Centre for Ah Nyar Studies

အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲက နိုင်ငံရေးအသွင်ကူးပြောင်းမှုအတွက်လား

ဗညားတိုး

၂၉ ဇွန် ၂၀၂၅ 

၂၀၂၁ စစ်အာဏာသိမ်းမှုက (၅) နှစ်ထဲရောက်နေပါပြီ။ မြန်မာ့နွေဦးတော်လှန်ရေးလည်း (၅) နှစ်ထဲ ရောက်နေပါပြီ။ နွေဦးတော်လှန်ရေးရဲ့ တပ်ဦး တော်လှန်ရေးတပ်ဖွဲ့တွေကလည်း လက်လုပ်သေနတ် ပျောက်ကျားစစ်ဆင်ရေးမှသည် သမားရိုးကျ စစ်ဆင်ရေးများအထိ ဖော်ဆောင်နိုင်သည့် အနေအထား ဖြစ်သည်။ စစ်ရေးအရ ဗျူဟာကျသော စခန်းသိမ်း၊ ရွာသိမ်း နှင့် မြို့သိမ်းစစ်ဆင်ရေးများကို ဖော်ဆောင်နိုင်ပါပြီ။ နိုင်ငံတစ်ဝှမ်းက အဓိကကုန်းလမ်း နှင့် ရေလမ်း ဆက်သွယ်ရေး လမ်းမကြီးများကိုလည်း ထိန်းချုပ်ထားနိုင်ကြောင်း တွေ့ရသည်။ ဝေဟင်စိုးမိုးမှုတော့ မရှိပေ။ အမျိုးသားညီညွတ်ရေးအစိုးရ ၏ အချက်အလက်များအရ နိုင်ငံ၏ (၆၈) ရာခိုင်နှုန်းကို စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက် နေသော တော်လှန်ရေးတပ်များက ထိန်းချုပ်ထားသည်။ ကျန်နယ်မြေ အတော်များများမှာလည်း နှစ်ဖက် စစ်ရေးအားပြိုင်နေသော အနေအထားဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြိုအနိုင်ရပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရသစ်ဖွဲ့လုဆဲဆဲတွင် မြန်မာစစ်တပ်က အာဏာသိမ်းလိုက်သည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့် အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ အဖွဲ့ချုပ်ပါတီဝင် များ၊ ရွေးကောက်ခံကိုယ်စားလှယ်များ နှင့် အာဏာသိမ်းမှုကို ဆန့်ကျင်သူအများအပြားကို ထောင်သွင်း အကျဉ်းချထားသည်။ သတ်ဖြတ်ပြထားသည်။ ထိုစစ်အာဏာသိမ်းမှု နှင့် နောက်ဆက်တွဲ ရက်စက်ကြမ်းကြုတ်မှုများကို မြန်မာစစ်တပ်၏ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဦးဆောင်နေသည်။ ၁၉၆၂ နဲ့ ၁၉၈၈ စစ်အာဏာသိမ်းမှုများကဲ့သို့ လအနည်းငယ်အတွင်း နိုင်ငံ၏ နိုင်ငံရေး နှင့် လုံခြုံရေးရပ်ဝန်းကို စစ်တပ်က စီမံခန့်ခွဲနိုင်သော တည်ငြိမ်မှုမျိုး ဖန်တီးနိုင်မည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင်က မျှော်လင့်ခဲ့သည်။ အာဏာသိမ်းပြီးမကြာခင်တွင် တရုတ်သတင်းဌာနနှင့် အင်တာဗျူးစဉ် စစ်ခေါင်းဆောင်က ထိုအချက်ကို ထုတ်ပြောဖူးသည်။ သို့သော်လည်း မှန်းချက်နှင့် နှမ်းထွက် တက်တက်စင်အောင် လွဲခဲ့သည်။ နွေဦးတော်လှန်ရေး၏ နိုင်ငံရေး နှင့် စစ်ရေးလှိုင်းများကို အာဏာသိမ်းစစ်တပ်က ရင်မဆိုင်နိုင်ပေ။ ထို့အတူ နေပြည်တော်၏ အုပ်ချုပ်ရေး နှင့် စစ်ရေးလက်တံများ ကျိုးနေကြောင်းကို တိုင်းရင်းသားတပ်များ၏ ၁၀၂၇ စစ်ဆင်ရေး၊ ၂၀၂၄ သန်းခေါင်စာရင်း နှင့် ယခုနှစ် မတ်လ (၂၈) ရက်နေ့က လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်က မီးမောင်းထိုးပြခဲ့သည်။ အတည်ပြုရန် ခက်ခဲနေသေးသော သတင်းများအရ မြန်မာစစ်တပ်အတွင်း မင်းအောင်လှိုင်ကို တန်ပြန်အာဏာသိမ်းရန် ကြိုပမ်းမှုများ ရှိခဲ့သည်။ တစ်ဖက်ကလည်း ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း တရုတ်နိုင်ငံ၏ မြန်မာစစ်တပ်အပေါ် ရပ်တည်ချက် ပြောင်းလဲမှုများကလည်း မြန်မာစစ်တပ်ကို နိုင်ငံရေးထွက်ပေါက်ဆီ မြန်မြန်သွားဖို့ အချက်ပြထားသည်။ စစ်ခေါင်းဆောင်ရွေးချယ်လိုက်သော ထွက်ပေါက်မှာ အခြားမဟုတ်။ ရွေးကောက်ပွဲဖြစ်သည်။

အာဏာသိမ်းစစ်တပ်၏ သတင်းထုတ်ပြန်မှုများအရ ရွေးကောက်ပွဲကို ယခုနှစ် ဒီဇင်ဘာလ နှောင်းပိုင်း မှစ၍ ၂၀၂၆ ခုနှစ် ဇန်နဝါရီလဆန်းအထိပြုလုပ်ရန် လျာထားကြောင်း သိရသည်။ သို့သော် ရက်အတိအကျကိုမူ ယခုထိ ထုတ်ပြန်ခြင်း မရှိပေ။ ထို့အတူ အသွင်ကူးပြောင်းမှုအတွက် အရေးကြီးသော နိုင်ငံရေးဖြစ်စဉ်ဆိုင်ရာ လမ်းကြောင်းကိုလည်း ထုတ်ပြန်ထားခြင်း မရှိပေ။

အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲနှင့်ပတ်သတ်၍ ၎င်း၏ အတွင်းစည်းမှ ပညာရှင်များ နှင့် နိုင်ငံရေးသမားများကမူ ယခုရွေးကောက်ပွဲမှာ အာဏာသိမ်းထားသည့် စစ်တပ်၏ နိုင်ငံရေးထွက်ပေါက် မဟုတ်ဘဲ ပြည်သူလူထုအတွက် ထွက်ပေါက်ဖြစ်ကြောင်း သတင်းလွှင့်ထား သည်။ 

ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးကမူ နိုင်ငံရေးအသွင်ကူးပြောင်းမှုအတွက် အရေးပါသော ရွေးကောက်ပွဲ (Transitional election) ဟုဆိုသည်။ ထို့အတူ မြန်မာစစ်တပ်၏ လောင်းရိပ် မလွတ်သော နိုင်ငံရေးရပ်ဝန်းမှာလည်း ရွေးကောက်ပွဲကို နိုင်ငံရေးအသွင်ကူးပြောင်းမှုနည်းလမ်း တစ်ရပ်ဟု ရှုမြင်ထားကြပုံရသည်။ 

အာဏာရှင်စနစ် မှသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် ရွေးကောက်ပွဲ ဆိုသည်မှာ များစွာသောလုပ်ငန်းများထဲမှ တစ်ခုဖြစ်သည်။ လုပ်လေ့လုပ်ထ ရှိသည်။ မြန်မာပြည်တွင်လည်း ၂၀၁၀ ကမှ လုပ်ခဲ့ဖူးသေးသည်။ သို့သော် လက်ရှိအခြေအနေ၊ အချိန်ကိုက်ဖြစ်မှု နှင့် နိုင်ငံရေးဖြစ်စဉ်ဆိုင်ရာ ထည့်တွက်စရာများ ရှိနေသေးသည်။ လက်ရှိ မြန်မာ့နိုင်ငံရေးရာသီဥတု နှင့် လုံခြုံရေးရပ်ဝန်းမှာ ၂၀၀၇-၂၀၀၉ ကာလများဆီက ကဲ့သို့ တည်ငြိမ်မှုမျိုး ရှိမနေပါ။ နိုင်ငံရေးအရဆိုလျှင် တရုတ်၊ အိန္ဒိယ၊ ရုရှား၊ အာဆီယံ နှင့် ထိုင်းတို့ကဲ့သို့ နိုင်ငံများ၏ တစ်နည်းတစ်ဖုံ ထောက်ခံမှုဖြင့် နိုင်ငံတကာစာမျက်နှာတွင် အားပြုနိုင်သည်။ သို့သော် အိမ်စာ အနည်းငယ် ကျေပြရအုံးမည် ဖြစ်သည်။ ပြည်တွင်းနိုင်ငံရေးရာသီဥတုကို တည်ငြိမ်အောင် လုပ်နိုင်ဖို့ အာဏာသိမ်းစစ်ကောင်စီ၏ စွမ်းဆောင်ရည်မှာ မသေချာပေ။ စစ်ရေးအရဆိုလျှင် တိုင်း စစ်ဌာနချုပ်များအထိ လက်လွှတ်ထားရသည်။ အညာတစ်ခွင်အပါအဝင် စစ်နယ်မြေ အတော်များများတွင် ပေါ်တာဆွဲ၍ လက်ပူတိုက်၊ ရှေ့တန်းပို့ထားရသည့် စစ်မှုထမ်းများဖြင့်သာ ခံစစ်ဆင်နေရသည်။

ရွေးကောက်ပွဲနှင့် ပတ်သတ်၍ မြန်မာစစ်တပ် ကျေပြရမည့် နိုင်ငံရေးအိမ်စာထဲတွင် ရွေးကောက်ပွဲ မတိုင်မှီ နိုင်ငံရေးဆွေးပွဲလာရမည်ဆိုသည့် အချက်ပါမည်မှာ မလွဲပေ။ မြန်မာစစ်တပ်က ထိုအချက်ကို လက်ခံထားပုံလည်းရသည်။ ယခုရက်ပိုင်းကပဲ “ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲ နှင့် ဖွံ့ဖြိုးရေး” ခေါင်းစဉ်များဖြင့် ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၅ ကို မြန်မာစစ်တပ်က ကျင်းပခဲ့သည်။ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တက်သည်။ ထိုပွဲ၏ အရေးပါမှုကို သတင်းစကား ပါးချင်ပုံရသည်။ လက်တစ်လုံးခြား လုပ်တတ်သည့် မြန်မာစစ်အုပ်စု၏ ထုံးစံအတိုင်း ၎င်းတို့ ကြေငြာထားသည့် ရွေးကောက်ပွဲ၏ အကြိုငြိမ်းချမ်းရေးစကားပွဲကို အာဏာသိမ်းမှုကို ဆန့်ကျင်နေသူများ မပါဘဲလုပ်သည်။ တက်ရောက်သူများကို သရုပ်ခွဲကြည့်လျှင် သုံးမျိုးထွက်သည်။ မြန်မာစစ်တပ် နှင့် ၎င်း၏ လော်ဘီများ၊ စစ်အာဏာသိမ်းမှုကို မဆန့်ကျင်သည့် NCA လက်မှတ်ထိုး ထားသူများ နှင့် ၎င်းကို မဆန့်ကျင်သည့် ဒီမိုကရေစီလမ်းကြောင်း လျှောက်ခဲ့ဖူးသူများ သာဖြစ်သည်။ ရောက်လွယ်အောင် ပြောရလျှင် မြန်မာစစ်တပ် နှင့် ၎င်းကို မဆန့်ကျင်သူများ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်သည်။ မြန်မာစစ်တပ်အတွက်မူ ထိုအခြေအနေကပဲ တွက်ခြေကိုက် ပုံရသည်။ ရွေးကောက်ပွဲအကြို ဟန်ပြနိုင်ငံရေးဆွေးနွေးပွဲများက သူ့ကို သူ့မိတ်ဆွေများအကြား မျက်နှာပန်းလှစေပေမည်။ ထို့အတူ ၎င်းကို မဆန့်ကျင်သော နိုင်ငံရေးအင်အားစုများအတွက်လည်း ကိုယ့်တွက်ကိန်းနှင့်ကို တွက်ခြေကိုက် ပုံရသည်။ အာဏာသုံးရပ်စလုံး မင်းအောင်လှိုင်ကိုင်ထားရာမှ တစ်ချို့အာဏာများကို ဖြန့်ဝေခွင့်ရမည်။ ကန့်သတ်နိုင်ငံရေးလုပ်ခွင့်ရမည်။ အုပ်ချုပ်မှုစနစ်အရဆိုလျှင် လက်ရှိ အလုံးစုံ ထိန်းချုပ် အာဏာရှင်စနစ် (Totalitarian) မှသည် အနည်းငယ်ပျော့ပြောင်းလာသော အာဏာရှင်စနစ် (Authoritarian) အဖြစ် မျှော်လင့်၍ ရနိုင်သည်။ ဒီမိုကရေစီတစ်ဝက်၊ အာဏာရှင်တစ်ဝက်အုပ်ချုပ်ရေး (Semi-authoritarian) ကိုတော့ မျှော်လင့်၍ ရဟန်မတူသေး။ ထိုအဆင့်ကို ကူးပြောင်းရန် အာဏာသိမ်းစစ်တပ်ကိုယ်တိုင် အဆင်သင့်ဖြစ်သေးပုံမရပေ။

သေချာသည်မှာ အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲသည် နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းရန် နည်းလမ်းမဖြစ်နိုင်ပေ။ နိုင်ငံရေးအသွင်ပြောင်းမှုကို ရွေးကောက်ပွဲနည်းလမ်းဖြင့် လုပ်၍ ရနိုင်သော်လည်း အာဏာသိမ်း စစ်တပ်အနေဖြင့် အရေးကြီးသော အဆာပလာများကို ထည့်တွက် မထားပေ။ အထက်တွင် ဆွေးနွေးခဲ့သကဲ့သို့ လုံခြုံရေးကဏ္ဍအပြင် ပြည်တွင်းနိုင်ငံရေး ဖြစ်စဉ်မှာ လည်း အဆင်သင့် မဖြစ်သေးပေ။ မြန်မာစစ်တပ်နှင့် သဲကြီးမဲကြီး တိုက်နေသော အညာတော်လှန်ရေးတပ်များ အပါအဝင် တိုင်းရင်းသားတပ်များသည် နိုင်ငံရေးအသွင်ပြောင်းရန် အဆင်သင့်မဖြစ်သေးပေ။ အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့်လည်း ၎င်း၏ တွေ့ဆုံဆွေးနွေးရေးမူ (၆) ချက်ကို ပြန်လည် သုံးသပ်၍ ဗျူဟာပြောင်းမည်လား သို့မဟုတ် ထုတ်ပြောထားသည့် အထွေထွေထိုးစစ်ကို စမလား ဆိုသည်ကို ဆုံးဖြတ်နေပုံရသည်။ မည်သို့ပင်ဆိုစေကာမူ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ရွေးကောက်ပွဲနည်းဖြင့် ရလာသည့် တရားဝင်မှုကို နေပြည်တော်က သိမ်းကြုံးယူမည့် အစီအစဉ်ကို အခြားအင်အားစုများက လက်ခံဖို့ခက်သည်။ တိုင်းရင်းသားတပ်တစ်ချို့မှာ အခြေအနေတစ်ရပ်တွင် လက်ခံကောင်း လက်ခံနိုင်လိမ့်မည် ဖြစ်သည်။ လက်ရှိရထားသော နယ်မြေများကို ပိုင်ဆိုင်မှု ခိုင်မာအောင်လုပ်၍ အချိန်တစ်ခုစောင့်ပြီးမှ ဆက်တိုက်သည့်ဗျူဟာမျိုး သုံးရန်မှာလည်း ရွေးချယ်စရာများထဲမှ တစ်ခုဖြစ်နိုင်ပါသည်။ တိုင်းရင်းသားတပ်တစ်ချို့က ထိုယူဆချက်ဖြင့် လမ်းကြောင်းရွေးကောင်း ရွေးနိုင်သော်လည်း အညာက PDF တပ်များကို စကစ အနေဖြင့် နိုင်ငံရေး တရားဝင်မှုပေးမည့် စဉ်းစားချက်မျိုးရှိမည် မဟုတ်ပေ။

အာဏာသိမ်းစစ်တပ်သည် ရွေးကောက်ပွဲကိစ္စပြောဆိုနေသော်လည်း Transitional Election အနေဖြင့် စဉ်းစားလျှင် မဖြစ်မနေပါရမည့် အခြားအစိတ်အပိုင်းများကိုလည်း ပြောဆိုခြင်း မပြုပေ။ အထက်တွင် ဆွေးနွေးခဲ့သည့် နိုင်ငံရေး၊ စစ်ရေးနောက်ခံအခြေအနေများအပြင် အသွင်ကူးပြောင်းမှုတွင် အခရာကျသည့် အသွင်ကူးပြောင်းမည့် လုပ်ငန်းစဉ် အလိုက် အချိန်ကာလသတ်မှတ်ချက်၊ အသွင်ကူးပြောင်းရေးတွင် လုပ်ရမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာကိစ္စ၊ တရားဥပဒေစိုးမိုးရေးကိစ္စ၊ အရပ်အဖွဲ့အစည်းများ၊ မီဒီများကိစ္စ စသည်တို့နှင့် ပတ်သတ်၍ အစီအစဉ်များ ချပြမထားပေ။ ထိုအခြေအနေတွင် မေးခွန်းတစ်ခုပေါ်လာပါသည်။ 

Naypyitaw political transition လား၊ national political transition လားဆိုသည်ပင်။ လွယ်လွယ်ပြောရလျှင် အာဏာသိမ်းစစ်ကောင်စီ မှသည် ရွေးကောက်ခံအစိုးရ တစ်ရပ်အဖြစ် နေပြည်တော်အစိုးရကို ပုံဖော်လိုခြင်းလား မေးခွန်းထုတ်ရပေမည်။ 

ထို့အတူ အာဏာသိမ်းစစ်တပ်၏ မအောင်မြင်သော ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုများ၊ တစ်နည်းအားဖြင့် NCA ခရီးကို ၂၀၁၅ ခုနှစ်မှ ပြန်စရန် တာစူနေသည့် မြန်မာစစ်တပ်သည် ရွေးကောက်ပွဲပြီးလျှင် ရွေးကောက်ပွဲမှ ရလာသော တရားဝင်မှုဖြင့် ပုံစံပြောင်းချည်းကပ်ရန် လိုလားနေခြင်း ဖြစ်နိုင်ပါသည်။ ရွေးကောက်ပွဲနှင့် ပတ်သတ်၍ အငြင်းပွားစရာများအပြင် အင်မတန်စိုးရိမ်ဖွယ်ရာ ကောင်းသည့် ခြိမ်းခြောက်မှုများ ရှိနေသည်ကိုတော့ အလေးပေးစဉ်းစားသင့်ပါသည်။ သုံးချက်ကိုသာ ထုတ်နှုတ် ပြချင် ပါသည်။ စစ်တပ်၏ ရွေးကောက်ပွဲသည် အခန့်မသင့်ပါက ပိုမိုပြင်းထန်သော ပဋိပက္ခလှိုင်းများ ဖြစ်လာနိုင်ပါသည်။ နံပတ် (၂) အချက်မှာ ပိုမိုပြင်းထန်သော အကြမ်းဖက်မှုများ ကြုံတွေ့လာရ နိုင်ပါသည်။ နောက်ဆုံး နှင့် အရေးကြီးဆုံးမှာ နိုင်ငံတကာက စိုးရိမ်နေသည့် မြန်မာနိုင်ငံသည် နိုင်ငံငယ်များ အစိတ်စိတ်အမွှာမွှာ ကွဲထွက်ခြင်း၏ လမ်းစမှာ မြန်မာစစ်တပ်၏ ရွေးကောက်ပွဲ ဖြစ် သွားနိုင်ပါသည်။

en_GBEnglish
Share via
Copy link