြန်မာစစ်တပ် နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန် အပါအဝင် အချက်ခြောက်ချက်ကို စစ်ကောင်စီ လက်ခံပါက ဆွေးနွေးမည်

    ရင်းမြစ် – MPA 

    မူရင်းသတင်း

    စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ် နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန် အပါအဝင် အချက်ခြောက်ချက်ကို စစ်ကောင်စီအနေနှင့် လက်ခံပါက အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များအပေါ် ‌ဆွေးနွေးသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဒီဇင်ဘာ ၈ရက်နေ့ ထုတ်ပြန်သည့် NUG ၏ ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း(PressBriefing)အစီအစဉ်တွင် ပြောသည်။

    (က) စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်။

    (ခ) လက်နက်ကိုင်တပ်ဖွဲ့များ အားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်။

     (ဂ) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှကို တိုက်ဖျက်ရန်။

    (ဃ) သက်ဆိုင်သူအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဌာန်းရန်။

    (င) ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်အား တည်ဆောက်ရန်။

     (စ) ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူး ပြောင်းရေးကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ်ဖော်ဆောင်ရန် အစရှိတဲ့ အချက်တွေ ဖြစ်ပါတယ်။


    NUG က စစ်ကောင်စီ၏ ရာဇဝတ်မှုများကို ICC တွင် တရားစွဲရန်ပြင်ဆင်

    ရင်းမြစ် – BNI 

    မူရင်းသတင်း

    ဇန်နဝါရီ ၃ ရက်နေ့က အွန်လိုင်းမှပြုလုပ်သည့် လူ့အခွင့်အရေးဆိုင်ရာသတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီက အာဏာသိမ်းပြီးချိန်မှ လက်ရှိအချိန်ထိကျူးလွန်နေသည့် ရာဇဝတ်မှုများကို ICC ကနေ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရေး တောင်းဆိုသွားမည်ဟု NUG က ဆိုသည်။

    ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၄,၃၇၂ ခုရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ၇,၃၉၄ ခုအထိရှိရာ နှစ်ဆနီးပါး ချိုးဖောက်မှု ကျုးလွန်လာသည်ဟု NUG ၏ လူ့အခွင့်အရေးဝန်ကြီးဌာနက ပြောဆိုသည်။


    ချင်းပြည်(Chinland)အစိုးရရဲ့ ဆေးရုံ၊ဆေးခန်းတွေမှာတာဝန်ထမ်းဆောင်ဖို့ NUG အစိုးရက ကျန်းမာရေးဝန်ထမ်းကဏ္၁၆ နေရာအတွက် အလုပ်ခေါ်ယူ

    ရင်းမြစ် – Chin World 

    မူရင်းသတင်း

    Chinland Council ကဖွဲ့စည်းပေးထားတဲ့ချင်းပြည် (Chinland) အစိုးရ ၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်ဖို့အတွက် ကျန်းမာရေးဝန်ထမ်း ကဏ္ဏ ၁၆ နေရာအတွက် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက အလုပ်ခေါ်ယူမယ်လို့ ဇန်နဝါရီလ ၈ ရက်နေ့က စာထုတ်ပြန်ထားပါတယ်။

    လျှောက်ထားတဲ့သူတွေအနေနဲ့ မြန်မာနိုင်ငံဖွားဖြစ်ပြီး ကျန်းမာရေးကောင်းမွန်သူဖြစ်ရမှာဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းဖြစ်ပါက CDM ဝန်ထမ်းဖြစ်ရမှာဖြစ်ပြီး စစ်ကောင်စီနဲ့ ပက်သက်မှုမရှိသူ ဖြစ်ရမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ နိုင်ငံဝန်ထမ်းမဟုတ်ပါက စစ်ကောင်စီနဲ့ ပက်သက်မှုမရှိသူ၊ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနနဲ့ ချင်းပြည်(Chinland) အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တာဝန်ချထားတဲ့ နေရာဒေသတွေမှာ သွားရောက် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။


    မန္တလေးတိုင်း မြို့နယ် ၇ ခုမှာ အမျိုးသား ၄၀၀ ကျော် စစ်မှုထမ်းဖို့ဖမ်းဆီးခံထားရ

    ရင်းမြစ် – မြေလတ်အသံ 

    မူရင်းသတင်း

    မန္တလေးသပိတ်အင်အားစုက ကောက်ခံထားတဲ့စာရင်းအရ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာ အောင်မြေသာဇံမြို့နယ် ၆၄ ဦး၊ ချမ်းအေးသာဇံမြို့နယ် ၂၅ ဦး၊ မဟာအောင်မြေမြို့နယ် ၃၈ ဦး၊ ချမ်းမြသာစည်မြို့နယ် ၅၂ ဦး၊ ပြည်ကြီးတံခွန်မြို့နယ် ၈၂ ဦး၊ ပုသိမ်ကြီးမြို့နယ် ၇၇ ဦး၊ အမရပူရမြို့နယ် ၅၃ ဦး စုစုပေါင်း ၃၉၁ ဦးရှိတယ်လို့ သိရပါတယ်။  ဒါ့အပြင် ဇန်နဝါရီလပထမအပတ်အတွင်းမှာလည်း အောင်မြေသာဇံမြို့နယ်၊ မဟာအောင်မြေမြို့နယ်နဲ့ ပြည်ကြီးတံခွန်မြို့နယ်တွေက လူငယ် ၂၀ ကျော် ထပ်မံဖမ်းဆီးခံထားရပြီး စုစုပေါင်းဖမ်းဆီးခံရသူ ၄၀၀ ကျော်ရှိပြီလို့ မန္တလေးသပိတ်အင်အားစု တာဝန်ရှိသူကပြောပါတယ်။

    စစ်မှုထမ်းဖို့ ဖမ်းဆီးခံထားရသူတွေထဲမှာ အသက် ၁၈ နှစ်အောက်လူငယ်တွေကနေ အသက် ၄၀ အရွယ် အမျိုးသားတွေအထိပါဝင်ပြီး ငွေနဲ့ပြန်ရွေးလို့ လွတ်မြောက်လာသူတွေကတော့မရှိသလောက် နည်းပါးတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံရသူအများစုဟာ ရေသန့်ပို့သူ၊ လုံခြုံရေးလုပ်သူ၊ စက်ရုံအလုပ်သမားတွေစတဲ့ အခြေခံလုပ်သားတွေဖြစ်တယ်လို့ သိရပါတယ်။


    မင်းဘူးမြို့နယ်က ဒေသခံ နှစ်ထောင်ခန့် နေရပ်စွန့်ခွာထွက်ပြေးနေရ

    ရင်းမြစ် – RFA 

    မူရင်းသတင်း

    မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်၊ အိုးပြင်မဲရွာကို ဇန်နဝါရီလ ၁၁ ရက်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာကြောင့် ဒေသခံ နှစ်ထောင်ခန့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

    အိုးပြင်မဲရွာဟာ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေ လွှမ်းမိုးထားတဲ့ ပုသိမ်-မုံရွာလမ်းပိုင်းနဲ့ အနီးဆုံးရွာဖြစ်တာကြောင့် စစ်ကောင်စီတပ်က ဒေသခံတွေကို အကြောက်တရားဖြစ်အောင် မီးလာရှို့တာဖြစ်နိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အိုးပြင်မဲရွာဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

  • အညာသတင်းထုတ်နှုတ်ချက် (Week 1, January 2025)​

    အညာသတင်းထုတ်နှုတ်ချက် (Week 1, January 2025)​

    အညာသတင်းထုတ်နှုတ်ချက် (Week 1, January 2025)

    သတင်း (၁)

    စစ်ကိုင်းက စက်သုံးဆီသိုလှောင်ခြံ ၁ ခုကို စစ်ကောင်စီဝင်ဖမ်းပြီး ဂါလံ ၆ သောင်းကျော်သိမ်း 

    သတင်းဌာန – မြေလတ်အသံ

    မူရင်းသတင်းဖတ်ရန် 

    သတင်းအနှစ်ချုပ်

    တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ရာ သယံဇာတလုပ်ကွက်တွေဆီ တင်ပို့ရောင်းချနေတဲ့ စစ်ကိုင်းမြို့နယ်က ဆီသိုလှောင်ခြံ ၁ ခုကို ဝင်ဖမ်းရာ ဆီဂါလံ ၆ သောင်းကျော်၊ လူ ၁၇ ဦးနဲ့ မော်တော်ယာဉ် ၂၂ စီး ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

    အဲဒီစက်သုံးဆီတွေဟာ TNLA/PDF ထိန်းချုပ်ရာ သပိတ်ကျင်းရွှေလုပ်ကွက်၊ မိုးကုတ်ကျောက်တွင်း၊ PDF ထိန်းချုပ်ရာ ကောလင်းရွှေလုပ်ကွက်၊ KIA ထိန်းချုပ်ရာ ဖားကန့်ကျောက်စိမ်းလုပ်ကွက်နဲ့ တနိုင်းဒေသက ရွှေနဲ့ ပယင်းမှော်လုပ်ကွက်တွေဆီ ပို့ဖို့ဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။


    သတင်း (၂) 

    We are Myanmar စိတ်ထားပြီး လ၊က်နက်ကိုင်ပဋိပက္ခကို ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ စစ်ခေါင်းဆောင်ပြော

    သတင်းဌာန – The Mindat Post 

    မူရင်းသတင်းဖတ်ရန်

    သတင်းအနှစ်ချုပ် 

    လက်နက်ကိုင်ပဋိပက္ခနဲ့ သဘောထားကွဲလွဲမှုတွေကို ဥပဒေနဲ့အညီ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့လည်း သူက ပြောထားပါတယ်။

    ၂၀၁၅ အောက်တိုဘာ ၁၅ ရက်နေ့ တနိုင်ငံလုံးပ၊စ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးတဲ့ EAO တချို့ဟာ NCA ပါ ကတိကဝတ်တွေကိုလိုက်နာမှုမရှိဘဲ ချိုးဖောက်နေကြတယ်လို့ စစ်ခေါင်းဆောင်ရဲ့ ဒီနေ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။


    သတင်း (၃) 

    တိုင်းရင်းသားလက်နက်ကိုင်တပ်နဲ့ PDF တွေ ၁၄၄ မြို့နယ်ကို စိုးမိုးထားကြောင်း NUG ထုတ်ပြန်

    သတင်းဌာန -Myanmar Pressphoto Agency

    မူရင်းသတင်းဖတ်ရန်

    သတင်းအနှစ်ချုပ်

    ၂၀၂၄ခု၊ ဒီဇင်ဘာအထိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များက စိုးမိုးအုပ်ချုပ်လျက်ရှိသည့် မြို့နယ်ပေါင်း ၁၁၄ မြို့နယ်ရှိပြီး ၎င်းတို့အနက် မြို့ ၉၅မြို့ (မြို့နယ်အားဖြင့် ၄၈ မြို့နယ်) ကို အပြီးသတ်သိမ်းပိုက်ထားကြောင်း၊ မြို့နယ် ၇၉မြို့နယ်တွင် တော်လှန်စစ်ဖြစ်ပွားနေပြီး စစ်ကောင်စီက စိုးမိုးအုပ်ချုပ်နိုင်သည့်မြို့နယ် ၁၀၇ မြို့နယ်သာ ကျန်ရှိတော့‌ကြောင်း အစီအရင်ခံစာ၌ ပါရှိ‌သည်။


    သတင်း (၄) 

    Unlawful Conscription Watch 

    သတင်းဌာန – NUG Myanmar 

    မူရင်းသတင်းဖတ်ရန် 

    သတင်းအနှစ်ချုပ်

    လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကို ပေးပို့တိုင်ကြားလာတဲ့အချက်တွေနဲ့ စနစ်တကျ ကောက်ယူ စုဆောင်းထားတဲ့အချက်တွေကို အခြေခံပြီး ကိန်းဂဏန်းတွေကို သုတေသနလုပ်ပြီး ဖော်ပြထားပါတယ်။

    ဒီ Dashboard မှာ အဓမ္မစစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီး အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုဖြစ်စဉ်တွေကို လအလိုက်၊ တိုင်းနဲ့ပြည်နယ်အလိုက်တွေ့နိုင်ပါမယ်။ အဓမ္မစစ်မှုထမ်းဥပဒေကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ အသက်အရွယ်အပိုင်းအခြားအလိုက် ဖော်ပြထားမှုနဲ့ တခြားအချက်အလက်တွေလည်း ပါဝင်ပါတယ်။


    သတင်း (၅) 

    ဒေါ်အောင်ဆန်းစုကြည်၏ အမှု ၂ မှု ပြစ်ဒဏ်လျော့ပေါ့ ၊ ၁ မှု လျှင် ၁လခွဲဝန်းကျင်သာ ပြစ်ဒဏ်လျော့ပေါ့မှုရ

    သတင်းဌာန – Mizzima News in Burmese 

    မူရင်းသတင်းဖတ်ရန် 

    သတင်းအနှစ်ချုပ် 

    ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံခဲ့ရသည့် အမှုပေါင်း ၁၉ မှုရှိပြီး ထိုအထဲတွင် ၁၂ မှုသည် အဂတိမှုများဖြစ်ပြီး နှစ်မှုမှာ သဘာဝဘေးပုဒ်မဖြင့် စွပ်စွဲခံရသည့် အမှုများဖြစ်သည်။

    ကျန် ငါးမှုတွင်လည်း သုံးမှုသည် ပြစ်ဒဏ်ပြည့်ပြီးသွားပြီဖြစ်သည့်အတွက် နိုင်ငံတော်လျှို့ဝှက်ဥပဒေပုဒ်မ ၃(၁)(ဂ)နှင့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး စွဲဆိုသည့် ပုဒ်မ ၁၃၀ (က)တို့သာ အကျုံးဝင်မည်ဖြစ်သည်။

    စစ်ကောင်စီ ထိန်းချုပ်ထားသည့် တရားရုံးက ပုဒ်မ ၃(၁)(ဂ) အမှုကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလနှောင်းပိုင်းတွင် ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့ပြီး ပုဒ်မ ၁၃၀ (က) အမှုကို ၂၀၂၂ ခုနှစ် စက်တင်ဘာလအစောပိုင်းတွင် အလုပ်နှင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့သည့်အတွက် လက်ရှိတွင် အဆိုပါ အမှုနှစ်မှုစလုံးမှာလည်း ပြစ်ဒဏ် တနှစ်အောက်သာ ကျန်ရှိတော့သည်။

my_MMMyanmar