လက်ပံနီ၊ ၂၇ ဖေဖော်ဝါရီ ၂၀၂၆
အညာဒေသသည် ယခင်က မြန်မာနိုင်ငံ၏ အဓိက စားနပ်ရိက္ခာထုတ်လုပ်ရေးဒေသ တစ်ခုဖြစ်ခဲ့ သော်လည်း ယနေ့အချိန်တွင် စားနပ်ရိက္ခာစနစ်များ၏ ဖွဲ့စည်းပုံဆိုင်ရာ ပျက်ယွင်းမှုကို ကြုံတွေ့နေ ရသည်။ ဤအကျပ်အတည်းသည် ယာယီဖြစ်ပေါ်သော ထုတ်လုပ်မှုလျော့ကျခြင်းမျိုးမဟုတ်ဘဲ ပဋိပက္ခ၊ ရာသီဥတုဖောက်ပြန်မှုနှင့် အရင်းအမြစ်များကို လက်နက်သဖွယ် အသုံးချခံရမှု (Weaponization of Resources) တို့ကြောင့် ဖြစ်ပေါ်လာသော ဖွဲ့စည်းပုံဆိုင်ရာပြိုလဲမှု (Structural Breakdown) ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှစ၍ ဆက်တိုက်ဖြစ်နေသော ပစ်ခတ်တိုက်ခိုက်မှုများနှင့်အတူ ဒေသတွင်းနေရပ်စွန့်ခွာရသည့်လူဦးရေ (IDP) မှာလည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အများဆုံးဖြစ်နေသည်။ ယခုနှစ် ဖေဖော်ဝါရီလအထိ စာရင်းများအရ စစ်ကိုင်းတိုင်း တစ်ခုတည်းမှာပင် IDP ဦးရေ (၁.၃) သန်းကျော်ရှိနေသည်။ မကွေးတွင် (၃) သိန်းနီးပါး နှင့် မန္တလေးတွင် (၁) သိန်းနီးပါး ရှိကြောင်း ကုလသမဂ္ဂ၏ စာရင်းများအရ သိရသည်။ အညာဒေသ စစ်ရှောင်များ၏ ယာယီတိမ်းရှောင်လိုက်၊ နေရပ်ပြန်လိုက်ဖြစ်နေသည့် သဘောသဘာဝကို ထည့်တွက်ပါက လက်တွေ့ တွင်မူ အဆိုပါကိန်းဂဏန်းများထက် အလွန်ပိုများမည်ဖြစ်သည်။ ထိုအခြေအနေတွင် စစ်ပွဲဒေသရှိ လူထု၏ ရှင်သန်ရေးအတွက် လူသားချင်စာနာမှု အကူအညီများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါ နေသည်။ နိုင်ငံတကာ ရံပုံငွေလျော့ချလာမှုများရှိနေသော်လည်း စစ်ကိုင်း၊ မကွေး နှင့် မန္တလေး ဒေသများသို့ လူသားချင်းစာနာမှုအကူအညီများသည် အထိုက်အလျောက် စီးဆင်းနေသည် ကိုလည်း တွေ့ရသည်။
လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် အကူအညီများမှာ အမှန်တကယ်ထိခိုက်ခံစားနေရသူများထံသို့ လုံလောက်စွာ မရောက်ရှိနိုင်သည့် အနေအထားတွင် ရှိသည့်အရင်းအမြစ်များကို အလိုအပ်ဆုံး နေရာများသို့ ထိထိမိမိရောက်ရှိသွားနိုင်မှုမှာလည်း မေးခွန်းထုတ်စရာပင်။ အာဏာသိမ်းစစ်တပ်၏ ဆက်သွယ်ရေး ဖြတ်တောက်ထားမှု၊ လူသားချင်းစာနာမှု အကူအညီစီးဆင်းမှုကို တင်းကျပ်စွာ ပိတ်ဆို့ထားမှုအပြင် အကူအညီပေးရေးရပ်ဝန်းအပေါ် ဥပဒေစည်းမျဉ်းများဖြင့် ဘောင်ခတ်တင်းကြပ် ထားမှု စသည်တို့ဖြင့် ဖိနှိပ်ထားသည့်အခြေအနေတွင် သမားရိုးကျ အကူအညီပေးရေး ဇာတ်ကောင်များမှာ ချောင်ပိတ်မိနေတော့သည်။ မြန်မာစစ်တပ်၏ အဖက်ဖက်မှ ပိတ်ဆို့၊ တင်းကြပ်မှုများကြားတွင် ၎င်းတို့မှာ ဒုက္ခရောက်နေသောလူထုထံ အကူအညီများ ထိထိမိမိ ရောက်ရှိနိုင်ရန် ကြံစဉ်ဆောင်ရွက်ခြင်းထက် ၎င်းတို့၏ ရပ်တည်ရှင်သန်ရေး ပထမစဉ်းစား၍ blanket approach များကို အသုံးပြုလာသည်။ အကူအညီလိုအပ်နေသူများ၊ အကူအညီ အမျိုးအစား တို့အပြင် အရေးကြီးသည့် ဒေသိယကွဲပြားမှုမျိုးစသည့် အခြေအနေ အသေးစိတ်များကို ရှည်ရှည် ဝေးဝေး စဉ်းစား မနေဘဲ အလုံးစုံခြုံငုံချည်းကပ် လိုက်ခြင်းမျိုးဖြစ်သည်။ ထိုသို့ အကူအညီပေးရေး မဟာဗျူဟာများသည် humanitarian efficiency အတွက် မေးခွန်းထုတ်စရာပင်။
ဒေသိယပြုခြင်းမဟာဗျူဟာ (localisation) ကို အကူအညီပေးရေးရပ်ဝန်းမှ အသံကျယ်ကျယ်ဟစ်၍ လုပ်ဆောင်သော်လည်း အဆိုပါ လုပ်ဆောင်မှုများကိုယ်တိုင်က ဒုက္ခရောက်နေသောလူထုနှင့် ဝေးကွာနေဆဲဖြစ်သည်။ ထိခိုက်ခံစားရသူများ (တနည်းအားဖြင့် အကူအညီပေးရေးလုပ်ငန်းများ၏ အကျိုးခံစားခွင့်ရှိသူများ)မှာ ဒေသိယပြုခြင်းလှိုင်းတွင် ပါဝင်ခွင့်၊ အသံပြုခွင့် ရ၏၊ မရ၏ ဆိုသည်မှာ မေးခွန်းထုတ်စရာပင်။ စစ်မက်ပဋိပက္ခ ဖြစ်ပွားနေသော အခြေအနေတွင် အကူအညီပေးရေး ပိုက်လိုင်း၏ အပေါ်ပိုင်းဇာတ်ကောင်များရှိရာ အလယ်ဗဟိုချက်မသည် စစ်ပွဲအတွင်းမှ အနိဌာရုံများ၊ ရေခံမြေခံပြောင်းလဲနေမှုများ၊ စစ်ပွဲဒေသရှိ လူထု၏ ရုန်းကန်ရှင်သန်နေရမှုများအပါအဝင် ၎င်းတို့မည်သို့ တွေးခေါ်ကြသနည်းဆိုသည့် အခြေအနေအရပ်ရပ်များနှင့် ဝေးကွာနေတတ်ပါသည်။ မြန်မာနိုင်ငံ အကူအညီပေးရေးရပ်ဝန်း၏ ဗဟိုချက်မဖြစ်သည် ရန်ကုန်သည် စစ်ကိုင်းစစ်မြေပြင်တွင် စဉ်းစား လုပ်ဆောင်ကြသည်များနှင့် အတွေးကွာလွန်းမည်မှာ အံ့ဩစရာမဟုတ်ပါပေ။ ဤအခြေအနေတွင် ဒုက္ခရောက်နေသော လူထုအတွင်းရှိ အဖွဲ့အစည်းများမှ ဦးဆောင်သည့် အကူအညီပေးသည့်ပုံစံ ဖြစ်လာရန် မဟာဗျူဟာဆိုင်ရာ အပြောင်းအလဲများပြုလုပ်ရန် လိုအပ်နေ ပါသည်။
စစ်ကိုင်းဒေသတွင် စားနပ်ရိက္ခာမလုံလောက်မှုကို တွန်းအားပေးနေသည့် အကြောင်းရင်းများ
သမားရိုးကျ လူသားချင်းစာနာမှု အကူအညီများထက် မြေပြင်အခြေအနေနှင့် ကိုက်ညီသော၊ ဒေသခံများ ကိုယ်တိုင်ဦးဆောင်သော (Locally-led) ခံနိုင်ရည်ရှိသည့် စိုက်ပျိုးရေးပုံစံများသို့ အရေးပေါ် ကူးပြောင်းရန် လိုအပ်နေပါသည်။ အထူးသဖြင့် အညာဒေသ၏ လက်ရှိစားနပ်ရိက္ခာလိုအပ်ချက် အကျပ်အတည်း၏ အဓိကတွန်းအားများ (Drivers of Insecurity)မှာ
လက်ရှိအခြေအနေအား ပို၍အသေးစိတ်ကြည့်သော်
(က) တွက်ချက်ခန့်မှန်းရန် ခက်လာသော လယ်ယာစိုက်ပျိုးရေးလုပ်ငန်း
ရွှေဘိုခရိုင်ကဲ့သို့ ဆည်မြောင်းများမှ ရေပေးဝေရေးစနစ်ရှိသည့် ဒေသများတွင်ပင် စပါးစိုက် တောင်သူများသည် ခါတိုင်းကဲ့သို့ တွက်ချက်၊ ခန့်မှန်း၍ ရင်းနှီးစိုက်ပျိုးရန် ခက်ခဲလာနေသည်။ ဒေသတွင်း မလုံခြုံမှုမှာ အဓိကအကြောင်းရင်းဖြစ်သော်လည်း သူ့ချည်းသက်သက်မဟုတ်ပေ။ ရေရရှိနိုင်မှု မသေချာခြင်း၊ ဓါတ်မြေဩဇာအပါအဝင် စိုက်ပျိုးရေး သွင်းအားစုဈေးနှုန်းများ မိုးပျံတက်သွားခြင်း နှင့်အတူ ထုတ်လုပ်မှုကုန်ကျစာရိတ် မြင့်တက်ခြင်းတို့မှာ ကြီးမားသော အကြောင်းတရားများဖြစ်သည်။ သွင်းအားစုဈေးနှုန်းများမှာ အလွန်မတည်မငြိမ်ဖြစ်နေပြီး မြို့နယ်၊ ကျေးရွာများ၏ လမ်းပန်းဆက်သွယ်ရေး အနေအထားပေါ်မူတည်၍ ဓါတ်မြေဩဇာဈေးနှုန်းမှာ အလွန်အမင်း ကွာခြားနေလေ့ရှိသည်။ ဥပမာ နယ်မြေချင်း သိပ်မဝေးလှသည့် ဒီပဲယင်းမြို့နယ် နှင့် ကန့်ဘလူမြို့နယ် တို့တွင် ဓါတ်မြေဩဇာ တစ်အိတ်ဈေးနှုန်းမှာ အနည်းဆုံး(၁၀၀၀၀) ကျပ် ကွာဟသည်။
ထိုဝန်ထုပ်ဝန်ပိုးများနှင့် ဆုံးရှုံးနိုင်ချေများလွန်းသည့် အန္တရာယ်တို့ကို စပါးစိုက်တောင်သူများက ခါးစည်းခံရုံသာ။ သူတို့ကို ပခုံးကူထမ်းပေးမည့်သူ မရှိ။ အစိုးရ၏ အကူအညီ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ အကူအညီကို တောင်သူများ လက်လှမ်းမမှီ။ ထိုအခြေအနေမှာ လေထီးမပါဘဲ sky-diving လုပ်ရသည့် အခြေအနေနှင့် တူသည်။ မသေလျှင်တောင် ရမည့်ဒဏ်ရာမှာ ခြေကျိုး၊ လက်ပွန်းအဆင့်တော့ မဟုတ်ပါပေ။
လယ်ကွင်းထဲက ထွက်သည့်နောက် ဈေးကွက်ကို မျှော်ပြန်သော်လည်း ရင်မောစရာ။ မုံရွာကဲ့သို့ ပဲမျိုးစုံနှင့် နှမ်းစသည့် ဆီထွက်သီးနှံများ အဓိက ထုတ်လုပ်ရေးဒေသများတွင်လည်း ကုန်သွယ်ရေး နှောင့်နှေးမှု၊ ရာသီဥတုပြောင်းလဲမှုနှင့် ဈေးကွက်မတည်ငြိမ်မှု တို့ကြောင့် တောင်သူများမှာ စိုက်ပျိုးရေး လုပ်ငန်းဝင်ငွေများ အကြီးအကျယ်လျော့နည်းလာနေသည်။ ထို့ပြင် အညာတစ်ခွင်တွင် လှည့်လည် မွှေနှောက် ဖျက်ဆီးနေသော အာဏာသိမ်းစစ်တပ်၏ စစ်ကြောင်းများကလည်း ကြုံလျှင်ကြုံသလို ရိပ်သိမ်းခါနီး သီးနှံများ သို့မဟုတ် ရိပ်သိမ်းပြီးသီးနှံများကို ဖျက်ဆီးသွားတတ်သေးသည်။ တစ်ချိန်တည်းမှာပင် ဒေသတွင်း နယ်မြေအားပြိုင်မှုနှင့်အတူ ကုန်သွယ်ရေးလမ်းမကြီးများ နှင့် ရွာချင်းဆက်လမ်းများတွင် ခရီးလမ်းသွားလာမှု လွယ်ကူမနေခြင်းတို့ကြောင့် လယ်ယာထွက်ကုန်များ အချိန်မှီတင်ပို့ရောင်းချနိုင်ရန် အခက်အခဲရှိနေသေးသည်။ နောက်ဆုံးတွင် ယင်းမာပင်ခရိုင် အပါအဝင် အညာခြောက်သွေ့ဒေသများတွင် လယ်သမားများသည် စိုက်ပျိုးဧက လျှော့ချခြင်း၊ ရာသီအလိုက် သီးနှံ စိုက်ပျိုးချိန်ရွှေ့ခြင်း သို့မဟုတ် မြေကိုအလွတ်ထားခြင်းစသည့် အန္တရာယ် ရှောင်ကြဉ်သည့် နည်းလမ်းများကို ကျင့်သုံးလာကြရရာ ဒေသတွင်း စားနပ်ရိက္ခာ ထုတ်လုပ်မှုပမာဏမှာ တဖြည်းဖြည်း နည်း၍ နည်း၍ လာနေသည်။
(ခ) ရာသီဥတုပြောင်းလဲမှုများ အလွန်အကျွံဖြစ်ပေါ်လာခြင်းကြောင့် နောက်ဆက်တွဲအန္တရာယ် နှင့် ဆိုးကျိုးများ
စစ်ကိုင်းတိုင်းဒေသကြီးသည် ရာသီဥတုပြောင်းလဲခြင်း၏ နောက်ဆက်တွဲပြဿနာကြောင့် မိုးခေါင်ခြင်း သို့မဟုတ် အချိန်အခါမဟုတ် မိုးရွာခြင်း၊ မိုးကြီးခြင်းများမှာ တနှစ်ထက်တနှစ် ပိုမိုပြင်းထန်လာနေသည်။ မထင်မှတ်သော ရေလွှမ်းမိုးမှုများကို တပြိုင်နက်ကြုံတွေ့နေရသည်။ ၂၀၂၃–၂၀၂၄ ခုနှစ်အတွင်း ယခင်က ရေလွှမ်းမိုးမှု မကြုံဖူးသောဒေသများဖြစ်သည့် ဒီပဲယင်း၊ ခင်ဦး၊၀က်လက်နှင့် အရာတော် မြို့နယ်များ အပါအဝင် လယ်ယာမြေများ ရေလွှမ်းမိုးခံရခြင်းသည် ရာသီအလိုက် (နွေ၊မိုး၊ဆောင်း) စပါးနှင့်သီးနှံများ အလှည့်ကျ စိုက်ပျိုးခြင်းအလေ့အထအပေါ် တောင်သူများ၏ ယုံကြည်မှုကို ပိုမိုလျော့နည်း လာစေသည်။ တောင်သူများမှာ ကံကိုယုံ၍ ဆူးပုံမနင်းရဲ။ ထို့ပြင် ပဋိပက္ခဖြစ်စဥ်များ အထူးသဖြင့် စစ်ပွဲများ၊ စစ်ကောင်စီမှ စစ်ထိုးလာခြင်းများ၊ မြေပြင်တော်လှန်ရေးတပ်များမှ တိုက်ပွဲဖော်ခြင်းများနှင့် ဆက်စပ်သော ကန့်သတ်ချက်များနှင့် ပေါင်းစပ်လိုက်သောအခါ ရာသီဥတုမတည်ငြိမ်မှုသည် စိုက်ပျိုးရေးကို အားပြုရသည့် စစ်ကိုင်းတိုင်းလို ဒေသအတွင်း ဆုံးရှုံးမှုများကို ပိုမိုပြင်းထန်စေသည်။
(ဂ) မြေ၊ ရေနှင့် လှုပ်ရှားသွားလာခွင့်အပေါ် အာဏာပြိုင်ဆိုင်မှု
ဆည်ရေပေးဝေသည့် ရေလမ်းကြောင်း၊ ရေတံခါးများဖွင့်၊ ပိတ်ခြင်းစသည်တို့အား စစ်ကောင်စီမှ ၄င်းတို့၏ ဖြတ်လေးဖြတ်အစီအစဥ် တစိတ်တပိုင်းအနေဖြင့် အကြီးအကျယ်လုပ်သည်။ အထူးသဖြင့် နွေစပါးစိုက်သည့် အချိန်များတွင် ပစ်မှတ်ထား၍ လုပ်သည်။ ထိုအချက်က နွေစပါးစိုက်သည့် တောင်သူများအား စပါးစိုက်ရန် ရေသွင်းရမှု၊ ရေရရှိမှုတို့ကို အခက်အခဲဖြစ်စေသည်။
ထို့ပြင် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများအား ပိတ်ဆို့ခြင်း၊ အထူးသဖြင့် တနေရာမှ အခြား တနေရာသို့ သွားရောက်ရာ လမ်းတွင် မြို့/ရွာ အ၀င်အထွက်ဂိတ်များတွင် ဝင်ရောက်ခွင့်သည် ဒေသဆိုင်ရာအဖွဲ့အစည်းများ (ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ)နှင့် အခြားသောအာဏာ/လက်နက်များ လက်၀ယ်ရှိသည့် အဖွဲ့များအကြား ပြိုင်ဆိုင်မှုများပိုပြင်းထန်လာပြီး၊ ဂိတ်ကြေးကောက်ယူမှု များမှာလည်း ပိုမိုများပြားလာသည်။ ဤအခြေအနေသည် နေရာဒေသအလိုက် မတူညီပဲ တကျောင်းတဂါထာ၊ တရွာတပုဒ်ဆန်းဖြစ်နေကြခြင်းကလည်း လယ်သမားများအတွက် အရာရာကို ခန့်မှန်းရ ပိုခက်စေသည်။ စပါးနှင့် အခြားသီးနှံစျေးကွက်အတွက် အနှောင့်အယှက်ဖြစ်စေပါသည်။ ဥပမာ ကန့်ဘလူမြို့နယ်၏ အခြေအနေသည် အညာဒေသ၏ ပျက်စီးနေသော ဈေးကွက် ကို အထင်ရှားဆုံး သက်သေပြနေသည်။ နယ်မြေကပ်နေသည့် ခင်ဦးမြို့နယ်တွင် စပါးတင်း (၁၀၀) လျှင် (၅၇) သိန်းကျပ် ဈေးပေါက်နေချိန်၌ ကန့်ဘလူတွင် (၁၈) သိန်းခန့်သာ ရရှိခြင်းမှာ ပိုလျှံသော ထွက်ကုန်များကို အပြင်သို့ တင်ပို့နိုင်သည့် လမ်းကြောင်းများ ပိတ်ဆို့ခံထားရခြင်းကြောင့် ဖြစ်သည်။ တစ်ဖက်တွင် ရေနံတွင်းများ ပေါများသည့်နေရာခြင်းအတူတူ စက်သုံးဆီဈေးနှုန်းမှာ မုံရွာ(ဓာတ်ဆီတဂါလံ ၁၄၀၀၀ နှင့် ဒီဇယ်တဂါလံ ၁၃၀၀၀ကျပ်)ထက် ကန့်ဘလူ (ဒီဇယ်/ဓာတ်ဆီတဂါလံ ၂၀၀၀၀ကျပ်) တွင် ပိုပြီး မြင့်တက်နေခြင်း များကြောင့် တောင်သူများသည် အရှုံးနှင့် ရင်ဆိုင်နေရပြီး၊ ဤသည်မှာ စားနပ်ရိက္ခာ ထုတ်လုပ်သူများကိုယ်တိုင် ငတ်မွတ်ခေါင်းပါးမှု ဘေးအန္တရာယ်ဆီသို့ တွန်းပို့ခြင်းခံနေရသည့် အခြေအနေပင် ဖြစ်သည်။
ထို့ကြောင့် လယ်သမားများ၏ စိုက်ပျိုးရေးဆုံးဖြတ်ချက်များသည် စိုက်ပျိုးရေးနည်းပညာအလား အလာထက် လုံခြုံရေးအခြေအနေသုံးသပ်ချက်အပေါ် ပိုမိုအခြေပြုလာကြရပါသည်။
ထို့ကြောင့် လက်ရှိစစ်ကိုင်းတိုင်းသည် ပုံမှန်အရေးပေါ် စားနပ်ရိက္ခာအကူအညီ တစ်ခုတည်း ပံ့ပိုး ပေးရုံ၊ အရေးပေါ်ငွေသားပေးဝေသည့်အစီအစဥ်များ ကူညီရုံနှင့်မလုံလောက်သည့် အနေအထား ဖြစ်ပါသည်။
အရေးပေါ် စားနပ်ရိက္ခာအကူအညီသည် အထူးသဖြင့် နေရာပြောင်းရွှေ့ရသူ စစ်ရှောင်များနှင့် အလွန်အမင်း ထိခိုက်လွယ်သူအုပ်စုများ/အရေးပေါ်အကူအညီလိုအပ်နေသည့် အုပ်စုများအတွက် အရေးကြီးနေဆဲဖြစ်သော်လည်း၊ အဆက်မပြတ်ဖြစ်ပွားနေသော အကြမ်းဖက်မှုများနှင့် ထပ်တလဲလဲ ဖြစ်ပွားနေသော စစ်ပွဲအန္တရာယ်များကြောင့် တောင်သူအိမ်ထောင်စုများသည် အကျပ်အတည်းတစ်ခုမှ နောက်တစ်ခုသို့ ကူးပြောင်းချိန်တွင် ထုတ်လုပ်မှုစွမ်းအားစတင်ရန် ငွေကြေးအားဖြင့် ပြန်လည် နာလန်ထူနိုင်ခြင်း မရှိနိုင်တော့သည်ကလည်း အကြောင်းရင်းတရပ်ဖြစ်လာပါသည်။
ထုတ်လုပ်မှုနှင့် ဝင်ငွေတည်ငြိမ်မှုကိုပံ့ပိုးပေးနိုင်ရန်နှင့်ဒေသအလိုက်စိန်ခေါ်မှုများအား ဖြေရှင်းနိုင်ရန် အမှန်တကယ်အကူအညီဖြစ်စေသည့် လိုက်လျောညီထွေသော ပံ့ပိုးကူညီမှု ပုံသဏ္ဍန်များမဟုတ်လျှင် စားနပ်ရိက္ခာအကူအညီသည် ပြန်လည်ထူထောင်ရေးအတွက် တံတားမဟုတ်ဘဲ အကြိမ်ကြိမ် အခါခါပေးဝေနေရခြင်းဖြင့် အကူအညီရယူသူ လူထုအတွက်လည်း အမှီခိုခံ အခြေအနေ ဆီသို့ လုံးလုံးလျားလျား ကျရောက်သွားစေသည့် ဖြေရှင်းနည်းတစ်ရပ်အနေဖြင့်သာ ရှိနေပါသည်။
ထို့ပြင် လက်ရှိ စစ်ကိုင်းတိုင်းတွင်၊ ၂၀၂၅ မတ်လအတွင်း လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် မြေသား များ အက်ကွဲကာ စိုက်ပျိုးမြေများ ပျက်စီးခဲ့ရုံသာမက၊ ဆည်ရေပေးဝေမှုမှာလည်း စစ်ကောင်စီမှ လုံးဝ ရပ်ဆိုင်းခံထားရခြင်း (Weaponization of water) ကြောင့် အညာဒေသ၏ အဓိက အသက်မွေးဝမ်း ကျောင်းဖြစ်သော နွေစပါးနှင့် ဆီထွက်သီးနှံစိုက်ခင်းများမှာ ဆက်လက်စိုက်ပျိုးရန်၊ ရှင်သန်ရန်လည်း လမ်းစပျောက်နေပါသည်။
ဥပမာအားဖြင့်၊ ဆားလင်းကြီးမြို့နယ်၊ xxx ကျေးရွာတွင် ငလျင်ဒဏ်ကြောင့် မြေပဲခင်းများ တွင် မြေများအက်ကွဲပျက်စီးခဲ့ပြီး ကိုယ်ပိုင်ရေတွင်းမရှိသော တောင်သူများမှာ နွေသီးနှံစိုက်ပျိုးရန်ရေ အရင်းအမြစ် လုံးဝမရှိတော့ပါ။ အစဉ်အလာအရ အားကိုးခဲ့ရသော ဆည်ရေမှာလည်း ပိတ်ပင် ခံထားရသဖြင့် လယ်ယာစိုက်ပျိုးရေးအပြင်၊ ကျေးရွာနေလူထုများ သောက်ရေ၊ သုံးရေအတွက်ပင်လျှင် ရေတွင်းအသစ်များ တူးဖော်ရန်အတွက် ရေစုတ်စက်၊ ရေသွင်းပိုက်များ အရေးပေါ် လိုအပ်နေပါသည်။
အလားတူ ချောင်းဦးမြို့နယ်၊ xxx ကျေးရွာအုပ်စု၊ xxx ကျေးရွာသည် ကုန်စည်စီးဆင်းသည့် အဓိကဆက်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မုံရွာ-မန္တလေးလမ်းမကြီးနားတွင် တည်ရှိပြီး၊ လက်ရှိ လက်ပံတောင်းတောင်မှ ထွက်ရှိသည့် ကြေးနီသတ္တုရိုင်းများအား ၀မ်ပေါင်ကုမ္ပဏီမှ သယ်ယူရာတွင် စစ်ကောင်စီတပ်များမှ ၄င်းတို့လုံခြုံရေးယာဥ်တန်းများနှင့် အလှည့်ကျပုံမှန် သယ်ယူပို့ဆောင် ပေးနေသည်ဖြစ်သောကြောင့် စစ်ကောင်စီတပ်များမှာ ၂၀၂၆ခုနှစ်၊ ဇန်န၀ါရီ လဆန်းပိုင်းမှ စတင်၍ xxx ကျေးရွာတွင် အထိုင်ချတပ်စွဲလာပါသည်။ သို့ဖြစ်ပါ၍ xxx ကျေးရွာရှိ လူဦးရေ ၁၃၈၀၊ အိမ်ထောင်စု (၇၀၀)ကျော်မှာ စစ်ကောင်စီတပ် လက်လှမ်းမမှီသည့် နေရာသို့ ရွေ့ပြောင်းရပါသည်။ ထိုသို့ ရွေ့ပြောင်းသည့် နေရာသစ်တွင် သောက်သုံးရေ ရရှိရန် အနည်းဆုံး (၃) မိုင်ခန့်ဝေးသော နေရာမှ ရေတွင်းသို့ သွားရောက်ခပ်ယူရပါသည်။ အကယ်၍ မသွားရောက်နိုင်သော သက်ကြီးရွယ်အိုနှင့် မသန်စွမ်း၊ ကလေးသူငယ်များပြားသော အိမ်ထောင်စုများမှာ စားသုံးဆီ ငါးပိဿာ၀င် ပုံးနှင့် တပုံးလျှင် (၈၀၀) ကျပ် နှင့် သောက်သုံးရေအား ၀ယ်ယူသုံးစွဲနေရပါသည်။ ငလျင်ဒဏ်ကြောင့် ရေတွင်းများ ပျက်စီးခဲ့ရုံသာမက၊ ဝမ်ပေါင်ကြေးနီစီမံကိန်းနှင့် ကျေးရွာတွင်းရှိ “ကုမာရမျိုးဆက်” လူငယ်အဖွဲ့ကဲ့သို့သော ကိုယ်ထူကိုယ်ထ ရပ်ရွာကူညီရေးအဖွဲ့များမှ ပညာရေးနှင့် လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေရင်း အရေးပေါ်ကူညီရေး လုပ်ငန်းများကိုပါ ကူညီပေးနေသော်လည်း နည်းပညာနှင့် ငွေကြေးလက်လှမ်းမှီမှုမှာ အကန့်အသတ်ရှိနေဆဲဖြစ်ပါသည်။ လက်ရှိ အခြေအနေတွင် အညာလူထု အနေနှင့်အသက်ရှင်သန်ရေးအတွက် အခြေခံအကျဆုံးဖြစ်သော “ရေ”ကို အရေး ပေါ် ဦးစားပေး ဖြေရှင်းရန် လိုအပ်နေပြီး၊ ရေရရှိရေးသည် စားနပ်ရိကွာဖူလုံမှု တစိတ်တပိုင်းအတွက် အဓိကကျသည့်အခြေအနေဖြစ်ပါသည်။
စစ်ကိုင်းတိုင်းအတွင်း၊ ယခုလက်ရှိအခြေအနေသည် အထက်ဖော်ပြပါအခြေအနေများကြောင့် စားနပ် ရိက္ခာဖူလုံရေးဆိုင်ရာ အခြေအနေအတွက် အထောက်အကူပြုစေသော ဒေသအခြေပြု၊ ပံ့ပိုးငွေ ပမာဏမများပြားသည့်၊ ရေတိုလတ်တလောလိုအပ်ချက်ကို ဖူလုံစေပြီး၊ ရေလတ်အစီအစဥ်များအား ချမှတ်နိုင်ရန် အခွင့်အလမ်းရှိသည့် လိုက်လျောညီထွေ၊ မြေပြင်အခြေအနေအရ ပြုပြင် ပြောင်းလဲလွယ်သည့် အရေးပေါ်စီမံချက်များအား ပံ့ပိုးအကူအညီပေးခြင်းသည်သာလျှင် အသင့် တော်ဆုံးနှင့် ထိရောက်မှုအရှိဆုံး၊ လိုအပ်နေသည့် လူထုထံသို့ တိုက်ရိုက်အကူအညီ ရောက်ရှိစေနိုင် သည့် အစီအမံများဖြစ်ပါသည်။ ထို့ပြင် ထိုကဲ့သို့သော အကူအညီအသွင်သဏ္ဍန်များမှာ အရေးပေါ် အခြေအနေအား တုံ့ပြန်ဆောင်ရွက်နေရင်း၊ အချိန်မရွေး ကျရောက်နိုင်သည့် စစ်ကြောင်းထိုးမှုနှင့်
စစ်ပွဲဖော်ဆောင်မှုအစရှိသည့်အန္တရာယ်များမှ ရှောင်လွှဲနိုင်စေမှုကိုပါ အထောက်အကူပြုစေပြီး၊ လူထု၏စားနပ်ရိက္ခာရရှိနိုင်မှုကို/လက်လှမ်းမှီစေနိုင်မှုကိုပါ ရေရှည်တည်ငြိမ်/အကျိုးပြုစေနိုင်သည်။
ဥပမာ ရွှေဘို သို့မဟုတ် ယင်းမာပင်ခရိုင်ရှိ ကျေးရွာများတွင်
ထိုသို့ ဒေသအခြေပြုစီမံချက်ဒီဇိုင်းများ ရေးဆွဲရာတွင်လည်း ပဋိပက္ခကာလအတွင်း ဖြစ်သောကြောင့် သိရှိလိုက်နာကျင့်သုံးရမည့် အခြေအနေများအားသတိပြုမှုရှိခြင်း၊ ပြောင်းလဲ နေသောရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်ခြင်း၊ အလုပ်ပြီးမြောက်မှုထက်စာလျှင် အန္တရာယ် လျှော့ချရေးကို ဦးစားပေး ခြင်းနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များအား ဒေသခံများမှသာ ဦးဆောင်မှုရှိစေခြင်းစသည့် အချက် အလက်များကိုသာ အခြေခံပြီးကျင့်သုံးပါမှသာ အဆင်ပြေနိုင်ပါမည်။
ထိုသို့သော စီမံချက်အစီအစဥ်များအား ဆောင်ရွက်ရာတွင်လည်း စားနပ်ရိက္ခာထုတ်လုပ်မှု အမြင့်ဆုံး ရရှိရေး ထက်စာလျှင် မသေချာမှုနှင့် အချိန်မရွေးအန္တရာယ်ရှိစေသည့် အခြေအနေအောက်တွင် စားနပ် ရိက္ခာရရှိနိုင်မှု သို့မဟုတ် လက်လှမ်းမှီစေနိုင်မှု နှင့် တည်ငြိမ်မှုကိုသာ ဦးစားပေးသင့်ပါသည်။
ရေရှည်တည်တံ့သောရလဒ်များ ရရှိရန်နှင့် အမှန်တကယ်အကျိုးဖြစ်ထွန်းစေရန် ဒေသခံများမှ သာဦးဆောင်သော၊ ၄င်းတို့ကိုယ်တိုင်သိရှိနားလည်ရေးဆွဲထားပြီး၊ဒေသခံအချင်းချင်းအကြား ချိတ် ဆက်ဆောင်ရွက်ကြသည့် အလေ့အထများရှိသည့် မြေပြင်ကွန်ယက်များကိုသာ ပိုမိုအားကောင်း လာစေရန် ပံ့ပိုးပေးစေရန်သာ လိုအပ်ပါသည်။ ပြင်ပပညာရှင်များ မရနိုင်သော လက်တွေ့အခြေအနေ သိမြင်မှုကို ဒေသခံအဖွဲ့များကသာ သိရှိနားလည် ကျွမ်းကျင်ထားကြပါသည်။
သို့ဖြစ်ပါ၍ အညာဒေသရှိ စားနပ်ရိက္ခာမလုံလောက်မှုသည် ယာယီပြဿနာမဟုတ်တော့ဘဲ လူမှုအဖွဲ့အစည်း၏ စနစ်တည်ဆောက်ရေး၊ ဖွဲ့စည်းပုံဆိုင်ရာ အကျပ်အတည်းဖြစ်လာနေပါသည်။ မတူညီသော ဒေသအခြေအနနှင့် လူမှုစံနှုန်းများနှင့် ကိုက်ညီစွာ၊ ပဋိပက္ခကာလအတွင်း အချိန်မရွေး အန္တရာယ် ကျရောက်နိုင်သည့် လုံခြုံးရေးအခြေအနေနှင့် လျော်ညီစွာ ပြုလွယ်၊ ပြင်လွယ်ဖြစ်အောင် စနစ်တကျ ဒီဇိုင်းရေးဆွဲထားသော စီမံချက်များသည်သာ စစ်ကိုင်းတိုင်းအတွင်းရှိ လူထု၏ ပဋိပက္ခ ကာလအတွင်း အရေးပေါ်စားနပ်ရိကွာလိုအပ်ချက်ကို ဖြေရှင်းပေးနိုင်မည့်အပြင် ရေရှည်အတွက် လူထု၏စားနပ်ရိက္ခာလက်လှမ်းမှီနိုင်မှုကိုပါ တည်ငြိမ်စေသည့် အစီအမံဖြစ်ပါသည်။ ထို့အပြင် လူထု၏ ဆက်လက်အသက်ရှင်သန်နိုင်ရေး၊ ပဋိပက္ခကာလအတွင်း ဆက်လက် ကြံ့ကြံ့ခံနိုင်ရေး အတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာအခွင့်အလမ်းများကိုပါ လက်လှမ်းမှီစေခြင်း သို့မဟုတ် စားနပ်ရိကွာ ဖူလုံနိုင်စေရန်အကာအကွယ်ပေးခြင်းနှင့် ရေရှည်တုံ့ပြန်ရေးအတွက် အစီအမံများ ချမှတ်နိုင်သည့် အခြေခံအချက်အလက်များအားလည်း ပံ့ပိုးပေးနိုင်မည်ဖြစ်ပါသည်။
အညာဒေသ၏ စားနပ်ရိက္ခာ အကျပ်အတည်းသည် ယာယီစိုးရိမ်မှု မဟုတ်တော့ဘဲ ဒေသတစ်ခုလုံး၏ ရှင်သန်ရေးနှင့်ဆိုင်သော ကိစ္စဖြစ်သည်။ မြေပြင်ရှိ အမှန်တကယ် လုပ်ဆောင်နေသော အဖွဲ့အစည်း များကို ယုံကြည်စွာဖြင့် တိုက်ရိုက်ပံ့ပိုးခြင်းကသာလျှင် အညာမြေ၏ စားနပ်ရိက္ခာစနစ် ပြိုလဲသွားခြင်း မှ ကာကွယ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
လက်ပံနီသည် အညာဒေသ၏ လူမှုပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများကို အထူးပြုလေ့လာသည့် လွတ်လပ်သည့် သုတေသီတစ်ဦးဖြစ်သည်။ သူမ၏ သုတေသနများမှာ မြေပြင်၏ ပကတိ အခြေအနေများနှင့် နိုင်ငံတကာမူဝါဒရေးရာ မူဘောင်များအကြား ကွာဟမှုကို ချိတ်ဆက်ဖြည့်ဆည်း ပေးရန် အဓိထားသည်။
xxx ကျေးရွာအမည်များကို လုံခြုံရေးကြောင့် မဖော်ပြခြင်းဖြစ်ပါသည်။ ယခုသုံးသပ်ချက်ဆောင်းပါးတွင် ဖော်ပြထားသော အကြောင်းအရာများသည် စာရေးသူ၏ လွတ်လပ်သော အမြင်နှင့် သုံးသပ်ချက်များဖြစ်သည်။
Share via: