အာဆီယံအထူးကိုယ်စားလှယ်နဲ့ NUG အပါအဝင် တိုင်းရင်းသားအဖွဲ့အချို့ တွေ့ဆုံ
မူရင်းသတင်း (RFA)
အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အော့သ်မန် ဟာရှင် နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့က ကိုယ်စားလှယ်တွေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး NUG ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက အချိန်တန်ရင် သတင်းထုတ်ပြန်သွားမယ်လို့ RFA ကို ပြောပါတယ်။ ဖေဖော်ဝါရီလ ၇ ရက်နဲ့ ၈ ရက် နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြတာလို့ သတင်းတွေ ထွက်နေတာပါ။ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဟာ ဖေဖော်ဝါရီလ ၆ ရက်နေ့က နေပြည်တော်ကို သွားရောက်ပြီး စစ်ကောင်စီရဲ့ နိုင်ငံခြားဝန်ကြီး ဦးသန်းဆွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အသေးစိတ်ကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
အာဆီယံ အထူးကိုယ်စားလှယ်အနေနဲ့ ဒီခရီးစဥ်အတွင်း မြန်မာ့အရေး အပြောင်းအလဲအတွက် အဖြေတစ်ခုရဖို့ ကြိုးပမ်းတာ၊ စစ်ကောင်စီကို ဖိအားပေးတာမျိုး ရှိလာနိုင်တယ်လို့ အာဆီယံနဲ့ မြန်မာ့အရေး လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။
ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံဆိုင်ရာအခြေခံဥပဒေ အားပြင်ဆင်ရေးဆွဲနေပြီဖြစ်ကြောင်း CNF အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း ၉ ဖွဲ့က ကြေညာ
မူရင်းသတင်း (Chin World)
အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မှုကိုလက်တွေ့ဖော်ဆောင်ပြီးအသွင်ကူးပြောင်းရေးကာလအတွက်ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့သက်ရောက်မှုရှိသောအုပ်ချုပ်ရေးစာတမ်း(Government Document) အဖြစ် ကျင့်သုံးဆောင်ရွက်သွားရန် ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေအားပြင်ဆင်ရေးဆွဲနေပြီဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) အပါအဝင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်နယ်/လူမျိုးကိုယ်စားပြု ဖက်ဒရယ်ကောင်စီ ၉ ဖွဲ့က ဒီကနေ့ ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့မှာထုတ်ပြန်ကြေညာပါတယ်။
CNF အပါအဝင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်း ၉ ဖွဲ့က အသွင်ကူးပြောင်းရေးကာလအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့ သက်ရောက်မှု ရှိသော အုပ်ချုပ်ရေးစာတမ်း (Governing Document) အဖြစ် ကျင့်သုံးသွားမည့် ဖက်ဒရယ်အသွင်းကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေ Articles of Federal Transitional Arrangements – AFTA ကို စတင်ပြင်ဆင်ရေးဆွဲပြီ ကြေညာခြင်းလို့သိရပါတယ်။
တော်လှန်ရေးပဋိဉာဉ်နဲ့ တပ်ပေါင်းစု ပေါ်ပေါက်ဖို့ မျှော်လင့်ကြောင်း NUG ယာယီသမ္မတပြော
မူရင်းသတင်း
ပင်လုံသဘောတူညီမှုလို ပြည်မနဲ့ တောင်တန်းအကြား တော်လှန်ရေးပဋိဉာဉ်တစ်ရပ် ပေါ်ပေါက်ဖို့နဲ့ တိုင်းရင်းသားလူမျိုးစုအားလုံး ပါဝင်ဖွဲ့စည်းထားတဲ့ မဟာမိတ်စစ်ရေးတပ်ပေါင်းစု ပေါ်ပေါက်ဖို့ မျှော်လင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုး (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောလိုက်ပါတယ်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုတဲ့နေ့ အထိမ်းအမှတ် အခမ်းအနားမှာ ယာယီသမ္မတက ပြောကြားခဲ့တာပါ။
လက်ရှိတော်လှန်ရေးဟာ နိုင်ငံရေးအရ၊ လူမျိုးရေးအရနဲ့ အဖိနှိပ်ခံဘဝက လွတ်မြောက်ရေးဖြစ်ပြီး ဗမာနဲ့ တိုင်းရင်းသား ခွဲခြားတော်လှန်နေတဲ့ တော်လှန်ရေးမဟုတ်ဘူးဆိုတာ သတိချပ်ဖို့ ဒူဝါလရှီးလက ပြောခဲ့ပါတယ်။
မုံရွာနဲ့ ချောင်းဦးမှာ ဗုံးကြဲခံရပြီး ဆယ်ဦးကျော် သေဆုံး၊ နှစ်ဆယ်ခန့် ဒဏ်ရာရ
မူရင်းသတင်း(RFA)
စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ ချောင်းဦးမြို့နယ်ထဲက ရွာတွေကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညပိုင်းကစလို့ ၁၃ ရက်နေ့ မနက်အစောပိုင်းအထိ လေကြောင်းကနေ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်တာနဲ့ မြေပြင်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် အရပ်သား ဆယ်ဦးထက်မနည်း သေဆုံးပြီး နှစ်ဆယ်ကျော် ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မုံရွာမြို့နယ်က ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ဘုဘ၊ ဝဲကြီးရွာနဲ့ ချောင်းဦးမြို့နယ်က ရှမ်းထူးနဲ့ ကုလားကြီးရွာတွေကို စစ်ကောင်စီတပ်က Y-12 လေယာဉ်နဲ့ ဗုံးအလုံးရေ ငါးဆယ်နီးပါး ကြဲချတိုက်ခိုက်ခဲ့သလို မုံရွာမြို့နယ်က ရွာတချို့ကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
စစ်ဘေးဒုက္ခသည်စခန်းနဲ့ စာသင်ကျောင်းတွေပါ ဗုံးကြဲခံရပြီး သေဆုံးသူတွေထဲ ကလေး၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေလည်း ပါဝင်ပါတယ်။ ချောင်းဦးမြို့နယ်မှာလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေး နှစ်ဦး အပါအဝင် သုံးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ချောင်းဦးမြို့နယ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
ကုလားကြီးရွာက မိသားစုနှစ်ရာကျော်ဟာ မူလရွာအနီးမှာ ထန်းလက်တဲတွေဆောက်ပြီး နေထိုင်ကြသူတွေဖြစ်တယ်လို့ သူက ပြောပါတယ်။
ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကောင်စီက ဗုံး ၁၂၀ ကျော်ကြဲ
မူရင်းသတင်း (Mizzima)
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့က နှစ်ရက်အတွင်း Y-12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၁၂၀ ကျော် ထိ ကြဲချတိုက်ခိုက်ခဲ့ပြီးဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။
ယမန်နေ့(ဖေဖော်ဝါရီလ ၁၂ ရက်)မွန်းလွဲ၁ နာရီ မှ ၂ နာရီအတွင်း ဗုံး ၃၉ လုံး၊ ညနေ ၅ နာရီ ဝန်းကျင်တွင် ၅၅ လုံးနှင့် ယနေ့ နံနက် ၁၀ နာရီ မှ ၁၁ နာရီ အတွင်း ဗုံး ၃၃ လုံးကြဲချ သွားကြောင်း ဒေသခံများကပြောသည်။
ကလေး-ဂန့်ဂေါ လမ်းပိုင်းရှိ စစ်ကောင်စီတပ်စခန်းတခုကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီလ ၁၁ ရက်နေ့ တွင် စတင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်နေသည်။ ယခု လေကြောင်းတိုက်ခိုက်မှုများသည် တိုက်ပွဲဖြစ်ရာနေရာမဟုတ်ဘဲ အရပ်သားများရှိနေသည့် ကျေးရွာများဖြစ်သည်ဟု ဒေသခံများကပြောသည်။
“အခုလုပ်တဲ့လေကြောင်းတိုက်ခိုက်မှုတွေကအရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ များပါတယ်။ ဘယ်ရွာတွေကိုကြဲနေတာလဲဆိုရင်တော့ ရွာတော်တော်များများလို့ ပဲ ပြောရပါလိမ့် မယ်။ နေရာအနှံ့ကို နှံ့စပ်အောင် လျှောက်ပြီးတော့ကြဲနေတာပါ” ဟု ဒေါ်ရတီအုန်းက ပြောသည်။
Share via: