အညာလေ့လာရေးစင်တာ

အညာကျေးလက် အရည်အချင်းတွေ

          ဒီစာက ရသကဲတဲ့ အတွေးအမြင်စာစုဖြစ်ပါတယ်။ အညာလေ့လာရေးကိုမှ လူမှုသုတေသန ရှုထောင့်ကနေ ချည်းကပ်တင်ပြခြင်းလည်းဖြစ်ပါတယ်။ အကြောင်းအရာက ရိုးရှင်းပါတယ်။ ကျေးလက်အရည်အချင်းတွေ။ ပညာသင်ကြားခြင်းက ဘာလဲလို့ မေးခွန်းထုတ်တဲ့အခါ ကျောင်းဆရာ၊ စာရေးဆရာဖြစ်တဲ့ ဆရာဦးအောင်သင်းက “အတွေ့အကြုံနဲ့အတွေးအကြံကိုလက်ဆင့်ကမ်းတာ” လို့ အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။ ကျုံဆန့်နိုင်အားကောင်းလွန်းတဲ့ သရေပင်တစ်ကွင်းကဲ့သို့ ချဲ့တွေးလေ၊ ကျယ်ပြန့်လေဖြစ်တဲ့ အနှစ်ချုပ်သဘောတရားတစ်ခု (Abstract concept) တစ်ခုလို့ ကျနော် နားလည်လက်ခံပါတယ်။ သူ့ကိုယ်တိုင်ကကို အဆင့်မြင့်တဲ့ သိမှု နဲ့ သီအိုရီယူဆချက်များ တည်ဆောက်ခြင်းရဲ့ အခြေခံအုတ်မြစ်ဖြစ်သည့်အလျောက် ယျေဘုယျဆန်နေတာ၊ တနည်းအားဖြင့် ဒီအဓိပ္ပါယ်ဖွင့်ဆိုချက် တစ်ခုတည်းမှာကိုက သတ္တုချသူရဲ့ သိမှုအတိုင်းအထွာ နဲ့ ဖြတ်သန်းမှု အပေါ်မူတည်ပြီး ဝိရောဓိဖြစ်ဖွယ်အကောက်အယူတွေ ဆွဲထုတ်နိုင်ပါတယ်။ Ambiguous ဖြစ်တဲ့ အနေအထားတစ်ခုလို့ နားလည်နိုင်ပါတယ်။ ဥပမာအားဖြင့် အတွေ့အကြုံ နဲ့ အတွေးအကြံ နှစ်ခုစလုံးဟာ လူတစ်ဦးချင်း သို့မဟုတ် လူအစုအဖွဲ့ဖြစ်တည်မှုနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ သဘောတရားတွေ ဖြစ်တယ်။ ပုဂ္ဂလဓိဌာန်ဆန်တယ်။ ဒီတော့ ပညာသင်ကြားခြင်းဆိုတာ လူသားအားလုံးနဲ့ အကျုံးဝင်တဲ့ အဓိပ္ပါယ်သတ်မှတ်ချက် (universal definition) ထုတ်နှုတ်ဖို့ ခက်ခဲတဲ့ ဖြစ်စဉ် သို့မဟုတ် သဘောတရားတစ်ခုလို့ နားလည်နိုင်ပါတယ်။ ပညာသင်ကြားခြင်း သို့မဟုတ် လူတစ်ဦးချင်းစီရဲ့ ပညာသင်ကြားခွင့် နဲ့ ပတ်သတ်လို့ နိုင်ငံတကာလူ့အခွင့်အရေးမူဘောင်ထဲက သတ်မှတ်ချက်တွေရဲ့ အကြီးဆုံးအားနည်းချက်ကဘာလဲလို့ သုံးသပ်ရင် “ပညာရေးဆိုတာဘာလဲ” ဆိုတဲ့ အခြေခံ မေးခွန်းကို နိုင်ငံတော်ဆိုတဲ့ အယူအဆဘောင်ထဲက အဖြေပေးထားတာဖြစ်တယ်။ ဥပမာ – “နိုင်ငံတော်ရဲ့ မူဘောင်ထဲက ဖွင့်တဲ့ စာသင်ကျောင်းမှာ ပညာသင်မှပဲ ပညာတတ် (educated) ဖြစ်တယ်” ဆိုသည့်အမြင်ကို ဒီကနေ့ ပညာရေးအခွင့်အရေး နဲ့ ပညာသင်ကြားခြင်း မူဘောင်ကြီးက တည်ဆောက်ထားမိလျှက်သား (formulate) ဖြစ်နေပါပြီ။ ဒီဆောင်းပါးရဲ့ ခေါင်းစဉ်ကို အညာကျေးလက် ပညာရေးလို့ တပ်ချင်ပေမယ့် ဘောင်မဝင်တန်းမဝင်များဖြစ်နေလေမလားဆိုတဲ့ စိုးရိမ်စိတ်ကြောင့် အညာကျေးလက် အရည်အချင်းတွေလို့ပဲ ခေါင်းစဉ်တပ်လိုက်တာပါ။ အခြေခံသီအိုရီ ယူဆချက်ကတော့ ဆရာဦးအောင်သင်းရဲ့ “ပညာသင်တယ်ဆိုတာ အတွေ့အကြုံနဲ့အတွေးအကြံကို လက်ဆင့်ကမ်းတာဖြစ်တယ်” ဆိုတာအပြင်၊ ပညာရေးဆိုတာ “လူ့ဘောင်ဖန်တီးဖို့ဖြစ်တယ်” ဆိုတဲ့ တတိယသီအိုရီ အညွှန်းကိန်းတစ်ခုကိုပါ ထပ်တိုးအခြေခံပြီး အဲဒီသုံးချက်နဲ့ ချိန်ဆဆွေးနွေးချင်တာပါ။ ဒီနေရာမှာ တတိယအချက်က (ပညာရေးဆိုတာ လူ့ဘောင်ဖန်တီးဖို့ဖြစ်တယ်) ကျနော့ရဲ့ ကိုယ်ပိုင် အဆိုပြုချက်သာဖြစ်ပြီးတော့ ထောက်ခံခြင်း၊ ငြင်းဆန်ခြင်း နဲ့ နားထောင်ခြင်းတို့ကို ပန်းပဲဆရာက ဓါးတစ်လက်ဖန်တီးသလို ထုနှက်၊ ဆန်းစစ်၊ ပုံဖော်ဖို့ လိုအပ်နေပါသေးတယ်။

          ကျနော်က တောထဲမှာ မွေးပါတယ်။ တောထဲမှာ ကြီးပြင်းပါတယ်။ တောသားတို့ တတ်သင့်တတ်အပ်တဲ့ သစ်ပင်တက်၊ လယ်ထွန်၊ တောတိုး၊ငှက်ပစ်ကစ တတ်ပါတယ်။ ဒါတွေက ခေတ်သစ်ပညာရေး အယူအဆနဲ့ စကားလုံးအရ ဘောင်ကွပ်ရရင်တော့ ဘဝတွက်တာကျွမ်းကျင်စရာ (life skills) တွေဖြစ်တယ်။ အခြေခံရှင်သန်မှု သို့မဟုတ် ကြံ့ကြံ့ခံနိုင်မှု (survival and resilience) တွေသာဖြစ်တယ်။ ဒီသဘောတရား ဖြစ်ထွန်းလာတာ ကျနော်တို့ အသိုင်းအဝိုင်းမှာတော့ မကြာသေးဘူးလို့သာ ပြောရမှာဖြစ်ပါတယ်။ ဒါတောင်မှ ရွာမှာတော့ အဲဒီအလုပ်ကို လုပ်တဲ့သူက “အနုတ်စုပ်၊ ဂုတ်စုပ်တောသား” ရယ်လို့ အများအမြင်မှာ ရှုမြင်ခံနေရဆဲဖြစ်ပါတယ်။ ဒါနဲ့ဆက်စပ်လို့ နွေဦးတော်လှန်ရေးကာလမှာ ရန်ကုန်၊ မန္တလေးက မြို့သားတွေ အညာတခွင်က ရွာတွေကို ရောက်လာတော့ ဆရာသမားတို့ ပထမဦးဆုံးသင်ရတဲ့ “ကျွမ်းကျင်မှု” သို့မဟုတ် “ပညာရေး” က အဲဒီအတတ်ပညာတွေပဲ ဖြစ်တယ်။ နို့မဟုတ်ရင် ဆရာသမားတို့လည်း ဒီတော၊ ဒီတောင်နဲ့ ဘယ်မှာ ရှင်သန်ဖို့ လွယ်လိမ့်မတုန်း။ မာလာရှမ်းကောမစားဘဲ နေတတ်ဖို့၊ ကန်ရေတို့၊ ချောင်းရေတို့ဆိုတာကို PH7 ရေလို့သဘောထားပြီး သောက်တတ်ဖို့၊ ကိုယ်နေမယ့်တဲကို ကိုယ်တိုင်ဆောက်တတ်ဖို့။ ဒီပညာရေးကို ဆရာသမားတို့ သင်ကြားကြရတာပါပဲ။ ဒါကပဲ အခြေခံ life skills သင်ခန်းစာများမဟုတ်ပါလား။ ကွာခြားချက်ကတော့ “သင်ရိုးညွှန်းတမ်း” ဆို၍ စာအုပ်ထူထူ၊ အရောင်စိုစိုနဲ့ ခန့်ခန့်ငြားငြား မရှိခြင်းပါ။ အညာကျေးလက်ရဲ့ လက်ဆင့်ကမ်းပညာရေးနည်းနာက တမျိုးတဖုံဖြစ်တယ်လို့ နားလည်ပေးလိုက်ကြတဲ့အခါ ရန်ကုန်၊ မန္တလေးတို့က ဆရာသမားတွေ နဲ့ အညာကျေးလက်က ဆရာသမားတွေ အပေးအယူတည့်ကြတာပါပဲ။

          ဒီသဘောတရားတွေကို နိုင်ငံရေးဘောင်ထဲက တွေးတဲ့အခါ အခြေခံအဆင့် “စား၊ နေ” အဆင့်ပဲရှိပါသေးတယ်။ နိုင်ငံရေးဆိုတာ လူတွေရဲ့ “စား၊ ဝတ်၊ နေရေး” လို့ဆိုကြတယ်မလား။ အညာကျေးလက်မှာတော့ လူရယ်လို့ဖြစ်လာတဲ့အခါ အခြေခံ “စား၊ ဝတ်၊ နေရေး” ကို မိဘဆွေမျိုးများက လက်ဆင့်ကမ်း သင်ကြားပေးကြပါတယ်။ စပါးစိုက်၊ ပဲစဉ်းငုံစိုက်၊ နှမ်းစိုက်၊ မြေပဲစိုက်၊ လယ်ထွန်၊ ယာထွန်၊ ထန်းတက်” ဒီပညာတွေအပြင် အိမ်နောက်ဖေး ဈေးဆိုင်တည်တဲ့ ဘဝတွက်တာ ကျွမ်းကျင်စရာကိုပါ အဖေတို့ အမေတို့က သင်ပေးပါတယ်။ အင်္ဂလန်ရဲ့ သင်ရိုးညွှန်းတမ်းစကားနဲ့ပြောရရင် ဒါတွေက core modules တွေပါပဲ။ မယူမနေရ၊ မသင်မနေရပေါ့။ ဒီသဘောတရားကို သိပ်မဝေးသေးတဲ့ ဂျပန်လူမှုအသိုက်အဝန်းမှာလည်း ပုံစံတူတွေ့ရတဲ့ မိသားစုပညာရေး သဘောတရားတွေဖြစ်တယ်လို့ စာရေးဆရာချစ်စံဝင်းရေးခဲ့ဖူးတာ အမှတ်ရပါတယ်။ စာအုပ်နာမည်က ဂျပန်လူငယ်တစ်ယောက်အကြောင်းလို့ထင်ပါတယ်။ ဖတ်ခဲ့ဖူးတာ နှစ်ပေါင်း (၂၀) ဝန်းကျင်ရှိပြီဆိုတော့ မေ့တေ့တေ့။ ထားပါတော့။ အိမ်နောက်ဖေးဈေးဆိုင်တည် သင်ရိုးညွှန်းတမ်း မှာဆိုရင်တော့ ဗူးပင်ကို ရေများများ မသုံးဘဲစိုက်နည်း၊ ကျောက်ဖရုံကို ရာသီချိန်မှန်စိုက်နည်း၊ ခရဲ (အညာမှာ ခေါ်တဲ့ ဖရဲမျိုးစိတ်တစ်မျိုး။  မမှည့်ခင် ချက်စားရပါတယ်။ အရွက်ကို စားလို့မရပါ။ မြေလျှောက်ပင်တစ်မျိုးဖြစ်ပါတယ်။) ကို မြေပဲခင်း သို့မဟုတ် ပဲစဉ်းငုံခင်းထဲမှာ ညှပ်စိုက်နည်း၊ ရုံးပတီကို မန်းကျည်းရွက်ဆွေးနဲ့ စိုက်နည်း စသည်ဖြင့် အိမ်စရိတ်ကာမိအောင် အိမ်နောက်ဖေး စိုက်ခင်းထူထောင်တဲ့ မိသားစုပညာရေးထဲက သင်ရိုးတစ်ခုပါပဲ။ ခေတ်သစ်စကားနဲ့ပြောတဲ့အခါ အော်ဂဲနစ် အိမ်ဥယျာဉ် (organic home garden) ပေါ့။ ကျနော်အင်မတန် သဘောကျမိတဲ့ မိသားစုသင်ရိုးညွှန်းတမ်း တစ်ခုပါပဲ။ ဘယ်အရပ်၊ ဘယ်နေမှာနေနေ နေရာကလေးရတိုင်း ကျနော် ဒီကနေ့အထိ home garden လုပ်ပါတယ်။ အော်ဂဲနစ်သာ စိုက်ပါတယ်။ မိတ်ဆွေတွေစိုက်တာ မြင်ရင်လည်း ချစ်ပါတယ်။ ကျေးလက်ပညာရေးထဲက အခြေခံသင်ရိုးတစ်ခုက “ဝတ်” တဲ့ကိစ္စပါပဲ။ ကိုယ့်ဝါကိုယ်စိုက်၊ ကိုယ့်ချည်ကိုယ်ငင်ပြီး ယက်ကန်းစင်ထောင်ယက်၊ အဆင်ဆန်းတွေ မက်ကြတဲ့ ခေတ်မှာတော့ ဖလှယ်ပြီး ဝတ်ကြတာပေါ့။ မည်သို့ပင်ဆိုစေကာမူ ဒါကလည်း ကျေးလက် အရည်အချင်းတွေ သို့မဟုတ် ကျေးလက်ပညာရေးထဲက core module တစ်ခုပါပဲ။ ဒီစာရေးရင်းနဲ့ မဟတ္တမဂန္ဓီကြီးကိုတောင် လွမ်းမိပါတယ်။ ဂန္ဓီကြီး ကောင်းရာအရပ်မှာ ပျော်ရွှင်နေပါစေ။ အညာကျေးလက်ပညာရေးက “ဖူလုံမှုသဘောတရားကဲ” တဲ့ ပညာရေးဖြစ်နေတယ်ဆိုတာ ကျနော်တို့ ရိပ်စားမိတန်ပါပြီ။

လူမှုဗေဒ

          အညာကျေးလက်ရဲ့ ဘဝတွက်တာကျွမ်းကျင်စရာမှာ လူမှုဗေဒကလည်း ပါပါတယ်။ ဒီသင်ရိုးတွေကတော့ ဗုဒ္ဓရဲ့ အဆုံးအမတွေက တိတိကျကျလွှမ်းမိုးပါတယ်။ လောကနီတိဆိုတာ ကျနော်တို့ ဘိုကေညှပ်ပြီး တက်ခဲ့ရတဲ့ကျောင်းမှာ အာဂုံဆောင်ရပါတယ်။ အော် … အိန္ဒိယသားတွေ အညာကျေးလက်ကို အကြီးအကျယ် လွှမ်းမိုးကြပါပေတယ်။ လူကြီးသူမကို ရိုသေရမယ်။ မှားမှားမှန်မှန် ဟုတ် ..ဟုတ်လို့ ပြောရမယ်။ ဗုဒ္ဓက ကာလာမသုတ်တော်ကို သင်ကြားခဲ့ပေမယ့် ကျနော်တို့ အညာသားတွေက အကောက်အယူလွဲခဲ့ပုံရပါတယ်။ ထားပါတော့လေ။ အဲဒီနောက် (၃၈) ဖြာမင်္ဂလာတရားတော်၊ သင်္ဂါလောဝါဒသုတ်တော် စသည်ဖြင့်ပေါ့။ ဘိုကေဘဝနဲ့ အာဂုံဆောင် ခဲ့ဖူးပေမယ့် အင်္ဂလိပ်လိုရေးတတ်၊ ပြောတတ်ခါမှ အဲဒီဟာတွေ အင်္ဂလိပ်လို ရေးထားတာပြန်ဖတ်ကြည့်မိပြီး “အော် … သာမန်လူနားလည်တဲ့ ဟောပြောပို့ချမှုတွေပါလား” လို့သဘောပေါက် ခဲ့ရပါတယ်။ အဲဒီတော့မှ “ပညာတတ်တယ်” ဆိုတာကလည်း “သာမန်လူနားလည်အောင် ဟောတတ်၊ ရေးတတ်၊ ဆွေးနွေးငြင်းခုံတတ်မှ” ဆိုတာကိုလည်း ကျွဲကူးရေပါ နားလည်ခဲ့ရပါတယ်။ ဒါက အညာကျေးလက် အရည်အချင်းတွေထဲက လူမှုဗေဒ။

အနာဂတ်မျှော်မြင်မှု

          နောက်တစ်ခုက အနာဂတ်မျှော်မြင်မှု။ ဒါက လူသားပညာရေးမှာ မေ့ထားလို့မရတဲ့ ကျောရိုးကြီးဖြစ်တယ်။ လူသားဆိုတာ “အိပ်၊ စား၊ ကာမ” ထက် ပိုစွမ်းတဲ့ သတ္တဝါမျိုးစိတ် မဟုတ်ပါလား။ အဲလိုမှမဟုတ်ရင်လည်း ဆင့်ကဲဖြစ်စဉ်သီအိုရီ (Evolution theory) အရ လူတွေက အခုထိ အမြီးတန်းလန်းအဆင့်ပဲ ရှိပေမပေါ့။ လမ်းပမ်းဆက်သွယ်ရေးလေး ကောင်းလာတာ၊ ကူးလူးဆက်ဆံမှု များလာတာနဲ့အမျှ အညာကျေးလက်ရဲ့ အနာဂတ်မျှော်မြင်မှုကလည်း ရေမြင့်တဲ့အခါ ကြာတင့်ခဲ့တာပါ။ “ငါတို့ငတ်ချင် ငတ်ပလေ့စေ။ ငါတို့သားသမီးကိုတော့ ပညာတတ်ကြီးဖြစ်အောင် ထားမယ်” ဆိုတဲ့ အညာကျေးလက်က ကျောမွဲမိဘပေါင်း မြောက်များစွာကို ကျနော်နေ့တဓူဝတွေ့ဖူး၊ ကြုံဖူး၊ မြင်ဖူး၊ ကြားဖူးပါတယ်။ အဲဒီမိဘတွေ ရှိလို့လည်း ဒီကနေ့ အညာသားတွေက မာ့စလိုရဲ့ လိုအပ်ချက်သီအိုရီပိရမစ်ရဲ့ ထိပ်ဖျားပိုရောက်တဲ့ သိမှုအဆင့်၊ ကိုယ်ပိုင်အမှတ်လက္ခဏာအဆင့်ကို ဆွေးနွေးငြင်းခုံနေကြတာဖြစ်တယ်။ အော် … ကျေးဇူးကြီးမားလှပါ၏။

အညာကျေးလက်ပညာရေး နဲ့ လူ့အခွင့်အရေး

          အညာကျေးလက်ပညာရေးက လူ့ဘောင်တစ်ခုကို အခြေခံစည်းနှောင်မှု ကောင်းကောင်းပေးနိုင်ခဲ့တဲ့၊ ပေးထားနိုင်တဲ့ အဆင့်အတန်းတစ်ခုရှိတယ်လို့ အဆိုပြုရင် ဘယ်သူငြင်းရဲမလဲဆိုတာ သိချင်မိပါတယ်။ အညာသားတွေရဲ့ ဗိသုကာပညာ၊ မိုးလေဝသပညာ၊ ဘဝနေထိုင်မှုပညာတွေက ကောင်းကောင်းကြီးဖြစ်ထွန်းပါတယ်။ ဒုတိယကမ္ဘာစစ်လွန်ကာလများရဲ့ လူ့အခွင့်အရေး ဆွေးနွေးငြင်းခုံမှု (Human Rights discourse) တွေက လူ လူချင်းကျွန်ပြုမှု၊ ကျား-မ တန်းတူမဲပေးခွင့်၊ လူတန်းစားခွဲခြားမှု၊ အသားအရောင်၊ လူမျိုးခွဲခြားမှုဆိုတဲ့ အကြောင်းအရာများက လွှမ်းမိုး နေခဲ့တယ်ဆိုတာ အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ် နဲ့ ဝါရှင်တန်က ပြခန်း၊ ပြတိုက်ပေါင်းသောင်းခြောက်ထောင်၊ ဥရောပတလွှားက ပြခန်းပြတိုက်ပေါင်း သောင်းခြောက်ထောင် ကနေ မြင်နိုင်ပါတယ်။ အညာကျေးလက်ရဲ့ အတွေ့အကြုံ၊ အတွေးအကြံ နဲ့ လူ့ဘောင်ဖန်တီးမှု ရှုထောင့်သုံးခုစလုံးမှာ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေမူဘောင်ထဲက အခွင့်အရေးအညွှန်းကိန်းတွေ၊ နောက်ခံအကြောင်းတရားတွေအပြင် လူသားဆိုင်ရာရှုမြင်မှုတွေနဲ့ ဖီလာဆန့်ကျင်ဖြစ်မနေဘူး ဆိုတာလောက်မှာတော့ ငြင်းချက်ထုတ်စရာရှိမယ် မထင်ပါဘူး။ ကြွားပြောရရင်တော့ အညာကျေးလက်ပညာရေးက ခေတ်အဆင့်အတန်းတစ်ခုကို မှီပါတယ်။

          ဒါတွေက အညာကျေးလက်အရည်အချင်းတွေကို အခြေခံအဆင့် စေ့ငုကြည့်ခြင်းပါ။ ပညာရေးဆိုတာ မိုးမျှော်ပိရမစ်ကြီးတွေလိုပါပဲ။ အုတ်မြစ်ကျယ်ကျယ်၊ ခိုင်ခိုင်ချပြီး ထိုးထွက်၊ တိုးတက်နေရမှာ မလား။ ပညာရေးဆိုတာ မိုးကုတ်စက်ဝန်းကြီးလို ကျယ်ဝန်းနေရမှာ မဟုတ်ပါလား။ လူတစ်ဦး တစ်ယောက်ချင်းစီမှာတော့ အတိုအရှည်မတူညီတဲ့ ပညာရေးပန်းတိုင် အကန့်အသတ်ရှိမှာဖြစ်ပေမယ့် လူ့အသိုက်အဝန်းတစ်ခုအနေနဲ့ဆိုရင်တော့ ကောင်းကင်က ကြယ်တွေကို လှမ်းကြည့်သလို ပညာရေးပန်းတိုင်က မြင့်မြင့်နဲ့ ထင်းထင်းကြီးရှိရမှာက ဆင့်ကဲဖြစ်စဉ်သီအိုရီအလိုအတိုင်းပါပဲ။ ပညာသင်တယ်ဆိုတာ အစိုးရဝန်ထမ်းလုပ်ခွင့်ရဖို့ဆိုတာလောက်ကို လူ့အသိုက်အဝန်းကြီးက လှိုင်လှိုင်ကြီး အားပေးထောက်ခံနေကြရင်တော့ လမ်းလျှောက်တဲ့အခါ မိုးပေါ်ကို ခြေထောက်ထောင်ပြီး လျှောက်သင့်ပါတယ်။ မဟုတ်လဲ မြေကြီးထဲ စိုက်ဝင်မှာပဲလေ။

ဓါတ်ပုံ- ဒို့အညာ

my_MMMyanmar