Tag: Politics

  • အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲက နိုင်ငံရေးအသွင်ကူးပြောင်းမှုအတွက်လား

    အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲက နိုင်ငံရေးအသွင်ကူးပြောင်းမှုအတွက်လား

    အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲက နိုင်ငံရေးအသွင်ကူးပြောင်းမှုအတွက်လား​

    ၂၀၂၁ စစ်အာဏာသိမ်းမှုက (၅) နှစ်ထဲရောက်နေပါပြီ။ မြန်မာ့နွေဦးတော်လှန်ရေးလည်း (၅) နှစ်ထဲ ရောက်နေပါပြီ။ နွေဦးတော်လှန်ရေးရဲ့ တပ်ဦး တော်လှန်ရေးတပ်ဖွဲ့တွေကလည်း လက်လုပ်သေနတ် ပျောက်ကျားစစ်ဆင်ရေးမှသည် သမားရိုးကျ စစ်ဆင်ရေးများအထိ ဖော်ဆောင်နိုင်သည့် အနေအထား ဖြစ်သည်။ စစ်ရေးအရ ဗျူဟာကျသော စခန်းသိမ်း၊ ရွာသိမ်း နှင့် မြို့သိမ်းစစ်ဆင်ရေးများကို ဖော်ဆောင်နိုင်ပါပြီ။ နိုင်ငံတစ်ဝှမ်းက အဓိကကုန်းလမ်း နှင့် ရေလမ်း ဆက်သွယ်ရေး လမ်းမကြီးများကိုလည်း ထိန်းချုပ်ထားနိုင်ကြောင်း တွေ့ရသည်။ ဝေဟင်စိုးမိုးမှုတော့ မရှိပေ။ အမျိုးသားညီညွတ်ရေးအစိုးရ ၏ အချက်အလက်များအရ နိုင်ငံ၏ (၆၈) ရာခိုင်နှုန်းကို စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက် နေသော တော်လှန်ရေးတပ်များက ထိန်းချုပ်ထားသည်။ ကျန်နယ်မြေ အတော်များများမှာလည်း နှစ်ဖက် စစ်ရေးအားပြိုင်နေသော အနေအထားဖြစ်သည်။

    ၂၀၂၀ ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြိုအနိုင်ရပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရသစ်ဖွဲ့လုဆဲဆဲတွင် မြန်မာစစ်တပ်က အာဏာသိမ်းလိုက်သည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့် အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ အဖွဲ့ချုပ်ပါတီဝင် များ၊ ရွေးကောက်ခံကိုယ်စားလှယ်များ နှင့် အာဏာသိမ်းမှုကို ဆန့်ကျင်သူအများအပြားကို ထောင်သွင်း အကျဉ်းချထားသည်။ သတ်ဖြတ်ပြထားသည်။ ထိုစစ်အာဏာသိမ်းမှု နှင့် နောက်ဆက်တွဲ ရက်စက်ကြမ်းကြုတ်မှုများကို မြန်မာစစ်တပ်၏ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဦးဆောင်နေသည်။ ၁၉၆၂ နဲ့ ၁၉၈၈ စစ်အာဏာသိမ်းမှုများကဲ့သို့ လအနည်းငယ်အတွင်း နိုင်ငံ၏ နိုင်ငံရေး နှင့် လုံခြုံရေးရပ်ဝန်းကို စစ်တပ်က စီမံခန့်ခွဲနိုင်သော တည်ငြိမ်မှုမျိုး ဖန်တီးနိုင်မည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင်က မျှော်လင့်ခဲ့သည်။ အာဏာသိမ်းပြီးမကြာခင်တွင် တရုတ်သတင်းဌာနနှင့် အင်တာဗျူးစဉ် စစ်ခေါင်းဆောင်က ထိုအချက်ကို ထုတ်ပြောဖူးသည်။ သို့သော်လည်း မှန်းချက်နှင့် နှမ်းထွက် တက်တက်စင်အောင် လွဲခဲ့သည်။ နွေဦးတော်လှန်ရေး၏ နိုင်ငံရေး နှင့် စစ်ရေးလှိုင်းများကို အာဏာသိမ်းစစ်တပ်က ရင်မဆိုင်နိုင်ပေ။ ထို့အတူ နေပြည်တော်၏ အုပ်ချုပ်ရေး နှင့် စစ်ရေးလက်တံများ ကျိုးနေကြောင်းကို တိုင်းရင်းသားတပ်များ၏ ၁၀၂၇ စစ်ဆင်ရေး၊ ၂၀၂၄ သန်းခေါင်စာရင်း နှင့် ယခုနှစ် မတ်လ (၂၈) ရက်နေ့က လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်က မီးမောင်းထိုးပြခဲ့သည်။ အတည်ပြုရန် ခက်ခဲနေသေးသော သတင်းများအရ မြန်မာစစ်တပ်အတွင်း မင်းအောင်လှိုင်ကို တန်ပြန်အာဏာသိမ်းရန် ကြိုပမ်းမှုများ ရှိခဲ့သည်။ တစ်ဖက်ကလည်း ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း တရုတ်နိုင်ငံ၏ မြန်မာစစ်တပ်အပေါ် ရပ်တည်ချက် ပြောင်းလဲမှုများကလည်း မြန်မာစစ်တပ်ကို နိုင်ငံရေးထွက်ပေါက်ဆီ မြန်မြန်သွားဖို့ အချက်ပြထားသည်။ စစ်ခေါင်းဆောင်ရွေးချယ်လိုက်သော ထွက်ပေါက်မှာ အခြားမဟုတ်။ ရွေးကောက်ပွဲဖြစ်သည်။

    အာဏာသိမ်းစစ်တပ်၏ သတင်းထုတ်ပြန်မှုများအရ ရွေးကောက်ပွဲကို ယခုနှစ် ဒီဇင်ဘာလ နှောင်းပိုင်း မှစ၍ ၂၀၂၆ ခုနှစ် ဇန်နဝါရီလဆန်းအထိပြုလုပ်ရန် လျာထားကြောင်း သိရသည်။ သို့သော် ရက်အတိအကျကိုမူ ယခုထိ ထုတ်ပြန်ခြင်း မရှိပေ။ ထို့အတူ အသွင်ကူးပြောင်းမှုအတွက် အရေးကြီးသော နိုင်ငံရေးဖြစ်စဉ်ဆိုင်ရာ လမ်းကြောင်းကိုလည်း ထုတ်ပြန်ထားခြင်း မရှိပေ။

    အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲနှင့်ပတ်သတ်၍ ၎င်း၏ အတွင်းစည်းမှ ပညာရှင်များ နှင့် နိုင်ငံရေးသမားများကမူ ယခုရွေးကောက်ပွဲမှာ အာဏာသိမ်းထားသည့် စစ်တပ်၏ နိုင်ငံရေးထွက်ပေါက် မဟုတ်ဘဲ ပြည်သူလူထုအတွက် ထွက်ပေါက်ဖြစ်ကြောင်း သတင်းလွှင့်ထား သည်။ 

    ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးကမူ နိုင်ငံရေးအသွင်ကူးပြောင်းမှုအတွက် အရေးပါသော ရွေးကောက်ပွဲ (Transitional election) ဟုဆိုသည်။ ထို့အတူ မြန်မာစစ်တပ်၏ လောင်းရိပ် မလွတ်သော နိုင်ငံရေးရပ်ဝန်းမှာလည်း ရွေးကောက်ပွဲကို နိုင်ငံရေးအသွင်ကူးပြောင်းမှုနည်းလမ်း တစ်ရပ်ဟု ရှုမြင်ထားကြပုံရသည်။ 

    အာဏာရှင်စနစ် မှသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် ရွေးကောက်ပွဲ ဆိုသည်မှာ များစွာသောလုပ်ငန်းများထဲမှ တစ်ခုဖြစ်သည်။ လုပ်လေ့လုပ်ထ ရှိသည်။ မြန်မာပြည်တွင်လည်း ၂၀၁၀ ကမှ လုပ်ခဲ့ဖူးသေးသည်။ သို့သော် လက်ရှိအခြေအနေ၊ အချိန်ကိုက်ဖြစ်မှု နှင့် နိုင်ငံရေးဖြစ်စဉ်ဆိုင်ရာ ထည့်တွက်စရာများ ရှိနေသေးသည်။ လက်ရှိ မြန်မာ့နိုင်ငံရေးရာသီဥတု နှင့် လုံခြုံရေးရပ်ဝန်းမှာ ၂၀၀၇-၂၀၀၉ ကာလများဆီက ကဲ့သို့ တည်ငြိမ်မှုမျိုး ရှိမနေပါ။ နိုင်ငံရေးအရဆိုလျှင် တရုတ်၊ အိန္ဒိယ၊ ရုရှား၊ အာဆီယံ နှင့် ထိုင်းတို့ကဲ့သို့ နိုင်ငံများ၏ တစ်နည်းတစ်ဖုံ ထောက်ခံမှုဖြင့် နိုင်ငံတကာစာမျက်နှာတွင် အားပြုနိုင်သည်။ သို့သော် အိမ်စာ အနည်းငယ် ကျေပြရအုံးမည် ဖြစ်သည်။ ပြည်တွင်းနိုင်ငံရေးရာသီဥတုကို တည်ငြိမ်အောင် လုပ်နိုင်ဖို့ အာဏာသိမ်းစစ်ကောင်စီ၏ စွမ်းဆောင်ရည်မှာ မသေချာပေ။ စစ်ရေးအရဆိုလျှင် တိုင်း စစ်ဌာနချုပ်များအထိ လက်လွှတ်ထားရသည်။ အညာတစ်ခွင်အပါအဝင် စစ်နယ်မြေ အတော်များများတွင် ပေါ်တာဆွဲ၍ လက်ပူတိုက်၊ ရှေ့တန်းပို့ထားရသည့် စစ်မှုထမ်းများဖြင့်သာ ခံစစ်ဆင်နေရသည်။

    ရွေးကောက်ပွဲနှင့် ပတ်သတ်၍ မြန်မာစစ်တပ် ကျေပြရမည့် နိုင်ငံရေးအိမ်စာထဲတွင် ရွေးကောက်ပွဲ မတိုင်မှီ နိုင်ငံရေးဆွေးပွဲလာရမည်ဆိုသည့် အချက်ပါမည်မှာ မလွဲပေ။ မြန်မာစစ်တပ်က ထိုအချက်ကို လက်ခံထားပုံလည်းရသည်။ ယခုရက်ပိုင်းကပဲ “ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲ နှင့် ဖွံ့ဖြိုးရေး” ခေါင်းစဉ်များဖြင့် ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၅ ကို မြန်မာစစ်တပ်က ကျင်းပခဲ့သည်။ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တက်သည်။ ထိုပွဲ၏ အရေးပါမှုကို သတင်းစကား ပါးချင်ပုံရသည်။ လက်တစ်လုံးခြား လုပ်တတ်သည့် မြန်မာစစ်အုပ်စု၏ ထုံးစံအတိုင်း ၎င်းတို့ ကြေငြာထားသည့် ရွေးကောက်ပွဲ၏ အကြိုငြိမ်းချမ်းရေးစကားပွဲကို အာဏာသိမ်းမှုကို ဆန့်ကျင်နေသူများ မပါဘဲလုပ်သည်။ တက်ရောက်သူများကို သရုပ်ခွဲကြည့်လျှင် သုံးမျိုးထွက်သည်။ မြန်မာစစ်တပ် နှင့် ၎င်း၏ လော်ဘီများ၊ စစ်အာဏာသိမ်းမှုကို မဆန့်ကျင်သည့် NCA လက်မှတ်ထိုး ထားသူများ နှင့် ၎င်းကို မဆန့်ကျင်သည့် ဒီမိုကရေစီလမ်းကြောင်း လျှောက်ခဲ့ဖူးသူများ သာဖြစ်သည်။ ရောက်လွယ်အောင် ပြောရလျှင် မြန်မာစစ်တပ် နှင့် ၎င်းကို မဆန့်ကျင်သူများ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်သည်။ မြန်မာစစ်တပ်အတွက်မူ ထိုအခြေအနေကပဲ တွက်ခြေကိုက် ပုံရသည်။ ရွေးကောက်ပွဲအကြို ဟန်ပြနိုင်ငံရေးဆွေးနွေးပွဲများက သူ့ကို သူ့မိတ်ဆွေများအကြား မျက်နှာပန်းလှစေပေမည်။ ထို့အတူ ၎င်းကို မဆန့်ကျင်သော နိုင်ငံရေးအင်အားစုများအတွက်လည်း ကိုယ့်တွက်ကိန်းနှင့်ကို တွက်ခြေကိုက် ပုံရသည်။ အာဏာသုံးရပ်စလုံး မင်းအောင်လှိုင်ကိုင်ထားရာမှ တစ်ချို့အာဏာများကို ဖြန့်ဝေခွင့်ရမည်။ ကန့်သတ်နိုင်ငံရေးလုပ်ခွင့်ရမည်။ အုပ်ချုပ်မှုစနစ်အရဆိုလျှင် လက်ရှိ အလုံးစုံ ထိန်းချုပ် အာဏာရှင်စနစ် (Totalitarian) မှသည် အနည်းငယ်ပျော့ပြောင်းလာသော အာဏာရှင်စနစ် (Authoritarian) အဖြစ် မျှော်လင့်၍ ရနိုင်သည်။ ဒီမိုကရေစီတစ်ဝက်၊ အာဏာရှင်တစ်ဝက်အုပ်ချုပ်ရေး (Semi-authoritarian) ကိုတော့ မျှော်လင့်၍ ရဟန်မတူသေး။ ထိုအဆင့်ကို ကူးပြောင်းရန် အာဏာသိမ်းစစ်တပ်ကိုယ်တိုင် အဆင်သင့်ဖြစ်သေးပုံမရပေ။

    သေချာသည်မှာ အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲသည် နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းရန် နည်းလမ်းမဖြစ်နိုင်ပေ။ နိုင်ငံရေးအသွင်ပြောင်းမှုကို ရွေးကောက်ပွဲနည်းလမ်းဖြင့် လုပ်၍ ရနိုင်သော်လည်း အာဏာသိမ်း စစ်တပ်အနေဖြင့် အရေးကြီးသော အဆာပလာများကို ထည့်တွက် မထားပေ။ အထက်တွင် ဆွေးနွေးခဲ့သကဲ့သို့ လုံခြုံရေးကဏ္ဍအပြင် ပြည်တွင်းနိုင်ငံရေး ဖြစ်စဉ်မှာ လည်း အဆင်သင့် မဖြစ်သေးပေ။ မြန်မာစစ်တပ်နှင့် သဲကြီးမဲကြီး တိုက်နေသော အညာတော်လှန်ရေးတပ်များ အပါအဝင် တိုင်းရင်းသားတပ်များသည် နိုင်ငံရေးအသွင်ပြောင်းရန် အဆင်သင့်မဖြစ်သေးပေ။ အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့်လည်း ၎င်း၏ တွေ့ဆုံဆွေးနွေးရေးမူ (၆) ချက်ကို ပြန်လည် သုံးသပ်၍ ဗျူဟာပြောင်းမည်လား သို့မဟုတ် ထုတ်ပြောထားသည့် အထွေထွေထိုးစစ်ကို စမလား ဆိုသည်ကို ဆုံးဖြတ်နေပုံရသည်။ မည်သို့ပင်ဆိုစေကာမူ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ရွေးကောက်ပွဲနည်းဖြင့် ရလာသည့် တရားဝင်မှုကို နေပြည်တော်က သိမ်းကြုံးယူမည့် အစီအစဉ်ကို အခြားအင်အားစုများက လက်ခံဖို့ခက်သည်။ တိုင်းရင်းသားတပ်တစ်ချို့မှာ အခြေအနေတစ်ရပ်တွင် လက်ခံကောင်း လက်ခံနိုင်လိမ့်မည် ဖြစ်သည်။ လက်ရှိရထားသော နယ်မြေများကို ပိုင်ဆိုင်မှု ခိုင်မာအောင်လုပ်၍ အချိန်တစ်ခုစောင့်ပြီးမှ ဆက်တိုက်သည့်ဗျူဟာမျိုး သုံးရန်မှာလည်း ရွေးချယ်စရာများထဲမှ တစ်ခုဖြစ်နိုင်ပါသည်။ တိုင်းရင်းသားတပ်တစ်ချို့က ထိုယူဆချက်ဖြင့် လမ်းကြောင်းရွေးကောင်း ရွေးနိုင်သော်လည်း အညာက PDF တပ်များကို စကစ အနေဖြင့် နိုင်ငံရေး တရားဝင်မှုပေးမည့် စဉ်းစားချက်မျိုးရှိမည် မဟုတ်ပေ။

    အာဏာသိမ်းစစ်တပ်သည် ရွေးကောက်ပွဲကိစ္စပြောဆိုနေသော်လည်း Transitional Election အနေဖြင့် စဉ်းစားလျှင် မဖြစ်မနေပါရမည့် အခြားအစိတ်အပိုင်းများကိုလည်း ပြောဆိုခြင်း မပြုပေ။ အထက်တွင် ဆွေးနွေးခဲ့သည့် နိုင်ငံရေး၊ စစ်ရေးနောက်ခံအခြေအနေများအပြင် အသွင်ကူးပြောင်းမှုတွင် အခရာကျသည့် အသွင်ကူးပြောင်းမည့် လုပ်ငန်းစဉ် အလိုက် အချိန်ကာလသတ်မှတ်ချက်၊ အသွင်ကူးပြောင်းရေးတွင် လုပ်ရမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာကိစ္စ၊ တရားဥပဒေစိုးမိုးရေးကိစ္စ၊ အရပ်အဖွဲ့အစည်းများ၊ မီဒီများကိစ္စ စသည်တို့နှင့် ပတ်သတ်၍ အစီအစဉ်များ ချပြမထားပေ။ ထိုအခြေအနေတွင် မေးခွန်းတစ်ခုပေါ်လာပါသည်။ 

    Naypyitaw political transition လား၊ national political transition လားဆိုသည်ပင်။ လွယ်လွယ်ပြောရလျှင် အာဏာသိမ်းစစ်ကောင်စီ မှသည် ရွေးကောက်ခံအစိုးရ တစ်ရပ်အဖြစ် နေပြည်တော်အစိုးရကို ပုံဖော်လိုခြင်းလား မေးခွန်းထုတ်ရပေမည်။

    ထို့အတူ အာဏာသိမ်းစစ်တပ်၏ မအောင်မြင်သော ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုများ၊ တစ်နည်းအားဖြင့် NCA ခရီးကို ၂၀၁၅ ခုနှစ်မှ ပြန်စရန် တာစူနေသည့် မြန်မာစစ်တပ်သည် ရွေးကောက်ပွဲပြီးလျှင် ရွေးကောက်ပွဲမှ ရလာသော တရားဝင်မှုဖြင့် ပုံစံပြောင်းချည်းကပ်ရန် လိုလားနေခြင်း ဖြစ်နိုင်ပါသည်။ ရွေးကောက်ပွဲနှင့် ပတ်သတ်၍ အငြင်းပွားစရာများအပြင် အင်မတန်စိုးရိမ်ဖွယ်ရာ ကောင်းသည့် ခြိမ်းခြောက်မှုများ ရှိနေသည်ကိုတော့ အလေးပေးစဉ်းစားသင့်ပါသည်။ သုံးချက်ကိုသာ ထုတ်နှုတ် ပြချင် ပါသည်။ စစ်တပ်၏ ရွေးကောက်ပွဲသည် အခန့်မသင့်ပါက ပိုမိုပြင်းထန်သော ပဋိပက္ခလှိုင်းများ ဖြစ်လာနိုင်ပါသည်။ နံပတ် (၂) အချက်မှာ ပိုမိုပြင်းထန်သော အကြမ်းဖက်မှုများ ကြုံတွေ့လာရ နိုင်ပါသည်။ နောက်ဆုံး နှင့် အရေးကြီးဆုံးမှာ နိုင်ငံတကာက စိုးရိမ်နေသည့် မြန်မာနိုင်ငံသည် နိုင်ငံငယ်များ အစိတ်စိတ်အမွှာမွှာ ကွဲထွက်ခြင်း၏ လမ်းစမှာ မြန်မာစစ်တပ်၏ ရွေးကောက်ပွဲ ဖြစ် သွားနိုင်ပါသည်။


  • အညာကျေးလက်အရည်အချင်းတွေ

    အညာကျေးလက်အရည်အချင်းတွေ

    အညာကျေးလက် အရည်အချင်းတွေ

    ဒီစာက ရသကဲတဲ့ အတွေးအမြင်စာစုဖြစ်ပါတယ်။ အညာလေ့လာရေးကိုမှ လူမှုသုတေသန ရှုထောင့်ကနေ ချည်းကပ်တင်ပြခြင်းလည်းဖြစ်ပါတယ်။ အကြောင်းအရာက ရိုးရှင်းပါတယ်။ ကျေးလက်အရည်အချင်းတွေ။ ပညာသင်ကြားခြင်းက ဘာလဲလို့ မေးခွန်းထုတ်တဲ့အခါ ကျောင်းဆရာ၊ စာရေးဆရာဖြစ်တဲ့ ဆရာဦးအောင်သင်းက “အတွေ့အကြုံနဲ့အတွေးအကြံကိုလက်ဆင့်ကမ်းတာ” လို့ အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။ ကျုံဆန့်နိုင်အားကောင်းလွန်းတဲ့ သရေပင်တစ်ကွင်းကဲ့သို့ ချဲ့တွေးလေ၊ ကျယ်ပြန့်လေဖြစ်တဲ့ အနှစ်ချုပ်သဘောတရားတစ်ခု (Abstract concept) တစ်ခုလို့ ကျနော် နားလည်လက်ခံပါတယ်။ သူ့ကိုယ်တိုင်ကကို အဆင့်မြင့်တဲ့ သိမှု နဲ့ သီအိုရီယူဆချက်များ တည်ဆောက်ခြင်းရဲ့ အခြေခံအုတ်မြစ်ဖြစ်သည့်အလျောက် ယျေဘုယျဆန်နေတာ၊ တနည်းအားဖြင့် ဒီအဓိပ္ပါယ်ဖွင့်ဆိုချက် တစ်ခုတည်းမှာကိုက သတ္တုချသူရဲ့ သိမှုအတိုင်းအထွာ နဲ့ ဖြတ်သန်းမှု အပေါ်မူတည်ပြီး ဝိရောဓိဖြစ်ဖွယ်အကောက်အယူတွေ ဆွဲထုတ်နိုင်ပါတယ်။ Ambiguous ဖြစ်တဲ့ အနေအထားတစ်ခုလို့ နားလည်နိုင်ပါတယ်။ ဥပမာအားဖြင့် အတွေ့အကြုံ နဲ့ အတွေးအကြံ နှစ်ခုစလုံးဟာ လူတစ်ဦးချင်း သို့မဟုတ် လူအစုအဖွဲ့ဖြစ်တည်မှုနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ သဘောတရားတွေ ဖြစ်တယ်။ ပုဂ္ဂလဓိဌာန်ဆန်တယ်။ ဒီတော့ ပညာသင်ကြားခြင်းဆိုတာ လူသားအားလုံးနဲ့ အကျုံးဝင်တဲ့ အဓိပ္ပါယ်သတ်မှတ်ချက် (universal definition) ထုတ်နှုတ်ဖို့ ခက်ခဲတဲ့ ဖြစ်စဉ် သို့မဟုတ် သဘောတရားတစ်ခုလို့ နားလည်နိုင်ပါတယ်။ ပညာသင်ကြားခြင်း သို့မဟုတ် လူတစ်ဦးချင်းစီရဲ့ ပညာသင်ကြားခွင့် နဲ့ ပတ်သတ်လို့ နိုင်ငံတကာလူ့အခွင့်အရေးမူဘောင်ထဲက သတ်မှတ်ချက်တွေရဲ့ အကြီးဆုံးအားနည်းချက်ကဘာလဲလို့ သုံးသပ်ရင် “ပညာရေးဆိုတာဘာလဲ” ဆိုတဲ့ အခြေခံ မေးခွန်းကို နိုင်ငံတော်ဆိုတဲ့ အယူအဆဘောင်ထဲက အဖြေပေးထားတာဖြစ်တယ်။ ဥပမာ – “နိုင်ငံတော်ရဲ့ မူဘောင်ထဲက ဖွင့်တဲ့ စာသင်ကျောင်းမှာ ပညာသင်မှပဲ ပညာတတ် (educated) ဖြစ်တယ်” ဆိုသည့်အမြင်ကို ဒီကနေ့ ပညာရေးအခွင့်အရေး နဲ့ ပညာသင်ကြားခြင်း မူဘောင်ကြီးက တည်ဆောက်ထားမိလျှက်သား (formulate) ဖြစ်နေပါပြီ။ ဒီဆောင်းပါးရဲ့ ခေါင်းစဉ်ကို အညာကျေးလက် ပညာရေးလို့ တပ်ချင်ပေမယ့် ဘောင်မဝင်တန်းမဝင်များဖြစ်နေလေမလားဆိုတဲ့ စိုးရိမ်စိတ်ကြောင့် အညာကျေးလက် အရည်အချင်းတွေလို့ပဲ ခေါင်းစဉ်တပ်လိုက်တာပါ။ အခြေခံသီအိုရီ ယူဆချက်ကတော့ ဆရာဦးအောင်သင်းရဲ့ “ပညာသင်တယ်ဆိုတာ အတွေ့အကြုံနဲ့အတွေးအကြံကို လက်ဆင့်ကမ်းတာဖြစ်တယ်” ဆိုတာအပြင်၊ ပညာရေးဆိုတာ “လူ့ဘောင်ဖန်တီးဖို့ဖြစ်တယ်” ဆိုတဲ့ တတိယသီအိုရီ အညွှန်းကိန်းတစ်ခုကိုပါ ထပ်တိုးအခြေခံပြီး အဲဒီသုံးချက်နဲ့ ချိန်ဆဆွေးနွေးချင်တာပါ။ ဒီနေရာမှာ တတိယအချက်က (ပညာရေးဆိုတာ လူ့ဘောင်ဖန်တီးဖို့ဖြစ်တယ်) ကျနော့ရဲ့ ကိုယ်ပိုင် အဆိုပြုချက်သာဖြစ်ပြီးတော့ ထောက်ခံခြင်း၊ ငြင်းဆန်ခြင်း နဲ့ နားထောင်ခြင်းတို့ကို ပန်းပဲဆရာက ဓါးတစ်လက်ဖန်တီးသလို ထုနှက်၊ ဆန်းစစ်၊ ပုံဖော်ဖို့ လိုအပ်နေပါသေးတယ်။

    ကျနော်က တောထဲမှာ မွေးပါတယ်။ တောထဲမှာ ကြီးပြင်းပါတယ်။ တောသားတို့ တတ်သင့်တတ်အပ်တဲ့ သစ်ပင်တက်၊ လယ်ထွန်၊ တောတိုး၊ငှက်ပစ်ကစ တတ်ပါတယ်။ ဒါတွေက ခေတ်သစ်ပညာရေး အယူအဆနဲ့ စကားလုံးအရ ဘောင်ကွပ်ရရင်တော့ ဘဝတွက်တာကျွမ်းကျင်စရာ (life skills) တွေဖြစ်တယ်။ အခြေခံရှင်သန်မှု သို့မဟုတ် ကြံ့ကြံ့ခံနိုင်မှု (survival and resilience) တွေသာဖြစ်တယ်။ ဒီသဘောတရား ဖြစ်ထွန်းလာတာ ကျနော်တို့ အသိုင်းအဝိုင်းမှာတော့ မကြာသေးဘူးလို့သာ ပြောရမှာဖြစ်ပါတယ်။ ဒါတောင်မှ ရွာမှာတော့ အဲဒီအလုပ်ကို လုပ်တဲ့သူက “အနုတ်စုပ်၊ ဂုတ်စုပ်တောသား” ရယ်လို့ အများအမြင်မှာ ရှုမြင်ခံနေရဆဲဖြစ်ပါတယ်။ ဒါနဲ့ဆက်စပ်လို့ နွေဦးတော်လှန်ရေးကာလမှာ ရန်ကုန်၊ မန္တလေးက မြို့သားတွေ အညာတခွင်က ရွာတွေကို ရောက်လာတော့ ဆရာသမားတို့ ပထမဦးဆုံးသင်ရတဲ့ “ကျွမ်းကျင်မှု” သို့မဟုတ် “ပညာရေး” က အဲဒီအတတ်ပညာတွေပဲ ဖြစ်တယ်။ နို့မဟုတ်ရင် ဆရာသမားတို့လည်း ဒီတော၊ ဒီတောင်နဲ့ ဘယ်မှာ ရှင်သန်ဖို့ လွယ်လိမ့်မတုန်း။ မာလာရှမ်းကောမစားဘဲ နေတတ်ဖို့၊ ကန်ရေတို့၊ ချောင်းရေတို့ဆိုတာကို PH7 ရေလို့သဘောထားပြီး သောက်တတ်ဖို့၊ ကိုယ်နေမယ့်တဲကို ကိုယ်တိုင်ဆောက်တတ်ဖို့။ ဒီပညာရေးကို ဆရာသမားတို့ သင်ကြားကြရတာပါပဲ။ ဒါကပဲ အခြေခံ life skills သင်ခန်းစာများမဟုတ်ပါလား။ ကွာခြားချက်ကတော့ “သင်ရိုးညွှန်းတမ်း” ဆို၍ စာအုပ်ထူထူ၊ အရောင်စိုစိုနဲ့ ခန့်ခန့်ငြားငြား မရှိခြင်းပါ။ အညာကျေးလက်ရဲ့ လက်ဆင့်ကမ်းပညာရေးနည်းနာက တမျိုးတဖုံဖြစ်တယ်လို့ နားလည်ပေးလိုက်ကြတဲ့အခါ ရန်ကုန်၊ မန္တလေးတို့က ဆရာသမားတွေ နဲ့ အညာကျေးလက်က ဆရာသမားတွေ အပေးအယူတည့်ကြတာပါပဲ။

    ဒီသဘောတရားတွေကို နိုင်ငံရေးဘောင်ထဲက တွေးတဲ့အခါ အခြေခံအဆင့် “စား၊ နေ” အဆင့်ပဲရှိပါသေးတယ်။ နိုင်ငံရေးဆိုတာ လူတွေရဲ့ “စား၊ ဝတ်၊ နေရေး” လို့ဆိုကြတယ်မလား။ အညာကျေးလက်မှာတော့ လူရယ်လို့ဖြစ်လာတဲ့အခါ အခြေခံ “စား၊ ဝတ်၊ နေရေး” ကို မိဘဆွေမျိုးများက လက်ဆင့်ကမ်း သင်ကြားပေးကြပါတယ်။ စပါးစိုက်၊ ပဲစဉ်းငုံစိုက်၊ နှမ်းစိုက်၊ မြေပဲစိုက်၊ လယ်ထွန်၊ ယာထွန်၊ ထန်းတက်” ဒီပညာတွေအပြင် အိမ်နောက်ဖေး ဈေးဆိုင်တည်တဲ့ ဘဝတွက်တာ ကျွမ်းကျင်စရာကိုပါ အဖေတို့ အမေတို့က သင်ပေးပါတယ်။ အင်္ဂလန်ရဲ့ သင်ရိုးညွှန်းတမ်းစကားနဲ့ပြောရရင် ဒါတွေက core modules တွေပါပဲ။ မယူမနေရ၊ မသင်မနေရပေါ့။ ဒီသဘောတရားကို သိပ်မဝေးသေးတဲ့ ဂျပန်လူမှုအသိုက်အဝန်းမှာလည်း ပုံစံတူတွေ့ရတဲ့ မိသားစုပညာရေး သဘောတရားတွေဖြစ်တယ်လို့ စာရေးဆရာချစ်စံဝင်းရေးခဲ့ဖူးတာ အမှတ်ရပါတယ်။ စာအုပ်နာမည်က ဂျပန်လူငယ်တစ်ယောက်အကြောင်းလို့ထင်ပါတယ်။ ဖတ်ခဲ့ဖူးတာ နှစ်ပေါင်း (၂၀) ဝန်းကျင်ရှိပြီဆိုတော့ မေ့တေ့တေ့။ ထားပါတော့။ အိမ်နောက်ဖေးဈေးဆိုင်တည် သင်ရိုးညွှန်းတမ်း မှာဆိုရင်တော့ ဗူးပင်ကို ရေများများ မသုံးဘဲစိုက်နည်း၊ ကျောက်ဖရုံကို ရာသီချိန်မှန်စိုက်နည်း၊ ခရဲ (အညာမှာ ခေါ်တဲ့ ဖရဲမျိုးစိတ်တစ်မျိုး။  မမှည့်ခင် ချက်စားရပါတယ်။ အရွက်ကို စားလို့မရပါ။ မြေလျှောက်ပင်တစ်မျိုးဖြစ်ပါတယ်။) ကို မြေပဲခင်း သို့မဟုတ် ပဲစဉ်းငုံခင်းထဲမှာ ညှပ်စိုက်နည်း၊ ရုံးပတီကို မန်းကျည်းရွက်ဆွေးနဲ့ စိုက်နည်း စသည်ဖြင့် အိမ်စရိတ်ကာမိအောင် အိမ်နောက်ဖေး စိုက်ခင်းထူထောင်တဲ့ မိသားစုပညာရေးထဲက သင်ရိုးတစ်ခုပါပဲ။ ခေတ်သစ်စကားနဲ့ပြောတဲ့အခါ အော်ဂဲနစ် အိမ်ဥယျာဉ် (organic home garden) ပေါ့။ ကျနော်အင်မတန် သဘောကျမိတဲ့ မိသားစုသင်ရိုးညွှန်းတမ်း တစ်ခုပါပဲ။ ဘယ်အရပ်၊ ဘယ်နေမှာနေနေ နေရာကလေးရတိုင်း ကျနော် ဒီကနေ့အထိ home garden လုပ်ပါတယ်။ အော်ဂဲနစ်သာ စိုက်ပါတယ်။ မိတ်ဆွေတွေစိုက်တာ မြင်ရင်လည်း ချစ်ပါတယ်။ ကျေးလက်ပညာရေးထဲက အခြေခံသင်ရိုးတစ်ခုက “ဝတ်” တဲ့ကိစ္စပါပဲ။ ကိုယ့်ဝါကိုယ်စိုက်၊ ကိုယ့်ချည်ကိုယ်ငင်ပြီး ယက်ကန်းစင်ထောင်ယက်၊ အဆင်ဆန်းတွေ မက်ကြတဲ့ ခေတ်မှာတော့ ဖလှယ်ပြီး ဝတ်ကြတာပေါ့။ မည်သို့ပင်ဆိုစေကာမူ ဒါကလည်း ကျေးလက် အရည်အချင်းတွေ သို့မဟုတ် ကျေးလက်ပညာရေးထဲက core module တစ်ခုပါပဲ။ ဒီစာရေးရင်းနဲ့ မဟတ္တမဂန္ဓီကြီးကိုတောင် လွမ်းမိပါတယ်။ ဂန္ဓီကြီး ကောင်းရာအရပ်မှာ ပျော်ရွှင်နေပါစေ။ အညာကျေးလက်ပညာရေးက “ဖူလုံမှုသဘောတရားကဲ” တဲ့ ပညာရေးဖြစ်နေတယ်ဆိုတာ ကျနော်တို့ ရိပ်စားမိတန်ပါပြီ။

    လူမှုဗေဒ

    အညာကျေးလက်ရဲ့ ဘဝတွက်တာကျွမ်းကျင်စရာမှာ လူမှုဗေဒကလည်း ပါပါတယ်။ ဒီသင်ရိုးတွေကတော့ ဗုဒ္ဓရဲ့ အဆုံးအမတွေက တိတိကျကျလွှမ်းမိုးပါတယ်။ လောကနီတိဆိုတာ ကျနော်တို့ ဘိုကေညှပ်ပြီး တက်ခဲ့ရတဲ့ကျောင်းမှာ အာဂုံဆောင်ရပါတယ်။ အော် … အိန္ဒိယသားတွေ အညာကျေးလက်ကို အကြီးအကျယ် လွှမ်းမိုးကြပါပေတယ်။ လူကြီးသူမကို ရိုသေရမယ်။ မှားမှားမှန်မှန် ဟုတ် ..ဟုတ်လို့ ပြောရမယ်။ ဗုဒ္ဓက ကာလာမသုတ်တော်ကို သင်ကြားခဲ့ပေမယ့် ကျနော်တို့ အညာသားတွေက အကောက်အယူလွဲခဲ့ပုံရပါတယ်။ ထားပါတော့လေ။ အဲဒီနောက် (၃၈) ဖြာမင်္ဂလာတရားတော်၊ သင်္ဂါလောဝါဒသုတ်တော် စသည်ဖြင့်ပေါ့။ ဘိုကေဘဝနဲ့ အာဂုံဆောင် ခဲ့ဖူးပေမယ့် အင်္ဂလိပ်လိုရေးတတ်၊ ပြောတတ်ခါမှ အဲဒီဟာတွေ အင်္ဂလိပ်လို ရေးထားတာပြန်ဖတ်ကြည့်မိပြီး “အော် … သာမန်လူနားလည်တဲ့ ဟောပြောပို့ချမှုတွေပါလား” လို့သဘောပေါက် ခဲ့ရပါတယ်။ အဲဒီတော့မှ “ပညာတတ်တယ်” ဆိုတာကလည်း “သာမန်လူနားလည်အောင် ဟောတတ်၊ ရေးတတ်၊ ဆွေးနွေးငြင်းခုံတတ်မှ” ဆိုတာကိုလည်း ကျွဲကူးရေပါ နားလည်ခဲ့ရပါတယ်။ ဒါက အညာကျေးလက် အရည်အချင်းတွေထဲက လူမှုဗေဒ။

    အနာဂတ်မျှော်မြင်မှု

    နောက်တစ်ခုက အနာဂတ်မျှော်မြင်မှု။ ဒါက လူသားပညာရေးမှာ မေ့ထားလို့မရတဲ့ ကျောရိုးကြီးဖြစ်တယ်။ လူသားဆိုတာ “အိပ်၊ စား၊ ကာမ” ထက် ပိုစွမ်းတဲ့ သတ္တဝါမျိုးစိတ် မဟုတ်ပါလား။ အဲလိုမှမဟုတ်ရင်လည်း ဆင့်ကဲဖြစ်စဉ်သီအိုရီ (Evolution theory) အရ လူတွေက အခုထိ အမြီးတန်းလန်းအဆင့်ပဲ ရှိပေမပေါ့။ လမ်းပမ်းဆက်သွယ်ရေးလေး ကောင်းလာတာ၊ ကူးလူးဆက်ဆံမှု များလာတာနဲ့အမျှ အညာကျေးလက်ရဲ့ အနာဂတ်မျှော်မြင်မှုကလည်း ရေမြင့်တဲ့အခါ ကြာတင့်ခဲ့တာပါ။ “ငါတို့ငတ်ချင် ငတ်ပလေ့စေ။ ငါတို့သားသမီးကိုတော့ ပညာတတ်ကြီးဖြစ်အောင် ထားမယ်” ဆိုတဲ့ အညာကျေးလက်က ကျောမွဲမိဘပေါင်း မြောက်များစွာကို ကျနော်နေ့တဓူဝတွေ့ဖူး၊ ကြုံဖူး၊ မြင်ဖူး၊ ကြားဖူးပါတယ်။ အဲဒီမိဘတွေ ရှိလို့လည်း ဒီကနေ့ အညာသားတွေက မာ့စလိုရဲ့ လိုအပ်ချက်သီအိုရီပိရမစ်ရဲ့ ထိပ်ဖျားပိုရောက်တဲ့ သိမှုအဆင့်၊ ကိုယ်ပိုင်အမှတ်လက္ခဏာအဆင့်ကို ဆွေးနွေးငြင်းခုံနေကြတာဖြစ်တယ်။ အော် … ကျေးဇူးကြီးမားလှပါ၏။

    အညာကျေးလက်ပညာရေး နဲ့ လူ့အခွင့်အရေး

    အညာကျေးလက်ပညာရေးက လူ့ဘောင်တစ်ခုကို အခြေခံစည်းနှောင်မှု ကောင်းကောင်းပေးနိုင်ခဲ့တဲ့၊ ပေးထားနိုင်တဲ့ အဆင့်အတန်းတစ်ခုရှိတယ်လို့ အဆိုပြုရင် ဘယ်သူငြင်းရဲမလဲဆိုတာ သိချင်မိပါတယ်။ အညာသားတွေရဲ့ ဗိသုကာပညာ၊ မိုးလေဝသပညာ၊ ဘဝနေထိုင်မှုပညာတွေက ကောင်းကောင်းကြီးဖြစ်ထွန်းပါတယ်။ ဒုတိယကမ္ဘာစစ်လွန်ကာလများရဲ့ လူ့အခွင့်အရေး ဆွေးနွေးငြင်းခုံမှု (Human Rights discourse) တွေက လူ လူချင်းကျွန်ပြုမှု၊ ကျား-မ တန်းတူမဲပေးခွင့်၊ လူတန်းစားခွဲခြားမှု၊ အသားအရောင်၊ လူမျိုးခွဲခြားမှုဆိုတဲ့ အကြောင်းအရာများက လွှမ်းမိုး နေခဲ့တယ်ဆိုတာ အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ် နဲ့ ဝါရှင်တန်က ပြခန်း၊ ပြတိုက်ပေါင်းသောင်းခြောက်ထောင်၊ ဥရောပတလွှားက ပြခန်းပြတိုက်ပေါင်း သောင်းခြောက်ထောင် ကနေ မြင်နိုင်ပါတယ်။ အညာကျေးလက်ရဲ့ အတွေ့အကြုံ၊ အတွေးအကြံ နဲ့ လူ့ဘောင်ဖန်တီးမှု ရှုထောင့်သုံးခုစလုံးမှာ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေမူဘောင်ထဲက အခွင့်အရေးအညွှန်းကိန်းတွေ၊ နောက်ခံအကြောင်းတရားတွေအပြင် လူသားဆိုင်ရာရှုမြင်မှုတွေနဲ့ ဖီလာဆန့်ကျင်ဖြစ်မနေဘူး ဆိုတာလောက်မှာတော့ ငြင်းချက်ထုတ်စရာရှိမယ် မထင်ပါဘူး။ ကြွားပြောရရင်တော့ အညာကျေးလက်ပညာရေးက ခေတ်အဆင့်အတန်းတစ်ခုကို မှီပါတယ်။

    ဒါတွေက အညာကျေးလက်အရည်အချင်းတွေကို အခြေခံအဆင့် စေ့ငုကြည့်ခြင်းပါ။ ပညာရေးဆိုတာ မိုးမျှော်ပိရမစ်ကြီးတွေလိုပါပဲ။ အုတ်မြစ်ကျယ်ကျယ်၊ ခိုင်ခိုင်ချပြီး ထိုးထွက်၊ တိုးတက်နေရမှာ မလား။ ပညာရေးဆိုတာ မိုးကုတ်စက်ဝန်းကြီးလို ကျယ်ဝန်းနေရမှာ မဟုတ်ပါလား။ လူတစ်ဦး တစ်ယောက်ချင်းစီမှာတော့ အတိုအရှည်မတူညီတဲ့ ပညာရေးပန်းတိုင် အကန့်အသတ်ရှိမှာဖြစ်ပေမယ့် လူ့အသိုက်အဝန်းတစ်ခုအနေနဲ့ဆိုရင်တော့ ကောင်းကင်က ကြယ်တွေကို လှမ်းကြည့်သလို ပညာရေးပန်းတိုင်က မြင့်မြင့်နဲ့ ထင်းထင်းကြီးရှိရမှာက ဆင့်ကဲဖြစ်စဉ်သီအိုရီအလိုအတိုင်းပါပဲ။ ပညာသင်တယ်ဆိုတာ အစိုးရဝန်ထမ်းလုပ်ခွင့်ရဖို့ဆိုတာလောက်ကို လူ့အသိုက်အဝန်းကြီးက လှိုင်လှိုင်ကြီး အားပေးထောက်ခံနေကြရင်တော့ လမ်းလျှောက်တဲ့အခါ မိုးပေါ်ကို ခြေထောက်ထောင်ပြီး လျှောက်သင့်ပါတယ်။ မဟုတ်လဲ မြေကြီးထဲ စိုက်ဝင်မှာပဲလေ။

    ဓါတ်ပုံ- ဒို့အညာ

  • တီဂျေနှင့် အင်စတီကျူးရှင်းများ ပြုပြင်ပြောင်းလဲရေး

    တီဂျေနှင့် အင်စတီကျူးရှင်းများ ပြုပြင်ပြောင်းလဲရေး

    တီဂျေနှင့် အင်စတီကျူးရှင်းများ ပြုပြင်ပြောင်းလဲရေး

    TJ and IR

    အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုလုပ်ငန်းစဉ်တွေ လုပ်တဲ့အခါ ရေသောက်မြစ်ကို ထိနိုင်ဖို့ လိုတယ်။ မတရားမှုတွေရဲ့ အရင်းခံအကြောင်းတရား၊ မထိရောက်မှုတွေရဲ့ အရင်းခံအကြောင်း တရား အဲဒါတွေကို ဖော်ထုတ်ပြီး ဖြေရှင်းဖို့က အချိန်အားဖြင့် ကန့်သတ်ဘောင်တစ်ခုထဲမှာ အကောင်အထည်ဖော်ရတဲ့ အသွင်ကူးပြောင်းရေးကာလတရားမျှတမှုဘောင်က ပြေစေပျောက်စေ တော့ ဖြေရှင်းနိုင်မှာ မဟုတ်ပေမယ့် အရင်းခံအကြောင်းတရားတွေကို ဖြေရှင်းရမယ်ဆိုတဲ့ အသိအမှတ်ပြုမှု၊ ကြိုးပမ်းအားထုတ်မှု နဲ့ နိုင်ငံရေးသဘောတူညီချက်၊ ဥပဒေပြဌာန်းချက်တွေကို ထိထိမိမိ လုပ်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။ မတရားမှုတွေအကြောင်းပြောတဲ့အခါ တရားရုံး ဘောင်ထဲကနေ ဖြေရှင်းတာ၊ အမှန်တရားကော်မရှင်တွေရဲ့ ဘောင်ထဲကနေဖြေရှင်းတာ တွေအပြင် မတရားမှုလုပ်ခွင့်ရနေစေတဲ့ ဥပဒေပေးထားချက်များ၊ ချယ်လှယ်ခွင့်ရနေတဲ့ အင်စတီကျူးရှင်းများ၊ အစိုးရဗျူရိုကရေစီထဲက အကာအကွယ်ရနေတဲ့ ဝန်ထမ်းအစုအဖွဲ့များ နဲ့ ဗဟိုစုအား လျှော့ချလိုက် ဖို့ကလည်း အသွင်ကူးပြောင်းရေးကာလတရားမျှတမှု လုပ်ငန်းစဉ် တွေထဲက တစ်ခုဖြစ်တဲ့ အင်စတီကျူးရှင်းများ ပြုပြင်ပြောင်းလဲခြင်းရဲ့ ပင်မ အစိတ်အပိုင်းများ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျနော်ဆွေးနွေးချင်တဲ့ ဒုတိယအချက်က ဗဟိုခွာအားကို အားပေးဖို့ ဖြစ်ပါတယ်။ ဒေသန္တရ ဒီမိုကရေစီနဲ့ ဒေသန္တရအုပ်ချုပ်ရေးကို အားကောင်းအောင် မွေးမြူဖို့ ဖြစ်ပါတယ်။  

    အဲဒီအကြောင်းအရာတွေထဲကနေ ဆက်စပ်ပြီး အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု လုပ်ငန်းတွေထဲက အင်စတီကျူးရှင်းများ ပြုပြင်ပြောင်းလဲရေးကိစ္စကို ဆွေးနွေးတင်ပြမှာ ဖြစ်ပါတယ်။ တရားရုံးအခန်းထဲက ကိစ္စရပ်တွေကို ခဏ ချန်ထားပြီး တရားရုံးပြင်ပမှာ မဖြစ်မနေ လုပ်ရမယ့်၊ လုပ်လို့ရနိုင်တဲ့ ကိစ္စရပ်တွေကို ဦးတည်ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးရဲ့ အစိတ်အပိုင်း (၁) မှာ ပထမဦးဆုံး ဆွေးနွေးချင်တာ အစိုးရဗျူရိုကရေစီယန္တရားကို ဒေသိယပြုဖို့ ဖြစ်ပါတယ်။ တစ်ခုခုဆိုရင် ဗဟို Executive Branch နဲ့ အနီးဝန်းကျင်က မီးစိမ်းပြမှာ သို့မဟုတ် မီးဝါ၊ မီးနီ မပြမှာကိုပဲ ထိုင်စောင့်၊ စိုးရိမ်နေရတဲ့ ဗျူရိုကရေစီဝန်ထုပ်ဝန်ပိုးကြီးကို ပြင်ဆင်ဖို့ လိုပါတယ်။ ဒါက စစ်အာဏာရှင်စနစ် သို့မဟုတ် ဗဟိုဦးစီးစနစ်ကနေ ဖက်ဒရယ်စနစ်ဆီကို အသွင်ကူးပြောင်းရေးလုပ် တဲ့ လုပ်ငန်းစဉ်ထဲမှာ အသက်သွေးကြောဖြစ်တယ်။ အဲဒီလို လုပ်နိုင်ဖို့ဆိုတာကလည်း အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုလုပ်ငန်းတွေရဲ့ လိုရင်းချက် တစ်ခုလည်း ဖြစ်ပါတယ်။ မဟုတ်ဘူးဆိုရင် အင်စတီကျူးရှင်းများ ပြုပြင်ပြောင်းလဲရေးဆိုတာက တစ်ထောင့်တစ်ညပုံပြင် တွေမှာသာ အဆုံးသတ်ရမှာ ဖြစ်တယ်။ ကျနော်တို့ ဘယ်ကိုမှ ရောက်မှာ မဟုတ်။ မြင်သာအောင် ဥပမာတစ်ခု ထုတ်နှုတ်တင်ပြပါ့မယ်။ ဝန်ထမ်းခန့်ထားရေး ဖြစ်ပါတယ်။

    အသွင်ကူးပြောင်းရေးကာလတရားမျှတမှုမှာ ဝန်ထမ်းခန့်ထားရေးနဲ့ပတ်သတ်လို့ နောက်ကြောင်း ရာဇဝင်စစ်ဆေးခြင်း (vetting) လုပ်ရပါတယ်။ ဗဟိုဦးစီးစနစ်ကနေ အသွင်ပြောင်းဖို့ တော်လှန်ရေး တစ်ရပ်ကို ဆင်နွှဲပြီးခါမှ vetting ကို ဗဟိုကပဲ စစ်ခွင့်၊ အတည်ပြုခွင့်ရမယ့် ပြဌာန်းချက်မျိုးကို ကျနော်တို့ အစကတည်းက မလုပ်မိဖို့ လိုပါတယ်။ ကျိုးကြောင်းဆီလျှော်မှု မရှိပါဘူး။ တချိန်တည်းမှာပဲ ဒေသန္တရအစိုးရအနေနဲ့ သူ့ဒေသနဲ့သူ ဝန်ထမ်းရွေးချယ်ပိုင်ခွင့်၊ ခန့်ထားပိုင်ခွင့် နဲ့ ထုတ်ပယ်ပိုင်ခွင့်တွေကို ရရှိနေဖို့ လိုပါတယ်။ သို့သော် ဘယ်လိုပြစ်မှုမျိုး ကျူးလွန်သူဆိုရင်တော့ ဘယ်ပြည်နယ်ကမှ vetting ပေးအောင်ခွင့် မရှိဆိုတာမျိုး ဘုံသတ်မှတ်ချက် တစ်ခု လိုနေသေးတာလည်း ငြင်းလို့မရပါဘူး။ ဒါက ဖက်ဒရယ် နဲ့ ပြည်နယ်တွေကြားက ညှိနှိုင်း ဆောင်ရွက်ရမယ့် ကိန်းရှင်တစ်ခုအဖြစ် နားလည်နိုင်ပါတယ်။

    ဒီနေရာမှာ အပေါ်မှာ ပြောခဲ့တဲ့ ဒေသန္တရအစိုးရဆိုတာ ပြည်နယ်အစိုးရတစ်ခုတည်းကို ရည်ညွှန်းတာ မဟုတ်ဘူးဆိုတာ သတင်းစကားပါးချင်ပါတယ်။ ပြည်နယ်အစိုးရထက်ပိုပြီး လက်လီစိပ်တဲ့ အစိုးရများကို ဆိုလိုတာဖြစ်ပါတယ်။ ဘယ်လောက်ထိ လက်လီစိပ်မလဲ ဆိုတာကတော့ သက်ဆိုင်ရာ ပြည်နယ်ရဲ့ တည်ရှိမှု နဲ့ အားသာချက်၊ အားနည်းချက်များ အပေါ်မှာသာ မူတည်ပါတယ်။

    ဒုတိယ အစိတ်အပိုင်းအနေနဲ့ လူ့အသိုင်းအဝိုင်းရဲ့ အချောင်ခိုချင်စိတ်၊ တနည်းအားဖြင့် Free riders တွေကို အချောင်ခိုခွင့်နည်းအောင် ဖန်တီးဖို့ဖြစ်ပါတယ်။ လူ့အသိုင်းအဝိုင်းရဲ့ နိုင်ငံသားဖြစ်မှု နဲ့ နိုင်ငံသားတာဝန်ယူမှု (Active citizenship) ကို အားကောင်းအောင် မွေးမြူဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ မြန်မာပြည်လို စုံလင်များပြားလှ လူမျိုးစုတွေ၊ လူမျိုးစုဆိုင်ရာ နိုင်ငံရေးအစုအဖွဲ့၊ စစ်ရေးအစုအဖွဲ့တွေ ရှိတဲ့ တိုင်းပြည်အနေနဲ့ နိုင်ငံသားဖြစ်မှုနဲ့ နိုင်ငံသားတာဝန်ယူမှုကို ဖြစ်ထွန်းအောင် မွေးမြူဖို့ဆိုတာ နိုင်ငံတော်တည်ဆောက်ရေးရဲ့ ပင်မဖြစ်တဲ့ ဘုံအမှတ်လက္ခဏာတ တစ်ခု၊ ဓလေ့တစ်ခု ဦးစွာဖြစ်ထွန်းဖို့ လိုအပ်ပါတယ်။ တစ်ချိန်တည်းမှာပဲ မတူညီတဲ့ လူ့အသိုင်းအဝန်းငယ်လေးတွေရဲ့ လွတ်လပ်မှု၊ ဒူပေဒါပေခံမှု နဲ့ အပြန်အလှန်အကျိုးပြုမှု တန်ဖိုးတွေ ဖြစ်ထွန်းအောင် လုပ်ဖို့တွေက Free riders ပြဿနာကို ဖြေရှင်းဖို့ အထောက်အကူဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဒီအချက်တွေကို ဒီနေရာမှာ ဘာကြောင့်ဆွေးနွေးရသလဲဆိုတော့ အင်စတီကျူးရှင်းများ ပြုပြင်ပြောင်းလဲရေးနဲ့ လူမှုအသိုင်းအဝိုင်းရဲ့ ရေချိန်အနိမ့်အမြင့်ဆိုတာ နီးကပ်စွာ ဆက်စပ်နေကြတဲ့ အရာတွေဖြစ်လို့ပါပဲ။

    ဓါတ်ပုံ- အင်တာနက်

  • အညာတော်လှန်ရေး၂၀၂၅

    အညာတော်လှန်ရေး၂၀၂၅

    အညာတော်လှန်ရေး ၂၀၂၅

    ၂၀၂၁ အာဏာသိမ်းတော့ အညာလူထုက အုံနဲ့ကျင်းနဲ့ ထကြွလာရုံသာမကဘဲ လက်နက်ကိုင် ပြီးတော့ နေပြည်တော်စစ်တပ်ကို ပြန်ချလိမ့်မယ်လို့ ဘယ်သူမှ မတွေးမိကြဘူးဆိုရင် လွန်မယ် မထင်။ အငိုက်အမိဆုံးကတော့ နေပြည်တော်စစ်တပ်ကိုယ်တိုင်ပဲဖြစ်တယ်။ ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရကို ဖြုတ်ချအပြီး သုံးလကျော်အကြာ၊ တရုတ်အစိုးရ အာဘော် Phoenix TV နှင့် သီးသန့်မေးမြန်းခန်းတွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ပြောရရင်တော့ဗျာ … ဟို ပြောရလို့ရှိရင်တော့ အဲလောက်ထိတော့များလိမ့်မယ် လို့ ကျနော်မထင်ခဲ့ဘူး”ဟု ရှားရှားပါးပါးဝန်ခံသည်။ ထိုကဲ့သို့ ဝန်ခံလိုက်ရခြင်းအတွက်လည်း ရှက်နေပုံရသည်။ အင်တာဗျူးနေစဉ်အတွင်း တောင့်တောင့်ကြီးထိုင်နေရာမှ ခန္ဓာကိုယ်ကို ရှေ့ကိုင်းပြီး လှုပ်သည်။ မျက်နှာမှာ လည်း သူရှက်နေကြောင်း အထင်းသားမြင်ရသည်။ စစ်တပ်သမိုင်း တလျှောက် Heartland လို့ သတ်မှတ်ခဲ့တဲ့ အညာဒေသက ၂၀၂၁ နွေဦးမှာ အာဏာသိမ်းမှုကို ငြင်းဆန်ခုခံခြင်းနဲ့ ပိုမိုကျယ်ပြန့် လာသော ပုန်ကန်ထကြွမှုများကို သူဖုံးဖိ၍မရ။

    အညာမြေက လက်သံပြောင်ပါသည်။ ၂၀၂၁ နွေဦးအစောပိုင်းကာလတွေမှာကတည်းက အညာသား တော်လှန်ရေးသမားတွေက အညာဒေသ တနံတလျားတွင် ပုန်ကန်ထကြွခဲ့ကြသည်။ အာဏာသိမ်း စစ်တပ်ကိုလည်း “အာဏာရှင်စနစ်ကို လက်မခံကြောင်းအပြင် အမြစ်ဖြတ်” ဖို့ သတင်းစကားပါး နေခဲ့သည်။ ထိုကဲ့သို့ခုခံတွန်းလှန်ခြင်း နည်းလမ်း၊ တနည်းအားဖြင့် တော်လှန်ရေး လမ်းကြောင်းကို ရွေးချယ်လိုက်ခြင်းက ပန်းခင်းလမ်း မဟုတ်သည်သာမက ဆူးတွေနဲ့ ခယောင်းလမ်းဆိုသည်ကို အညာလူထုက ကောင်းကောင်းကြီးသိခဲ့ကြပါသည်။ သို့သော် လွတ်လပ်မှု၊ တရားမျှတမှု နဲ့ ဂုဏ်သိက္ခာရှိမှု ဆိုသည်တို့ကို အညာလူထုက မြည်းစမ်းခွင့်ရခဲ့ကြပြီးမှ မတရား အာဏာသိမ်းခြင်းကို လက်ခံမည် မဟုတ်ပေ။ ဒါတွေကပဲ နွေဦးတော်လှန်ရေးရဲ့ သန္ဓေတွေ မဟုတ်ပါလား။

    ၂၀၂၅ ခုနှစ်ထဲကို ရောက်ပါတော့မည်။ နွေဦးတော်လှန်ရေးခရီးကလည်း လေးနှစ်ပြည့် တော့မည်။ ကချင်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က နွေဦးတော်လှန်ရေး အစောပိုင်းကာလတွင် “တော်လှန်ရေးက ငါးနှစ်ထက်ပိုမကြာသင့်” ဟု မှတ်ချက်ပြုဖူးသည်။ ဒီစကားကို ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က တွေးတွေးဆဆပြောခဲ့သည်မှာ ယုံမှားမရှိပါ။ အညာတခွင်မှာ ကေအိုင်အိုရဲ့ စစ်ရေးလှုပ်ရှားမှုများ၊ နိုင်ငံရေးမျှော်ရည်မှုများက ထိုစကားနှင့် များစွာ ဆက်စပ်နေကြောင်း ကျနော်တို့ တွေ့မြင်ခဲ့ရပြီးဖြစ်သည်။ ယခုဆောင်းပါးက နွေဦးတော်လှန်ရေး တစ်စုံလုံးစာကို လေ့လာသုံးသပ်မည်မဟုတ်ဘဲ နွေဦးတော်လှန်ရေးထဲက အညာဒေသအကြောင်းကို သုံးသပ်တင်ပြမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ စာဖတ်သူကို ကြိုတင်ဖော်ပြ လိုသည်ကတော့ စာရေးသူက အညာဒေသက အညာသားဖြစ်တယ်။ အညာဒေသကို သံယောဇဉ်ရှိသလို လွတ်လပ်မှု၊ တရားမျှတမှု နဲ့ ဂုဏ်သိက္ခာရှိမှုတို့ကို တန်ဖိုးထားသူဖြစ်တယ် ဆိုတာကိုပါ။ အဲဒီနောက်ခံနဲ့ ဒီဆောင်းပါးကို ရေးသားတင်ပြခြင်း ဖြစ်တယ်။ ဆွေးနွေးတင်ပြချက်တွေမှာ ဆန္ဒဂတိပါနေနိုင်ပါ တယ်။

    ၂၀၂၅ တွင်စောင့်ကြည့်ရမည့် အဓိကအရွေ့များ

    စစ်ပွဲကာလဆိုသည်မှာ အင်မတန်ရှုပ်ထွေးပြီး အစစအရာရာ အကဲဆတ်လွန်းပါသည်။ နိုင်ငံရေး၊ စစ်ရေး ဇာတ်ကောင်များ၏ ဩဇာအာဏာသည် အလှည့်အပြောင်း မြန်ဆန်သည်။ ကျင်လည်နေသော ပတ်ဝန်းကျင်ကလည်း စစ်ပွဲ၏ ရေချိန်အတက်အကျ အပေါ်မူတည်ပြီး အပြောင်းအလဲ မြန်လွန်းသော ကိန်းရှင်ဖြစ်သည်။ ထိုအခြေအနေကို ခေါင်းဆောင်များ နှင့် အင်စတီကျူးရှင်းများက မျက်ခြေပျက်၍ မဖြစ်။ နေ့တဓူဝ စောင့်ကြည့်ချိန်ဆနေဖို့ လိုသည်။ အညာဒေသအနေဖြင့် ၂၀၂၅ ခုနှစ်တွင် ချန်ထား၍ မဖြစ်သော စစ်ရေးနိုင်ငံရေး အရွေ့များကို ထုတ်နှုတ်ဆွေးနွေးလိုပါသည်။ အမှတ်စဉ်သည် အဆင့်ကို ရည်ညွှန်းခြင်းမဟုတ်ပါ။ အလျဉ်း သင့်သလို တပ်ထားခြင်းသာ ဖြစ်သည်။

    ၁။ ရခိုင်စစ်ဆင်ရေး

    အညာဒေသ၊ ချင်းပြည် နှင့် ရခိုင်ပြည်အနေဖြင့် မည်သည့်ဒေသကကြည့်ကြည့် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အလေးဂရုပြုရမည့် ကိစ္စတစ်ခုရှိသည်။ ပထဝီ အနေအထားအရ ကပ်လျှက်တည်ရှိနေ ရုံမျှသာမက စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေး နှင့် ဆက်သွယ်ရေး ကိစ္စများတွင် နီးနီးကပ်ကပ် ဆက်စပ်နေကြခြင်း ဖြစ်သည်။ အာရက္ခတပ်တော်၏ ဒေသန္တရစစ်ဆင်ရေးများ အပြင် နယ်နမိတ်ချင်း ကပ်လျှက်တည်ရှိနေသော မကွေးတိုင်း အနောက်ပိုင်း နှင့် ချင်းပြည်တောင်ပိုင်း စစ်ရေးလှုပ်ရှားမှုများသည် အညာဒေသနှင့် မဟာဗျူဟာ အရ နီးနီးကပ်ကပ်ဆက်စပ်မှု ရှိသည်။ ထိုအချက်များကို မမေ့လျော့သင့်ပေ။ ၁၆ ဒီဇင်ဘာလ ၂၀၂၄ ရက်နေ့အထိ ထုတ်ပြန်ချက်များအရ အာရက္ခတပ်တော်သည် ပြည်မ၊ ချင်းပြည်တို့နှင့် ကုန်းတွင်းပိုင်း နယ်နမိတ်ဆက်စပ်နေသော မြို့အားလုံးနီးပါးကို ထိန်းချုပ်ထားပြီး သို့မဟုတ် ကြီးမားကျယ်ပြန့်သော တပ်ဖြန့်လှုပ်ရှားမှုများ ပြုလုပ်ထားပြီးဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသ တစ်ခုလုံးကိုလည်း ထိန်းချုပ်ထားပြီး ဖြစ်သည်။

    (ပုံရခိုင်ပြည်ထိုးစစ်ဆင်မှုပြမြေပုံ)

    တိုက်ပွဲဖော်ရန် လိုချင်မှလိုမည်ဖြစ်သည့် စစ်တွေ နှင့် ကျောက်ဖြူမြို့တို့အပြင် အာရက္ခတပ်တော်အနေဖြင့် တိုက်ပွဲဖော်ရန် မာန်အောင် တစ်မြို့သာကျန်သည်။ ထိုအခြေအနေက ရခိုင်မြေကို ရခိုင်တပ်အခြေချ၊ ထိန်းချုပ်ဖို့၊ တည်ရှိဖို့ အလားအလာကောင်းသော ကျေနပ်ဖွယ်ရာအခြေအနေများ ဖြစ်သည်။ နောက်ဆက်တွဲ လုပ်စရာများထဲမှ အရေးကြီးဆုံး နှစ်ချက်မှာ အာရက္ခတပ်တော်အနေဖြင့် မိမိတို့ သိမ်းပိုက်ထားသော နယ်မြေများကို လုံခြုံရေးအာမခံချက်၊ ထို့နောက် နိုင်ငံရေးအာမခံချက်ရရန် ဖြစ်သည်။ ထို့အတွက် အညာဒေသ၊ အထူးသဖြင့် မကွေးဒေသသည် အာရက္ခတပ်တော်၏ မဟာဗျူဟာ ဦးစားပေးထဲတွင် ထည့်သွင်းစဉ်းစားထားရမည်မှာ လက်တွေ့လိုအပ်ချက်ဖြစ်သည်။

    ၂။ NUG ၏ စုဖွဲ့မှု နဲ့ နိုင်ငံတကာဆက်ဆံရေး

    အညာဒေသသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဗဟိုချက်မဖြစ်သည်။ ထို့အတူ အမျိုးသားညီညွတ်ရေးအစိုးရသည်လည်း အညာဒေသ၏ စစ်ရေး၊ နိုင်ငံရေး အနာဂတ်အတွက် မဟာဗျူဟာအရ အရေးပါသော လမ်းကြောင်းတစ်ခုမျှသာမက ဇာတ်ကောင်တစ်ခုလည်းဖြစ်သည်။  အလျော့အတင်း ပြုလုပ်သော နိုင်ငံရေးဓလေ့တည်ဆောက်ပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အကျိုးပြုရမည့် (Mutual accommodation) ဇာတ်ကောင်များဖြစ်သည်။ ၂၀၂၅ ခုနှစ်သည် ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ တရားဝင်မှုပေးထားသော ရွေးကောက်ခံအမတ်များ နှင့် အစိုးရစုဖွဲ့မှုများအတွက် အရေးကြီးသောအလှည့်အပြောင်း (critical turning point) တစ်ခုပြုလုပ်ရမည့် ကာလလည်းဖြစ်သည်။ တစ်ချိန်တည်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့နှင့် ဝန်ကြီးဌာနများနှင့်ပတ်သတ်၍လည်း တော်လှန်ရေးထဲက လူထု၏ ဝေဖန်အကြံပြုသံများ၊ အစိုးရအဖွဲ့ဝင်များကို ပြည်တွင်းပြန်လာဖို့ သမ္မတကြီးဒူဝါလရှီးလ၏ မိန့်ခွန်းတို့သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၀၂၅ ခုနှစ် လားရာကို တစ်စုံတစ်ရာ ဖွင့်ဆိုနေသည်ဟု နားလည်နိုင်ပါသည်။ ခန့်မှန်းပြောဆိုချက်များစွာ ရှိနေသော်လည်း သေချာသည်မှာ NUG သည် NCGUB ထက်ပိုမို၍ စမတ်ကျကြောင်း၊ အလုပ်ဖြစ်သော စုဖွဲ့မှုဖြစ်ကြောင်း သက်သေပြဖို့လိုသည်ကို အစိုးရအဖွဲ့ဝင်များက နားလည်ကြပါမည်။

    အမျိုးသားညီညွတ်ရေးအစိုးရ ရင်ဆိုင်ရမည့် ၂၀၂၅ ခုနှစ်အတွက် စိန်ခေါ်မှုများတွင် တရုတ်နိုင်ငံ၏ အာဏာသိမ်းစစ်ကောင်စီကို ပေါ်တင်ထောက်ခံ၊ ရပ်တည်ပေးလိုက်ခြင်း၏ နောက်ဆက်တွဲ ကိစ္စရပ်များလည်း ပါသည်။ အာဏာသိမ်းစစ်ကောင်စီကျင်းပမည်ဟု မကြာခဏ အသံဟစ်နေသော ရွေးကောက်ပွဲကိုလည်း ချန်ထား၍မရပေ။ အဆိုပါ အချက်နှစ်ချက် နှင့်အတူ အလေးထား စောင့်ကြည့်ရမည်မှာ သိပ်မကြာသေးခင်ကမှ နယူးဒေလီအစိုးရ၏ မြန်မာဇာတ်ကောင်များ နှင့် ထိတွေ့ဆက်ဆံမှုများ ဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ၏ ယခုနှစ် (၂၀၂၄) ဩဂုတ်လလယ်က နေပြည်တော် ခရီးစဉ်နောက်ပိုင်းတွင် တစ်ခုခုရွေ့မှ ရတော့မည်ဆိုသည်နှင့် ဘယ်ကစရွှေ့ရမည်ကို နားလည်ဖို့ နယူးဒေလီ၏ ကနဦးအားထုတ်မှုအဖြစ် ရှုမြင်ကြသော်လည်း အဆိုပါအရွေ့များသည် မြန်မာပြည်၏ အနောက်မြောက်စင်္ကြံတလျောက်ရှိ ဇာတ်ကောင်များအတွက် အခြေခံလိုအပ်ချက်များဖြစ်သည်။ ထိုအထဲတွင် ကချင်၊ ရခိုင်၊ ချင်းတို့အပြင် အညာဒေသလည်းပါသည်။

    ၃။ ရှမ်းမန်းစစ်ဆင်ရေး

    ရှမ်းမန်းစစ်ဆင်ရေးသည် ၂၀၂၄ ခုနှစ် ဇွန်လ (၂၅) ရက်နေ့တွင်စသည်။ နွေဦးတော်လှန်ရေးတွင် မဟာဗျူဟာအရ အရေးပါသော စစ်ဆင်ရေးကြီးဖြစ်သည်။ ၁၀၂၇ စစ်ဆင်ရေး၊ အပိုင်း (၂) ၏ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်သည်။ တော်လှန်ရေးအင်အားစုများအနေဖြင့် TNLA၊ MDY PDF၊ DPLA တို့အပြင် အညာတစ်ခွင်မှ တပ်ရင်းတပ်ဖွဲ့များစွာ ပါဝင်သည်။ ရွှေဘိုခရိုင်မှ တပ်ရင်းများမှာ ထင်ရှားသည်။ သပိတ်ကျင်း၊ စဉ့်ကူး၊ တကောင်း၊ မတ္တရာစသည့် မြို့နယ်များတွင်သာမက နောင်ချို၊ မိုးကုတ်မြို့နယ်များအထိပါ စစ်ရေးလှုပ်ရှားမှု ပြင်းထန်သည်။ စိုးမိုးသိမ်းပိုက်ထားနိုင်သည်။ ရှမ်းမြောက်ဒေသ နှင့် မန္တလေး တစ်ခွင်သာမက၊ စစ်ဒေသ (၁)၏ စိုးမိုးလှုပ်ရှားနယ်မြေများ ဖြစ်သည့် စစ်ကိုင်းတိုင်း အထက်ပိုင်း မှတဆင့် ကချင်ဒေသအထိပါ ချိတ်ဆက်နိုင်သော တော်လှန်ရေး လမ်းကြောင်းကြီးကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။ တရုတ်၏ ဖိအားပေးမှုများနောက်ပိုင်း ရှမ်းမန်းစစ်ဆင်ရေးသည် အရှိန်တန့်နေသော်လည်း ရပ်တန့်နေသည် သို့မဟုတ် ရပ်တန့်သွားသည်ဟု မဆိုနိုင်ပေ။ MDY-PDF စစ်ဦးစီးအဖွဲ့ဝင် ဒေါက်တာစိုးသူရဇော်က ဧရာဝတီသတင်းဌာနနှင့် အင်တာဗျူး (၁၈ ဒီဇင်ဘာလ ၂၀၂၄) တွင် ရပ်တန့်သွားမည် မဟုတ်ကြောင်း ထုတ်ဖော် ပြောဆိုထားသည်။ အညာဒေသ တော်လှန်ရေးတပ်များ အားကောင်းဖို့ နှင့် စုဖွဲ့မှုခိုင်မာဖို့တွင် ရှမ်းမန်းစစ်ဆင်ရေးကဲ့သို့ မဟာဗျူဟာ လမ်းကြောင်းများသည် ဒေသန္တရစစ်ဆင်ရေး အဆင့်ထက် များစွာပိုသည်။ အညာအတွက် မဟာဗျူဟာမြောက်သည်။

    ၄။ အာဏာသိမ်းစစ်ကောင်စီကြေငြာထားသော ရွေးကောက်ပွဲ

    အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကျသွားခြင်းသည် နေပြည်တော်စစ်တပ်သမိုင်း တလျှောက် အရှက်တကွဲအကျိုးနည်း ဖြစ်ရဆုံး စစ်ရှုံးမှုကြီး ဖြစ်သည်။ MNDAA က ရမခကို ဇူလိုင်လ (၂၅) ရက် ၂၀၂၄ ခုနှစ်တွင် အပြီးတိုင် သိမ်းပိုက်ပြီးစီးကြောင်း ကြေငြာသည်။ တိုင်းစစ်ဌာနချုပ်ကြီးတစ်ခု၊ အထူးသဖြင့် တရုတ်နိုင်ငံနှင့် သိပ်မဝေးလှသည့် နေရာက အာဏာသိမ်း စစ်ကောင်စီ၏ အခြေစိုက် စစ်စခန်းကြီးတစ်ခုကို တော်လှန်ရေးတပ်များက သိမ်းပိုက်လိုက်ခြင်းသည် ပြည်တွင်းရော ပြည်ပမှာပါ ရိုက်ခတ်မှုကြီးသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် နေပြည်တော်သို့ ရောက်လာသည်။ ထို့အတူ အာဏာသိမ်းစစ်တပ်နှင့် သူ့ကိုထောက်ခံဝန်းရံကြသည့် အသိုင်းအဝိုင်းတွင်လည်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အံ့မခန်းညံ့ဖျင်းမှုကြီးကို ဝေဖန်ရှုံ့ချကြသည်။ ထိုအချက်များ နှင့်အတူ အာဏာသိမ်းစစ်ခေါင်းဆောင်၏ အထွေထွေညံ့ဖျင်းမှုများက သူ့ကို နိုင်ငံရေးထွက်ပေါက် ခပ်မြန်မြန်ရှာဖို့ နှင့် မဖြစ်မနေရှာဖို့ လိုအပ်ကြောင်း သတိပေးနေမည် ဖြစ်သည်။ အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲကို လုပ်လို့ရသည့်ပုံစံဖြင့် နယ်မြေ အစိတ်အပိုင်းအလိုက် လုပ်သွားမည်ဟု ထုတ်ဖော်ပြောဆိုထားသည်။ နိုင်ငံ၏ အဓိကနယ်စပ် အားလုံးနီးပါး နှင့် ကျေးလက်မြို့ပြဒေသ အတော်များများကို ထိန်းချုပ်မှုမဲ့ သို့မဟုတ် လုံးဝလက်လွှတ်ထားရသော အာဏာသိမ်း စစ်ဗိုလ်ချုပ်များသည် နေပြည်တော်ကောင်စီနယ်မြေ တစ်ခုတည်းတွင် ရွေးကောက်ပွဲလုပ်၍ ရလျှင်ပင် နေပြည်တော်အစိုးရအဖြစ် ရပ်တည်မည် ဖြစ်သည်။ ထို့အတွက် ထောက်ခံမှု နှင့် တရားဝင်မှုရစေရန် တရုတ်၊ ရုရှားနှင့် အိမ်နီးချင်းနိုင်ငံ တစ်ချို့အပါအဝင် သူ၏အနည်းငယ်သော မိတ်ဆွေများကို ရသည့်နည်းလမ်းဖြင့် အပေးအယူလုပ်မည် ဖြစ်သည်။ အာဏာသိမ်းစစ်ကောင်စီ၏ ရွေးကောက်ပွဲကို NUG နှင့် အင်အားစုများ ကြုံနေရသော ၂၀၂၀ ရွေးကောက်ပွဲရလဒ်၏ တရားဝင်မှုဆိုင်ရာ အကန့်အသတ်၊ တော်လှန်ရေး အင်အားစုများ၏ နိုင်ငံတော်တည်ဆောက်မှုအာသီသ သို့မဟုတ် လမ်းကြောင်းတို့အပြင် အိမ်နီးချင်းနိုင်ငံကြီးများနှင့် အာဆီယံတွင် ရှိနေသော ဒေသတွင်းလုံခြုံရေးဆိုင်ရာ စိုးရိမ်ချက်များနှင့်ပါ ချိန်ထိုး ကြည့်ရမည် ဖြစ်သည်။

    ၅။ ကချင်စစ်ဆင်ရေး

    အညာတော်လှန်ရေးနှင့် ကချင်စစ်ဆင်ရေးများကို ခွဲခြား၍ သုံးသပ်ရန်မှာ မဖြစ်နိုင်ပေ။ လိုင်ဇာ၏ နွေဦးတော်လှန်ရေးအပေါ် သဘောထားသည် အညာဒေသအပေါ် ကြီးမားသော သက်ရောက်မှု ရှိသည်။ အညာဒေသတော်လှန်ရေး စုဖွဲ့မှုများနှင့်ပတ်သတ်၍ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ယခုနှစ် (၂၀၂၄) မေလ ၁၃ ရက်နေ့က ကွယ်လွန်သွားသော ကချင်လွတ်မြောက်ရေးတပ်မတော်၊ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်းနှင့် ပတ်သတ်၍ ထုတ်ဖော်ပြောဆိုရာတွင် အညာဒေသ တော်လှန်ရေးစုဖွဲ့မှုများနှင့် ပတ်သတ်၍ အသေးစိတ်တိုင်ပင်၍ အတူတကွလုပ်ကိုင်ခဲ့ရသူဟု မှတ်ချက်ပြုဖူးသည်။ ထို့အတူ အမှတ်(၁) စစ်ဒေသစုဖွဲ့မှုများမှစ၍ ကွပ်ကဲမှုမှသည် စစ်ဆင်ရေးများအထိ KIA ၏ အညာတစ်ခွင် ပါဝင်မှုများစွာရှိသည်။ ထို့အတူ ကချင်ပြည်တွင်လည်း နယ်စပ်ဒေသတစ်ခုလုံးကို စစ်ဆင်ရေးဖော်ဆောင် ထိန်းချုပ်ထားနိုင်ပြီးဖြစ်သည်။

    ၆။ BPLA နှင့် ဗမာပြည်နယ်ကိစ္စ

    BPLA က အညာစစ်ခွင်မှာ လှုပ်ရှားဖို့ ပြင်ဆင်နေခဲ့တာ ကာလတစ်ခုရှိပြီဖြစ်ပေမယ့် ဒီနှစ် (၂၀၂၄) နှစ်ကုန်ပိုင်းရောက်မှ ကြေငြာပါတယ်။ ဝေဖန်ပြောဆိုမှုတွေ များစွာရှိသလို အညာဒေသက စစ်ရေးစုဖွဲ့မှု အားနည်းချက်တွေကို BPLA အနေဖြင့် ပိုမိုကောင်းမွန်လာအောင် ပြင်ဆင်နိုင်မလားဆိုသည့်မျှော်လင့်ချက်မျိုးလည်း တွေ့ရသည်။ နောက်တစ်ချက်ကတော့ အညာဒေသက တပ်တွေရဲ့ လိုအပ်ချက်ဖြစ်တဲ့ လက်နက်ခဲယမ်းမီးကျောက်ကိစ္စကို BPLA အနေနဲ့ အဖြေတစ်ခုဖြစ်နိုင်မလား ဆိုတာကိုလည်း အညာတော်လှန်ရေးအင်အားစုတစ်ချို့က မျှော်လင့်ချက် ထားကြပုံရပါသည်။ နိုင်ငံရေးဆိုင်ရာ စုဖွဲ့မှုမှာတော့ BPLA ရဲ့ ဗမာပြည်နယ်ဖွဲ့စည်းရေး အာဂျင်ဒါကို အညာနိုင်ငံရေး ရပ်ဝန်းတွင် ကန့်ကွက်သံတွေကြားရသည်။ ဒီအချက်က လက်ရှိအရှိန်ရနေသော ဖက်ဒရယ်ယူနစ်ဖွဲ့စည်းရေးကိစ္စများ အပေါ်တွင်လည်း တစုံတရာသက်ရောက်မှုရှိ လာနိုင်သည်ကို သတိထားသင့်ပါသည်။ ယခုလက်ရှိအထိတော့ BPLA အနေဖြင့် အညာဒေသတွင် စစ်ဆင်ရေးလုပ်ဆောင်နိုင်််််ခြင်း မတွေ့ရသေးပါ။

    ၇။ ချင်းတောင်တန်း

    ချင်းတောင်တန်းသည် အညာဒေသအတွက် မဟာဗျူဟာအရ အရေးပါသည့် ပထဝီ အနေအထား (geographic proximity) ရှိဒေသဖြစ်သည်။ ချင်းတောင်တန်းဒေသသည် နွေဦးတော်လှန်ရေးကာလ အနောက်မြောက်ဒေသ စစ်ဆင်ရေးများအတွက်သာမက နိုင်ငံရေးဖြစ်ထွန်းမှုများ (political mobilisation) အတွက်လည်း အခရာကျသည်။ အထူးသဖြင့် အညာဒေသ စစ်ရေးအတွက် ချင်းတောင်တန်းကို မဟာဗျူဟာစဉ်းစားချက်ထဲမှ ဖယ်ချန်ထားရန် မဖြစ်နိုင်ပေ။ အိန္ဒိယနိုင်ငံနှင့် နယ်နမိတ်ထိစပ်နေခြင်း၊ လူမျိုးရေးအရ နီးကပ်စွာ ဆက်ဆံမှုရှိကြခြင်းအပြင် နိုင်ငံရေးဖြတ်သန်းမှု အရ ချင်းအင်အားစုများသည် အိန္ဒိယ အင်အားစုများနှင့် ကျယ်ပြန့်စွာ မိတ်ဖက် ချိတ်ဆက်နေခြင်းတို့သည် ရေခံမြေခံကောင်းများ ဖြစ်သည်။ ထိုရေခံမြေခံကောင်းများကို အနောက်ဖက်ဒေသ အင်အားစုများ အထူးသဖြင့် အညာဒေသ နှင့် ရခိုင်ဒေသမှ ဇာတ်ကောင်များက တောက်လျှောက် လေ့လာ စောင့်ကြည့်ပြီး ချိတ်ဆက် ဆောင်ရွက်လျှက်ရှိသည်ကို လက်ရှိအချိန်အထိ စစ်ရေးနိုင်ငံရေး ဖြစ်ထွန်းမှုများအရ မြင်ရသည်။ တစ်ချိန်တည်းတွင်ပင် စစ်ပွဲကာလအကဲဆက်မှုများ၊ ဇာတ်ကောင် အချင်းချင်းကြားမှ အားပြိုင်မှုများအပြင် လူမှုအသိုင်းအဝိုင်းတွင် ရှိနေပြီးသော လူမှုရေး၊ ဘာသာရေး နှင့် လူမျိုးရေးဆိုင်ရာ အနေအထား (social dynamic) ကိုလည်း မေ့ထား၍ မရပေ။ တတိယအချက်မှာ ၂၀၂၄ ခုနှစ်တွင် စစ်ရေးနိုင်ငံရေး လေ့လာသုံးသပ်သူများ၏ ရေဒါအတွင်း ရောက်လာသော အိန္ဒိယ၊ အထူးသဖြင့် နယူးဒေလီနှင့် မီဇိုရမ်ပြည်နယ်ကို နောက်ခံထား ၍

    (ပုံ – အင်ဒို-မြန်မာ၊ အနောက်မြောက်စင်္ကြံ)

    ဖြစ်ထွန်းလာသော နိုင်ငံရေးစုဖွဲ့မှု နှင့် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရသည် နယူးဒေလီအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဆက်ဆံရေးရုံးဖွင့်ခြင်း၊ နယူးဒေလီအစိုးရ၏ အဝန်းအဝိုင်းအတွင်းမှ Think-Tanks များနှင့် အညာ-ချင်း-ကချင်-ရခိုင်မှ တော်လှန်ရေးအင်အားစုများ၏ အဝန်းအဝိုင်းအတွင်းမှ စုဖွဲ့မှုများအပြင် ချင်းတောင်တန်း အခြေပြု စစ်ရေးစုဖွဲ့မှု (mobilisation) များသည် အညာအင်အားစုများအနေဖြင့် စောင့်ကြည့်လေ့လာ၍ မဟာဗျူဟာကျကျ ချိတ်ဆက်ဆောင်ရွက်သင့်သည့် အရွေ့များဖြစ်သည်။

    နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ ခြိမ်းခြောက်မှုများ

    ၁။ နိုင်ငံတကာဆက်ဆံရေး

    နိုင်ငံတကာဆက်ဆံရေးလို့ပြောတဲ့အခါ ပစ်ခတ်တိုက်ခိုက်မှုများကြားက တော်လှန်ရေးသမားများက လက်တွေ့ကျခြင်းရှုထောင့် (Realist view) ကနေ ကြည့်တာ သဘာဝကျပါသည်။ လေထဲက နိုင်ငံတကာဆက်ဆံရေး သို့မဟုတ် လျှာဖျားကလေးနဲ့ နိုင်ငံတကာဆက်ဆံရေးသည် ပစ်ခတ်တိုက်ခိုက်မှုများကြားက တော်လှန်ရေးသမားများအတွက်မူ ဖဲသမားစကားနဲ့ပြောလျှင် “အမြတ်မကျန်ရုံမျှသာမက အကောက်ပါရှုံး” ဆိုသည်ကို ERO ခေါင်းဆောင်များရော အညာတော်လှန်ရေး ခေါင်းဆောင်များပါ နားလည်လက်ခံကြပြီး ဖြစ်သည်ဟု ယူဆပါသည်။ အာဏာသိမ်းစစ်ကောင်စီအနေဖြင့် မဖြစ်မနေလုပ်ရမည့်အထဲတွင် အညာဒေသကို စီးဝင်နေသော လက်နက်ခဲယမ်းမီးကျောက်၊ အခြေခံထောက်ပို့ပစ္စည်း (ဆေးဝါး၊ ရိက္ခာ စသည်) နဲ့ လမ်းကြောင်းများကို ဖြတ်တောက်ဖို့က အရေးကြီးသည်။ ထိုအချက်ကို အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် သူ့ရဲ့လက်ထောက် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့၏ ကုန်စည်စီးဆင်းမှု စစ်ဆေးတင်းကြပ်ဖို့ ညွှန်ကြားချက်များအပြင် တရုတ်နိုင်ငံနှင့် တွေ့ဆုံပြီး၍ နယ်စပ်လမ်းကြောင်းများကို ပိတ်ဆို့ဖို့ တောင်းဆိုမှုကိုကြည့်၍ သိနိုင်သည်။ ကေအိုင်အိုဌာနချုပ်ကို လေကြောင်းတိုက်ခိုက်မှုလုပ်ဖို့ စစ်ကောင်စီ လော်ဘီများ၏ တရစပ် တောင်းဆိုမှုတွေကလည်း အခြေခံ သဲလွန်စများဖြစ်သည်။ အညာတော်လှန်ရေးအင်အားစုများကို ဟန့်တားဖို့ အာဏာသိမ်းစစ်ကောင်စီအနေဖြင့် နယူးဒေလီ နှင့် ဘေဂျင်းကို မဖြစ်မနေ တောင်းဆိုမည်ဖြစ်သည်။ ထိုတောင်းဆိုချက်များတွင် စစ်ရေးအရ ထောက်ပံပို့ဆောင်မှုလမ်းကြောင်းများ ပိတ်ဆို့ရေး အပါအဝင် နိုင်ငံရေးအရ အညာဒေသကို ပိုမိုကျယ်ပြန့်သော အစုအဖွဲ့များနှင့် ချိတ်ဆက်ခြင်း မပြုနိုင်အောင် ပိတ်ဆို့တားဆီးခြင်းလည်း ပါဝင်ပေမည်။ ထိုအချက်တို့အပြင် ဝါရှင်တန်အနေဖြင့် တရုတ်ကို အားပြိုင်ရန် အညာတစ်ခွင်သို့ ခြေတံလက်တံဆန့်လာနိုင်ချေနှင့် (အညာဒေသအတွက်) နောက်ဆက်တွဲ နိုင်ငံရေးကုန်ကျစရိတ် သို့မဟုတ် အကျိုးအမြတ်ကို တွက်ဆရမှာလည်း အရေးကြီးသောမေးခွန်းတစ်ခုဖြစ်သည်။

    ၂။ အဓိကလမ်းမကြီးများ

    အညာဒေသရှိတပ်များအနေဖြင့် စစ်ရေးအရ နယ်မြေစိုးမိုးမှု ကျယ်ပြန့်သော်လည်း ထောက်ပံ့ပို့ဆောင်ရေး အတွက် အဓိကလမ်းမကြီးများကို အာဏာသိမ်းစစ်ကောင်စီက ထိန်းချုပ်ထားဆဲ ဖြစ်သည်။ ထိုအချက်သည် အညာတော်လှန်ရေးတပ်များကို ကုန်ကျစရိတ်ပိုများစေသလို စစ်ဘက်ဆိုင်ရာ လုံခြုံရေးအန္တရာယ်လည်း ကြီးမားစေသည်။ မန္တလေး၊ မုံရွာ၊ မကွေးနှင့် နေပြည်တော်ကို ဗဟိုပြုထားသော လမ်းမကြီးများသည် အာဏာသိမ်းစစ်ကောင်စီအတွက် မဟာဗျူဟာအရ အသက်တမျှအရေးပါသကဲ့သို့ တော်လှန်ရေးအင်အားစုများအတွက်လည်း စစ်ရေးမဟာဗျူဟာ တစ်ရပ်အနေဖြင့် အရေးပါသည်။ ထို့အတူ လားရှိုးမှ အလယ်ပိုင်း၊ ကသာမှ အလယ်ပိုင်း၊ မြောက်ဦးမှ အလယ်ပိုင်း နှင့် ဗစ်တိုးရီးယားတောင်မှသည် အလယ်ပိုင်း လမ်းကြောင်းကြီးများသည် အညာဒေသအတွက် ၂၀၂၅ မဟာဗျူဟာ လမ်းကြောင်းကြီးများ ဖြစ်သည်။

    ၃။ ရှေ့တန်းစစ်စခန်းများ နှင့် အဓိကစစ်ဘက်ဆိုင်ရာ အဆောက်အဦများ

    အညာဒေသသည် နေပြည်တော်စစ်တပ်၏ အဖျားအနားစစ်ပွဲ (Periphery warfare) မဟာဗျူဟာ အတွက်  နောက်ကြောလုံရာအရပ်ဟု သတ်မှတ်ခံခဲ့ရကြောင်း နေပြည်တော် တည်ဆောက်မှုအပြင် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံများကို မကွေး နှင့် စစ်ကိုင်းတွင် ဖြန့်ကျက် တည်ဆောက်ထားမှုကို ကြည့်၍ သုံးသပ်နိုင်ပါသည်။ နေပြည်တော်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ နှင့် လက်နက်ကြီး ပစ်ခတ်မှုတချို့နှင့် ပတ်သတ်၍ စုံစမ်းစစ်ဆေးမှုများ အရ ကျည်ဆံများမှာ ကပစ စက်ရုံများမှ ၂၀၂၄ ခုနှစ်ထုတ်ထားသည်များအထိပါသည်။ နေပြည်တော်စစ်တပ်၏ ခဲယမ်းမီးကျောက် ထုတ်လုပ်နိုင်စွမ်းကို အညာတော်လှန်ရေး အင်အားစုများက ထိရောက်စွာ မဟန့်တားနိုင်သေးကြောင်းကို ပြသနေခြင်းဖြစ်သည်။ ထိုအချက်သည် ERO များ၏ အကျိုးစီးပွားလည်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် နေပြည်တော် စစ်တပ်သည် အညာဒေသတွင် လက်နက်ကြီးပစ်ခတ်မှု၊ တပ်နေရာရွေ့ပြောင်းမှု နှင့် ဒရုန်းတိုက်ခိုက်မှုများကို ဖြန့်ကျက်လုပ်ဆောင်လာနိုင်စေရန် စစ်ဘက်ဆိုင်ရာ အခြေခံ အဆောက်အဦများကို ပြင်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းများ လုပ်ဆောင်မည်ဖြစ်သည်။

    ၄။ ပြည်သူ့အုပ်ချုပ်ရေးစနစ်

    အာဏာသိမ်းစစ်ကောင်စီက ပြည်သူ့လုံခြုံရေးစနစ်ကို ဖိအားပေးတည်ဆောက်ပြီး တော်လှန်ရေး အင်အားစုများ စိမ့်ဝင်ထိုးဖောက်ခြင်းမှ ဟန့်တားဖို့၊ တန်ပြန်ဖို့ တရစပ် လုပ်ဆောင်နေခဲ့တာကို သတိချပ်သင့်ပါသည်။ စစ်မှုထမ်းအမိန့် ကြေငြာခြင်း၏ နောက်ဆက်တွဲ ဖြစ်စဉ်များသည် အလေးထားရမည့် လုံခြုံရေးဆိုင်ရာ ကိစ္စများဖြစ်သည်။ ထို့အတူ အညာဒေသတွင် တော်လှန်ရေးတပ်များ စိုးမိုးထိန်းချုပ်ထားရာ ကျေးလက်မြို့ပြဒေသများတွင်လည်း သတင်းကွန်ယက် တည်ဆောက်ခြင်း နှင့် ဒေသန္တရ အုပ်ချုပ်ရေးယန္တယားခိုင်မာ မနေသေးခြင်းက လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခုအဖြစ် အချိန်မရွေး အသွင်ပြောင်းသွားနိုင်ပါသည်။

    အညာဒေသ ဖက်ဒရယ်ယူနစ်များ စဉ်းစားရမည့် အကြောင်းအရာများ

    နိုင်ငံရေးတွင် stakeholders များ၏ တည်ရှိမှုများ၊ ၎င်းတို့၏ အကျိုးစီးပွားများ နှင့် စုဖွဲ့တည်ရှိနေသော နိုင်ငံရေးဖြစ်စဉ်များကို နားလည်ရန်မှာ နိုင်ငံရေးသင်ပုန်းကြီးဖြစ်သည်။ ထိုအချက်ကို ကျင်လည်ရာပတ်ဝန်းကျင် (operating environment) ကို နားလည်ခြင်းဟု ခေါင်းစဉ်တပ်လျှင် ခြုံငုံမိမည်ထင်ပါသည်။ တော်လှန်ရေးခေါင်းဆောင်များသည် ထိုအချက်ကို လက်တွေ့ကျကျ နားလည်လက်ခံ ကြမည်ဖြစ်သည်။ အညာဒေသတော်လှန်ရေး ခေါင်းဆောင်များ၏ အားနည်းချက်မှာ ထိုသိမှုကို အင်စတီကျူးရှင်း ဘောင်သွင်းရန် (institutionalise) အခက်ကြုံကြခြင်း ဖြစ်သည်။ အရင်းအမြစ်မလုံလောက်ခြင်း၊ အတွင်းအပြင် ကန်အားများကို ရင်ဆိုင်ရခြင်း နှင့် အလျှော့အတင်းလုပ်သည့် နိုင်ငံရေးဓလေ့ (compromise) ထွန်းကားမှု အားနည်းခြင်းတို့က အဓိက အခက်အခဲများ ဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် အညာဒေသ တော်လှန်ရေး အင်အားစုများအနေဖြင့် အောက်ပါအချက်များကို ဦးစားပေးစဉ်းစားသင့်ပါသည်။

    ၁။ ဒေသန္တရစစ်ရေးစုဖွဲ့မှု

    အညာဒေသတွင် တပ်ပေါင်းစု သို့မဟုတ် အမိန့်ပေးကွပ်ကဲမှု တစ်ခုတည်းအောက်တွင် တိုက်ခိုက်ရေးတပ်များကို စုဖွဲ့ခြင်းသည် သီအိုရီအရ ကောင်းမွန်သလို၊ စစ်ရေးလှုပ်ရှားမှုများကို ရှိသည့်အရင်းအမြစ် ဘောင်အတွင်းမှ ရလဒ်ကို အမြင့်ဆုံးမြှင့်တင်ပေးနိုင်မည့် အလားအလာလည်းရှိပါသည်။ အထူးသဖြင့် ပြာပုံပဲ ကျန်တော့သည့်အနေအထားတွင်ပင် ကြံ့ကြံ့ခံရင်း တော်လှန်ရေးကို ထောက်ခံအားပေးနေသည့် အညာလူထုရှိနေခြင်းက အလွန်အခရာကျသော ရေခံမြေခံကြီး ဖြစ်သည်။ သို့သော် အဆိုပါရေခံမြေခံနှင့် ကျိုးကြောင်းဆီလျော်သော ယူဆချက် (Justifiable hypothesis) ရှိနေစေကာမူ လက်တွေ့တွင် အညာဒေသ၏ ပကတိအခြေအနေနှင့် အလုပ်ဖြစ်ရန်မှာ သီးခြားမေးခွန်းတစ်ခု ဖြစ်သည်။ အညာဒေသတွင် စစ်ရေးစုဖွဲ့မှုများသည် ရပ်ကျေးအဆင့်မှ အခြေခံသည်။ ၂၀၂၁ ခုနှစ်အစောပိုင်းမှသည် တဖြေးဖြေးနှင့် စုပေါင်းစပ်ပေါင်းဖြစ်လာကြသော်လည်း မဟာဗျူဟာဘောင်တစ်ခု (strategic framework) အောက်တွင် လှုပ်ရှားမှုများ ဖော်ဆောင်သည့် အနေအထားရောက်ရန်မှာ ယခုအချိန်အထိ စုဖွဲ့မှုဆိုင်ရာ အကန့်အသတ်များစွာ ရှိနေဆဲ ဖြစ်သည်။ ထိုအကန့်အသတ်များထဲမှပင် အလုပ်ဖြစ်နိုင်သည့် နည်းလမ်းတစ်ခုရှိ နေပါသေး သည်။ ၎င်းမှာ ဒေသအခြေပြု (မြို့နယ်လည်း ဖြစ်နိုင်သလို ထို့ထက် ပိုမိုကျယ်ပြန့်သော သဘောတူ သတ်မှတ်ထားသည့် ပထဝီအနေအထားတစ်ခုလည်း ဖြစ်နိုင်ပါသည်။) စစ်ရေးစီမံချက်များရေးဆွဲပြီး စီမံချက်အခြေပြု အမိန့်ပေးကွပ်ကဲမှုစနစ်ကို တည်ဆောက်ခြင်းဖြစ်သည်။ ဤနေရာတွင် စစ်ရေး၊ နိုင်ငံရေး မေးခွန်းများနှင့်အတူ အခက်အခဲများရှိမည်ဖြစ်သော်လည်း ရာစုနှစ်ချီစုဖွဲ့ တည်ဆောက်ထားသော နေပြည်တော်စစ်တပ်ကိုပင် စိန်ခေါ်ဝံ့သော အညာသားတပ်များသည် ထိုမေးခွန်းများ နှင့်အတူ အခက်အခဲများအတွက် နည်းလမ်းရှာနိုင်လိမ့်မည်ဟု ယုံကြည်သည်။

    ၂။ မဟာမိတ် ဘောင်ချဲ့ထွင်ခြင်း

    မဟာမိတ်ဆက်ဆံရေးတည်ဆောက်ခြင်းကို တော်လှန်ရေးသမားများက မဟာဗျူဟာ ဦးစားပေး အစီအစဉ် တစ်ရပ်အနေဖြင့် လုပ်ကြပါသည်။ လုပ်ကြဖို့လည်း လိုသည်။ အညာဒေသအတွက်မူ ရှိဆဲ သို့မဟုတ် အသစ်ပေါ်လာသော ဗမာမဟုတ်သည့် တိုင်းရင်းသားတပ်များနှင့် မတူသည့် စိန်ခေါ်မှုများရှိသည်။ ပထဝီအနေအထား၊ ယုံကြည်မှုတို့အပြင် အဖျားအနားစစ် (periphery warfare) နှင့် ဗဟိုချက်မစစ် (core warfare) နှစ်ခုအကြား မဟာဗျူဟာကျကျ ချိတ်ဆက်သွားခြင်းမှတဆင့် နေပြည်တော်အခြေပြုနိုင်ငံရေး အဆောက်အဦ ပြိုကျခြင်း သို့မဟုတ် အနောက်အုပ်စု၏ ဒီမိုကရေစီတန်ဖိုးများ အလေးသာလွှမ်းမိုးသော နိုင်ငံရေးစနစ်တစ်ခု လှိုင်လှိုင်ကြီး ဖြစ်ထွန်းမည်ကို စိုးရိမ်မှုရှိသော အင်အားစုများ၏ အကျိုးစီးပွားဆိုင်ရာ ပြဿနာများကြောင့်လည်း ဖြစ်သည်။ ထိုအချက်ကို ရှမ်းမြောက်ဒေသမှ တပ်များအပေါ် သို့မဟုတ် BPLA နှင့် ရှမ်းမြောက်ဒေသမဟုတ်သည့် တပ်အင်အားစုများ အပေါ် NUG သို့မဟုတ် ပြည်မတပ်များနှင့် ခပ်ခွာခွာနေရန် တရုတ်အစိုးရ၏ ဖိအားပေးမှုများကို ကြည့်ခြင်းဖြင့် နားလည်နိုင်ပါသည်။ ထိုအကန့်အသတ်များကြားထဲကပင် အညာဒေသတပ်များနှင့် အခြားတပ်များ သို့မဟုတ် နိုင်ငံရေးအင်အားစုများအကြား မဟာမိတ်ဆက်ဆံရေး ဖြစ်ထွန်း နေခြင်းသည် ကောင်းမွန်သော လက္ခဏာဖြစ်သည်။ ရှိရင်းစွဲ သို့မဟုတ် အသစ်တည်ဆောက်မည့် မဟာမိတ်ဆက်ဆံရေးများကို ပိုမိုကျယ်ပြန့်၍ ကတိကဝတ်ခိုင်မာသော ဆက်ဆံရေးမျိုး (promising alliance) တည်ဆောက်သင့်ပါသည်။

    ၃။ ဖက်ဒယူနစ်နိုင်ငံရေး တည်ငြိမ်အောင် တည်ဆောက်ခြင်း

    ဖက်ဒရယ်ယူနစ်များ တည်ဆောက်ခြင်း သို့မဟုတ် ဖက်ဒရယ်အဆင့် စုဖွဲ့မှုထက် ပိုမိုအသေးစိတ်၍ ဒေသ၏အခြေအနေများနှင့် လျော်ညီသော စုဖွဲ့မှုများဖန်တီးရန်မှာ အများလက်ခံထားသည့် နိုင်ငံရေး နည်းလမ်းတစ်ခု ဖြစ်ပါသည်။ မည်သို့မည်ပုံစုဖွဲ့မည်၊ မည်သည့်အစုအဖွဲ့များပါဝင်မည် နှင့် မည်ကဲ့သို့ အာဏာခွဲဝေမည် ဆိုသည်ကသာ ဆွေးနွေးညှိနှိုင်းရမည့် ကိစ္စဖြစ်သည်။ တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်နိုင်ငံရေး၊ စစ်ရေးဖြစ်ထွန်းမှုများအရ အချိန်အခါကျလာ (right time) ပြီဆိုသည်ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် အဓိကနိုင်ငံရေး ဇာတ်ကောင်များက လက်ခံကြပြီးဖြစ်သည်ဟု နားလည်ရပါသည်။ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ် နှင့် မန္တလေးဖက်ဒရယ်ယူနစ် စသည်တို့ကို စုဖွဲ့ရန် ပြင်ဆင်မှုအသီးသီးရှိနေကြသော်လည်း ၂၀၂၄ ခုနှစ် နှစ်ကုန်ကာလအထိ ဖက်ဒရယ်ယူနစ်အဆင့် နိုင်ငံရေးရာသီဥတုမှာ မတည်ငြိမ်သေး။ အဓိကအားဖြင့် နိုင်ငံတကာအပါအဝင် ပြည်ပဆက်ဆံရေး အတွက် အခြေခံအချက်အလက်များ (စုဖွဲ့မှု၊ တာဝန်၊ နှင့် နိုင်ငံရေးလမ်းကြောင်းများ စသည်) နှင့်ပတ်သတ်၍ တိကျရှင်းလင်းသော သတင်းစကားပါးနိုင်ရန် အဆင်သင့် မဖြစ်သေး။ ထိုအခြေအနေကို ၂၀၂၅ ခုနှစ်တွင် တည်ငြိမ်အောင် ဖန်တီးထားနိုင်ဖို့ လိုပါသည်။ သို့မှသာ စစ်ပွဲထဲက ဒေသခံပြည်သူများအနေဖြင့်လည်း အစိုးရဆီက ဘာတွေမျှော်လင့်ရမယ် သို့မဟုတ် မမျှော်လင့်ရဘူး ဆိုသည်အပြင် ဘယ်လိုနည်းလမ်းကိုသုံးပြီး အစိုးရနဲ့ ချိတ်ဆက်ဆောင်ရွက်ရမည် ဆိုသည်ကို နားလည်နိုင်မည်ဖြစ်သည်။ နိုင်ငံရေးအရလည်း တော်လှန်ရေးအင်အားစုများ အထူးသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ နှင့် အညာတစ်ခွင်မှ အင်အားစုများသည် Mutually accommodated ဆက်ဆံရေးမျိုးကို တည်ဆောက်နိုင်ဖို့ အရေးကြီးပါသည်။

    ၄။ ဝန်ဆောင်မှုအခြေပြု ပြည်သူ့အုပ်ချုပ်ရေး

    အညာတစ်ခွင်တွင် စစ်ရေးအောင်မြင်မှု နှင့် နယ်မြေစိုးမိုးမှုသည် လက်ရှိအချိန်အထိ အထိုက်အလျောက် ကျေနပ်ဖွယ်ရာဖြစ်သည်။ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုရပေမည်။ နယ်မြေစိုးမိုးမှုသည် စစ်ရေးအရ ရန်သူကို တိုက်ထုတ်နိုင်ရုံမျှသာမက အုပ်ချုပ်ရေးယန္တယားတစ်ခုကို အလုပ်ဖြစ်အောင် တည်ဆောက်ထားနိုင်ခြင်းနှင့် တိုက်ရိုက် အချိုးကျသည်။ စိုးမိုးနယ်မြေအလိုက် သတင်းကွန်ယက်တည်ဆောက်ခြင်း၊ လူထုဆက်ဆံရေး တည်ဆောက်ခြင်း နှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ရှိသည့်အရင်းအမြစ် ဘောင်အတွင်းမှ စိတ်အားထက်သန်စွာပြုလုပ်ခြင်းသည် နယ်မြေစိုးမိုးရေး အထူးသဖြင့် soft power တည်ဆောက်ရေး အတွက် အခရာကျသည်။ ၂၀၂၁ နွေဦးကာလတွင် နယ်မြေစိုးမိုးရေး ဆိုသည်မှာ hard power တစ်ခုတည်းကို လုံးလုံးလျားလျား မှီတည်မနေကြောင်း ပြည်တွင်း၊ ပြည်ပရွှေ့ပြောင်း အခြေချမှုများနှင့် ဒီဂျစ်တယ်ပလက်ဖောင်းများ မှတဆင့် လူထုအသံ ထုတ်ဖော်ခြင်းတို့ကို ကြည့်ပြီး နားလည်နိုင်ပါသည်။ အညာဒေသတွင်မူ မြေပြင်စုဝေးမှု ပြုလုပ်၍ ဆန္ဒဖော်ထုတ်ခြင်းများကိုပါ တွေ့ရသည်။ အချို့ဖြစ်စဉ်များတွင် တော်လှန်ရေးအင်အားစုများ သို့မဟုတ် လူပုဂ္ဂိုလ်များကို ဒေသခံလူထုက ဆန္ဒထုတ်ဖော်သည်များလည်း ရှိသည်။ ထိုအချက်ကို စာရေးသူက အကောင်းမြင် သည်။ ပစ်ခတ်တိုက်ခိုက်မှုများကြားတွင် လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့် အခွင့်အရေး သို့မဟုတ် နေရာ (space) ရှိနေသေးကြောင်း မြင်ရသည့် အချက်ဖြစ်သည်။ လူထုလိုလားချက်များကို တော်လှန်ရေး အင်အားစုများက အဖြေပေးနိုင်ဖို့သာ လိုသည်။ အညာလူထု၏ လူမှုရေးစုဖွဲ့မှု နှင့် တိမ်းညွှတ်မှုအရ အညာဒေသတွင် တော်လှန်ရေးအင်အားစုများ အနေဖြင့် အုပ်ချုပ်ရေး ယန္တယားတစ်ခု လည်ပတ်ရန်မှာ သိပ်ခက်ခဲသင့်သည့် ကိစ္စမဟုတ်ပေ။ အညာတော်လှန်ရေး အင်အားစုများအနေဖြင့် အခြေခံအကျဆုံးအဆင့် ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှု၊ ပညာရေးဝန်ဆောင်မှု နှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်း (တိုက်ပွဲအတွင်း အရပ်သားများ လုံခြုံရေး၊ စစ်ရှောင်နေရာချထားရေး နှင့် အခြေခံရိက္ခာရရှိရေး စသည်)တို့အပြင် ဒေသခံများ၏ အခြေခံစားဝတ်နေရေးကိစ္စ အဝဝကို အုပ်ချုပ်ရေးယန္တယားအတွင်းမှ လုံခြုံမှုပေးရေးတို့ကို ပြည်သူ့ဝန်ဆောင်မှုအဖြစ် ပေးရန်သာဖြစ်သည်။ အရင်းအမြစ်ရရှိရေးနှင့် ရေရှည် တည်တံ့ရေး စဉ်းစားချက်များအပြင် တော်လှန်ရေး ပိုမိုအားကောင်း စေရေးအတွက် လက်တွေ့ အကျဆုံး စမှတ်မှာ မြို့နယ်အဆင့် စနစ်တည်ဆောက်လည်ပတ်ဖို့ ဖြစ်သည်။ အလွန်အသေးစိတ်၍ စမတ်ကျလွန်းသော လုပ်ငန်းစဉ်များ သို့မဟုတ် ပြဌာန်းချက်များဖြင့် paper smart စနစ်မူဘောင် မျိုးထက် လက်တွေ့အခြေအနေများကို ထင်ဟပ်၍ အမှန်တကယ်လုပ်ကိုင် ဆောင်ရွက်နိုင်သော အနေအထားမျိုးကို ဖန်တီးပေးသော စနစ်မူဘောင်တစ်ခုဆိုလျှင် လုံလောက်သည်ဟု ယူဆပါသည်။

    ၅။ ကနဦးသတိပေးချက်နှင့် အရေးပေါ်တုန့်ပြန်ရေးဆိုင်ရာ လုပ်ငန်းများ

    စစ်ပွဲကာလအတွင်း အရပ်သားလုံခြုံရေးအစီအမံများ သို့မဟုတ် လုံခြုံရေးအာမခံချက်များ ပေးရခြင်းသည် အပြောလွယ်၍ အလုပ်ခက်လွန်းသည့် ကိစ္စဖြစ်သည်။ ရံဖန်ရံခါတွင် စစ်ဘက်လုံခြုံရေးစိုးရိမ်မှုများ နှင့် အရပ်သားကာကွယ်ရေး ဦးစားပေးမှုနှစ်ခုသည် အပြိုင်တည်ရှိနေ (competing priorities) တတ်သည်။ ထိုအခြေအနေသည် အလွန်ခေါင်းကိုက်စရာ ကိစ္စဖြစ်သည်။ စုဖွဲ့မှုခိုင်မာ၍ အားကောင်းသော တော်လှန်ရေးတပ်များအတွက်ပင် ခက်ခဲလှသည်။ ထိုအကြောင်းကို ဧရာဝတီသတင်းဌာနနှင့် မကြာသေးခင်က မေးမြန်းခန်း အစီအစဉ်တစ်ခုတွင် အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ငြီးတွားဖူးသည်။ ရခိုင်ပြည်မြောက်ပိုင်း မြို့သိမ်းတိုက်ပွဲများနှင့် ပတ်သတ်၍ အခြားမြို့သိမ်းတိုက်ပွဲများနှင့် မတူဘဲ တိုက်တော့မည်ဆိုခြင်းကို စောလျင်စွာ အသိပေးကြေငြာထားရခြင်း ဖြစ်သည်။ အညာဒေသအတွက်မူ အရပ်သားထိခိုက် သေဆုံးမှုများကို ကာကွယ်ရန် အစီအမံများသည် နယ်မြေအလိုက် တည်ရှိနေသည့် အင်အားစုများ အကြားညှိနှိုင်း ဆောင်ရွက်ရမည့် ကိစ္စဖြစ်သည်။ လူသားအရင်းအမြစ်၊ ပစ္စည်းကိရိယာများ၊ ငွေကြေးအရင်းအနှီးအပြင် လေ့ကျင့်သင်တန်းပေးမှုများ၊ အသိပညာပေးမှုများ လိုအပ်သည်။ ထိုအချက်များအပြင် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းများကို ပညာရပ်ဆိုင်ရာရှုထောင့်အရ လေ့လာသုံးသပ်ပြီး ရေတိုဖြစ်သည့် လူသားချင်းစာနာမှု အကူအညီပေးရေး ရံပုံငွေများအပေါ် မှီခိုလွန်းခြင်း အန္တရာယ် (Humanitarian Dependency Risk) ကို လျော့ချထားရန် လိုအပ်သည်။ အညာလူထုသည် လူမှုသန္ဓေအားဖြင့် ဒူပေဓါပေခံ၍ အလုပ်ကြိုးစားသော လူများဖြစ်သည်။ ထိုလူမှုသန္ဓေကို ပျောက်ပျက်မသွားစေရန် ဒေသခေါင်းဆောင်များ အနေဖြင့် ပညာရှိရှိ လုပ်ကိုင် ဆောင်ရွက်သင့် ပါသည်။

    အညာသားများအတွက် လက်တွေ့လိုအပ်ချက်များ

    ၂၀၂၅ စစ်ရေးနိုင်ငံရေး ရာသီဥတုသည် အဓိကကျသည့် အပြောင်းအလဲများ (major changes) လုပ်ကြရမည့် အခြေအနေဖြစ်သည်။ ထိုအထဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ERO များအပြင် အညာဒေသအင်အားစုများလည်း ပါဝင်သည်။ တချို့အင်အားစုများအတွက် အဆိုပါ အပြောင်းအလဲများ ပြုလုပ်ရန် လိုအပ်ချက်သည် တည်ရှိမှုဆိုင်ရာ ရှင်သန်ခြင်း သို့မဟုတ် သေဆုံးခြင်း (survive or die) မေးခွန်းဖြစ်သည်။ အညာဒေသအတွက်မူ လူသုံးမျိုးလိုအပ်သည်ဟု ဆွေးနွေးတင်ပြချင်ပါသည်။ တော်လှန်ရေးသမား (Revolutionist)၊ လက်တွေ့မဟာဗျူဟာသမား (Strategic Realist) နှင့် လက်လီစိပ်၍ အကောင်အထည်ဖော်နိုင်သူများ (Programmatic) တို့ဖြစ်သည်။ လူသုံးမျိုးသည် သဘောတရားရေးရာအရ ရောယှက်နေနိုင်သော်လည်း ဦးစားပေး လုပ်ငန်းစဉ်အရမူ ကွဲပြားပါသည်။ ထိုလူသုံးမျိုးကို ကာလ၊ ဒေသ နှင့် ဇာတ်ကောင်များ (stakeholders) အပေါ်မူတည်၍ အချိုးအစားညီစွာ၊ ရှေ့ထုတ်တန်ထုတ်၊ နောက်ဆုတ်တန်ဆုတ် သည့် ဗျူဟာဖြင့် အချိန်အခါသင့် လုပ်နိုင်ဖို့မှာ အထူးအရေးကြီး ပါသည်။ ထို့အတူ ပွတ်တိုက်မှု နည်းနည်းနှင့် ခရီးမြန်မြန် ရောက်ရန်မှာ သဘောထားကြီးစွာဖြင့် အလျော့အတင်း လုပ်သည့် နိုင်ငံရေးဓလေ့ (compromise culture) ကို လက်တွေ့ကျင့်သုံးရန်မှာလည်း အရေးကြီးသည်။

en_GBEnglish