တဂ်: Food security

  • ကုန်သွယ်ရေးလမ်းကြောင်းကြီးများပေါ်က အာဏာအားပြိုင်မှုများ နှင့် အညာဒေသ၏ စားနပ်ရိက္ခာ

    ကုန်သွယ်ရေးလမ်းကြောင်းကြီးများပေါ်က အာဏာအားပြိုင်မှုများ နှင့် အညာဒေသ၏ စားနပ်ရိက္ခာ

    ကုန်သွယ်ရေးလမ်းကြောင်းကြီးများပေါ်က အာဏာအားပြိုင်မှုများ နှင့် အညာဒေသ၏ စားနပ်ရိက္ခာ

    လက်ပံနီ၊ ၂ မေလ ၂၀၂၆

    စားနပ်ရိက္ခာ အချုပ်အခြာအာဏာ (Food Sovereignty) ဆိုသည်မှာ အနှစ်သာရအားဖြင့် လူထု၏ မွေးရာပါ အခွင့်အရေးပင် ဖြစ်သည်။ မိမိဒေသ၏ အရင်းအမြစ်များကို မိမိတို့ကိုယ်တိုင် ပါဝင်စီမံ ခန့်ခွဲခွင့် ရရှိမှသာလျှင် ပဋိပက္ခကာလအတွင်း ကြံ့ကြံ့ခံနိုင်ရည် ရှိပေမည်။ ထို့အတူရေရှည်တွင်လည်း ပိုမို ကောင်းမွန်ခိုင်မာသော လူမှုစီးပွားစနစ်ကို တည်ဆောက်နိုင်မည် ဖြစ်သည်။ လူထု၏ ဤအခွင့်အရေးကို အနိမ့်ဆုံးစံအဖြစ် အသိအမှတ်ပြုခြင်းဖြင့်သာလျှင် စားနပ်ရိက္ခာဖူလုံရေး မဟာဗျူဟာသည် အမျိုးသားလုံခြုံရေးအစီအစဉ်တစ်ခုဖြစ်လာပေမည်။ ဒီကနေ့ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းကို စေ့ငုကြည့်လျှင် နိုင်ငံရေး နှင့် စစ်ရေး၊ စစ်ရေး နှင့် စီးပွားရေး စသည်ဖြင့် ဒွေးရောယှက်တင် အခြေအနေများမှာ လင်းလင်းထင်ထင်ဖြစ်လာသည်ကို သတင်းစာဖတ်သူတိုင်း မြင်နေရသည်။ စစ်ပွဲသည် အာဏာနိုင်ငံရေးမျှသာမဟုတ်၊ နေ့တဓူဝကုန်ဈေးနှုန်းအတက်အကျလည်း ဖြစ်ပေသည်။ စစ်ပွဲသည်ဒေသ၊ နိုင်ငံများ၏ စီးပွားရေးလည်းဖြစ်သကဲ့သို့ မိသားစုများ နှင့် လူတစ်ဦးချင်းစီ၏ စားဝတ်နေရေးလည်း ဖြစ်နေပေသည်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ ထိုကျော့ကွင်းမှ လူထုက ရုန်းထွက်ရန် ခက်သည်ထက် ခက်သည်။

    စစ်ကိုင်းမှာတော့ ပွင့်လင်းရာသီစစ်ဆင်ရေးများ၏ နေ့တဓူဝ အနိဋ္ဌာရုံများကို စစ်မြေပြင်မှ လူထုက ကျောကော့နေအောင် ခံနေရသည်။ မိုးလေကင်းလွတ်၍ ကောင်းကင်သေမင်းတမန် ဗုံးကျဲလေယာဉ်ပျံများမှာလည်း တံခါးမရှိ၊ ဓါးမရှိ ပျံဝဲ၊ ပတ်ကျဲလို့နေသည်။ အာဏာသိမ်းစစ်တပ်မှာလည်း တရားဝင်လူသတ်လိုင်စင်ရထားသည့်နှယ်။ ပို၍ပင် ဆိုးရွား ပြင်းထန်လွန်းသည်မှာ လူထု၏ စားရေရိက္ခာ အခြေခံအဆောက်အဦနှင့် လမ်းကြောင်းများကို ပစ်မှတ်ထားတိုက်ခိုက်လာခြင်းပင်။ ဗုံးကျဲခံရ၍ သေသူမှာ ချက်ခြင်းအသက်ထွက်ခွင့်ရ၍ ရှင်သန်ကျန်ရစ်သူများမှာ ငတ်ပြီးမှ သေကြလေဟူ၍များ စီမံထားလေသည်မသိ။ အာဏာသိမ်းစစ်ဗိုလ်ချုပ်များအပြင် အမိန့်ပေးစေခိုင်းသူများမှာ ၎င်းတို့၏ အဆိုပါလုပ်ရပ်သည် ယဉ်ကျေးသည့် လူသားကမ္ဘာက လက်သင့်ခံမထားသည့် စစ်ရာဇဝတ်မှုဖြစ်သည်ကို ဆင်ခြင်နိုင်စွမ်းမှ ရှိကြပါလေစ။ မည်သို့ပင်ဆိုစေ စစ်ကိုင်းက စစ်ပွဲအတွင်းလူထု၏ စားနပ်ရိက္ခာကို လက်လှမ်းမှီခွင့်၊ ရရှိပိုင်ခွင့်ကို လက်နက်တခုလိုကိုင်စွဲတိုက်ခိုက်ခြင်းကို ခံနေကြရသည်။

    ယခုကဲ့သို့ စားရေရိက္ခာ လက်လှမ်းမှီခွင့်နှင့် အစားအစာသယ်ယူရေးလမ်းကြောင်းများကို တိုက်ခိုက် ဖြတ်တောက်ခြင်းက အာဏာသိမ်းစစ်တပ်အတွက် အသစ်မဟုတ်ပေ။ အမြဲကျင့်သုံးနေကျ လမ်းဟောင်းကြီးပင်။

    စစ်ကိုင်းတိုင်းထဲကို ၀င်နိုင်၊ ထွက်နိုင်သော အဓိက လမ်းကြောင်းကြီး (၄) ခုရှိပါသည်။

    စစ်ကိုင်း၏အဓိက အသက်သွေးကြောဖြစ်သော တောင်ဘက်၀င်ပေါက် မန္တလေးစစ်ကိုင်း လမ်းကြောင်းမှာ ပထမ။ ယင်းလမ်းကြောင်းမှာ အောက်မြန်မာပြည်နှင့် ရှမ်းပြည်၊ မန္တလေးဘက်မှ ကုန်စည်များ စီးဆင်းရာဖြစ်သည်။ ၂၀၂၅ မတ်လမှာ ဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းငလျင်ကလည်း အဆိုပါလမ်းကြောင်းကို အကြီးအကျယ်ထိခိုက်ပျက်စီးစေသည်။ ငလျင်ကြောင့် ကျိုးပျက်သွားသော အဓိကမြစ်ကူးတံတားမှာ ရှိရင်းစွဲလူလုပ်အတားအဆီးများကို ထပ်ဆောင်း၍ ကုန်စည်စီးဆင်းမှုကို ပို၍ ပို၍ ခက်ခဲလာနေစေသည်။

    ဒုတိယလမ်းကြောင်းမှာ စစ်ကိုင်း၏ အနောက်ဘက်ခြမ်းဝင်ပေါက်ဖြစ်သည်။ ဒေသအခေါ် မုံရွာ-ဂန့်ဂေါ-ချင်းပြည်လမ်းကြောင်းဖြစ်သည်။ ထိုလမ်းကြောင်းမှာ ချင်းတွင်းမြစ်ဝှမ်းမှသည် ယောဒေသ ပုံတောင်ပုံညာ၊ ချင်းတောင်တန်းတို့ကို ဖြတ်၍ အိန္ဒိယနိုင်ငံအထိပေါက်သည်။ တော်လှန်ရေးတပ်များစိုးမိုးရာ စစ်ကိုင်းတိုင်းအနောက်ခြမ်းမှ ကျေးရွာများအတွက် အရေးပါသော လမ်းကြောင်းကြီးလည်းဖြစ်သည်။ ထိုလမ်းကြောင်းပေါ်ရှိ အချို့နေရာများတွင် အာဏာသိမ်းစစ်တပ်က နေရာယူထားနိုင်ဆဲဖြစ်သည်။ စခန်းတွင်းမှ အပြင်သို့မထွက်စေကာမူ ကုန်စည်စီးဆင်းမှုကို နှောင့်ယှက်ဟန့်တားနိုင်လောက်သော စိုးမိုးမှုတော့ ရှိနေသည်။ မြန်မာစစ်တပ်၏ သင်ရိုးညွှန်းတမ်းထဲမှ ဖြတ်လေးဖြတ်ဗျူဟာကို ကျင့်သုံး၍ ရနေသေးသည်။

    စစ်ဆေးရေး ဂိတ်များက ရိက္ခာသယ်ယူမှုကို “ဖြတ်လေးဖြတ်” စနစ်ဖြင့် တားဆီးခြင်းသည် မြေပြင်က ဝန်ဆောင်မှု ပေးနေသူများကို ဘေးကျပ်နံကျပ်ဖြစ်စေသည်မှာတော့ အမှန်ပင်။ အနိမ့်ဆုံး အဆင့်အနေဖြင့် အဟန့်အတား တစ်ခုချင်းစီတိုင်းသည် စားသုံးကုန်များ၏ ဈေးနှုန်းကို အပြောင်းအလဲဖြစ်စေသည်။ အာဏာသိမ်းစစ်တပ်အနေဖြင့် လူထုကို စားရေရိက္ခာ လက်လှမ်းမှီမှု မက်လုံးဖြင့် ဓားစာခံလုပ်ပြီး နိုင်ငံရေးအရ အလျှော့ပေးလာအောင် ဖိအားပေးသည့် နည်းလမ်းလည်း ဖြစ်နေသည်။

    ရွှေဘို-မြစ်ကြီးနားလမ်းကြောင်းမှာ တတိယ။ ရွှေဘို-ကျောက်မြောင်းမှတစ်ဆင့် ထီးချိုင့်၊ ကသာ၊ ဗန်းမော်မှသည် မြစ်ကြီးနားနှင့် လိုင်ဇာအထိ လမ်းကြောင်းပေါက်သည်။ တတိယလမ်းကြောင်းမှာ မန္တလေးတိုင်းအတွင်းရှိ တကောင်း၊ သပိတ်ကျင်းမြို့နယ်များနှင့်ပါ နယ်မြေအရထိစပ်နေခြင်းမှာ သူ၏ အရေးပါမှုကို လျော့တွက်၍ မရခြင်းပင်။ ထိုလမ်းကြောင်း၏ ဆုံချက်ဖြစ်သည့် ရွှေဘိုလွင်ပြင်မှာလည်း ဆန်အဓိကထွက်သောဒေသဖြစ်သည်။ ၎င်းကို ထိန်းချုပ်ခြင်းဖြင့် ဒေသတွင်း ဆန်ကို အပြင်မထွက်အောင် ပိတ်ဆို့နိုင်သည့် ဖဲချပ်တစ်ခု ရသွားစေသည်။ ထိုဖဲချပ်ကို နှစ်ဖက်ခေါင်းဆောင်များက ဗျူဟာကျကျကစားပြနေကြသည်။ ရိက္ခာစီးဆင်းမှုကို လက်နက်သဖွယ် အသုံးချ၍ အုပ်ချုပ်ရေးယန္တရားကို ပိတ်ဆို့ခြင်း သို့မဟုတ် အသစ်တည်ဆောက်ခြင်းတို့အတွက် ထိုဖဲချပ်မှာ အလွန်အသုံးဝင်ပုံရသည်။ ဆက်စပ်နယ်မြေ ကန့်ဘလူတွင် အာဏာသိမ်းစစ်တပ်၏ လက်တံတစ်ခုဖြစ်သည့် ဦးဝါသဝဦးစီးသော ပျူစောထီးတပ်များရှိနေသည်။ ပျူစောထီးအဖွဲ့များ မှတဆင့် စားရေရိက္ခာ စီးဆင်းမှု သာမကဘဲ ဒေသတွင်း အုပ်ချုပ်ရေးကိုပါ ထိန်းချုပ်ရန် ကြိုးစားနေသည်။ သတင်းရင်းမြစ်များ၏ အဆိုအရ ကန့်ဘလူ ခရိုင်အတွင်းရှိ ပျူစောထီးအင်အားမှာ ခန့်မှန်း ၃၀၀၀ ကျော်ရှိပြီး နေရာတော်တော်များများကို ဖြန့်ကျက်ထားသည်။

    အထက်ပါ လမ်းကြောင်းကြီးသုံးခုအပြင် နွေဦးတော်လှန်ရေးကာလမှ တွင်ကျယ်လာသော စစ်ကိုင်းလမ်းကြောင်းကြီးတစ်ခု ရှိနေသေးသည်။ အာဏာသိမ်းကာလ၏ ဗဟိုချက်မစင်္ကြံ လမ်းကြောင်းဟု ခေါ်ကြသည်။ ယင်းမာပင်၊ပုလဲ (စစ်ကိုင်း) ကနေစပြီး မြိုင် (မကွေး)၊ ထိုမှတဆင့် ဧရာဝတီမြစ်ကို ဖြတ်၍ မန္တလေးတိုင်း ပုဂံ၊ ညောင်ဦး သို့မဟုတ် တောင်သာ၊ မလှိုင် ဘက်မှတဆင့် ရှမ်းတောင်နှင့်ကရင်နီ (ကယား) အထိ စပ်သော လမ်းကြောင်းကြီးဖြစ်သည်။ အညာလွင်ပြင်တော်လှန်ရေးနယ်မှသည် ထိုင်း-မြန်မာနယ်စပ်အထိဟု ယျေဘုယျနားလည်နိုင်ပါသည်။ ဗဟိုချက်မစင်္ကြံလမ်းကြောင်းမှာ အညာလွင်ပြင်မှ တော်လှန်ရေးအင်အားစုနယ်မြေများနှင့် မြန်မာနိုင်ငံ တောင်ပိုင်းရှိ လူမျိုးစုတော်လှန်ရေးတပ်နယ်မြေများ အကြား ချိတ်ဆက်ထားသော လမ်းကြောင်းကြီးလည်း ဖြစ်သည်။ ရိက္ခာနှင့် ထောက်ပို့လမ်းကြောင်း (Supply line) ဟုလည်း နားလည်ကြသကဲ့သို့ မြောက်ပိုင်းစစ်ဆင်ရေးကာလအလွန်ဖြစ်သော ၂၀၂၄ နောက်ပိုင်း မူးယစ်ဆေး၀ါး သယ်ယူရေး လမ်းကြောင်းဟုလည်း ယူဆကြသည်။ ဗဟိုချက်မစင်္ကြံလမ်းကြောင်းမှ လမ်းကြောင်း (၁) ကဲ့သို့ပင် အာဏာသိမ်းစစ်တပ်နှင့် တော်လှန်ရေးအင်အားစုများအကြား ဘတစ်ပြန်၊ ကျားတစ်ပြန်စိုးမိုးကြသည့် ကျေးလက်၊ မြို့ပြနယ်မြေများကို ဖြတ်သန်းသွားသည့် လမ်းကြောင်းကြီး ဖြစ်သည်။ လမ်းကြောင်း (၂) နှင့် (၃) ထက်ပို၍ အားပြိုင်မှုများသည်။

    စစ်ပွဲကာလကြာရှည်လာသည်နှင့်အမျှ လက်နက်အင်အားလိုအပ်မှု၊ လူအင်အား လိုအပ်မှုများကြောင့် စစ်တပ်အပြင် တော်လှန်ရေးအင်အားစုများမှာလည်း ငွေကြေးလိုအပ်မှု မြင့်တက် လာသည်နှင့်အမျှ ရင်းမြစ်စဉ်းစားချက်များမှလည်း ပုံစံသစ်များကွဲထွက်လာခြင်း ဖြစ်နိုင်ပါသည်။ ဒေသတွင်းရှိ သယံဇာတအရင်းအမြစ်များ ထုတ်ယူရောင်းချခြင်းနှင့် မူးယစ်ဆေး သယ်ဆောင်ပေးခြင်းဖြင့် ရရှိသည့် ငွေကြေးအကျိုးအမြတ်များအပေါ် မှီခိုလာမှုမှာလည်း ၂၀၂၅ ခုနှစ်တွင် ပို၍ လင်းလင်းထင်ထင်ဖြစ်လာသည်။ ယိုစိမ့်ထွက်ကျလာသော ဒေသတွင်းသတင်း တင်ဆက်မှုများတဆင့်လည်း အဆိုပါအခြေအနေ၏ အတိမ်အနက်ကို တွက်ဆရန် သိပ်မခက်တော့ပေ။

    တချိန်တည်းမှာပဲ ဒေသတွင်းတွင် ပျံ့ကျဲနေသော လက်နက်ကိုင်တပ်များ စုစည်းနိုင်ရေး အားထုတ်မှုများကလည်း စစ်ကိုင်းမှာ အားကောင်းလာနေပြန်ပါသည်။  အကျိုးစီးပွားတူသည်ဟုယူဆကြသူ၊ အင်အားစုများအချင်းချင်း ဖက်ဒရယ်ဒီမိုကရေစီ တိမ်လွှာအောက်တွင် ပူးပေါင်းလာကြသည်များကို ခပ်စိပ်စိပ်တွေ့လာရသည်။ ၂၀၂၅ ခုနှစ်မှာတော့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) ပေါ်ထွက်လာခြင်းက အများသိကြတဲ့ လက်နက်ကိုင်တပ်များ ပူးပေါင်းကြခြင်းပင်။ သို့သော် စစ်ကိုင်း၊ မကွေး တို့တွင် မြို့နယ် သို့မဟုတ် စစ်ဂွင်အလိုက် အလားတူပူးပေါင်းမှုမျိုးများလည်း များစွာရှိနေပါတယ်။

    စစ်ပွဲကာလအတွင်း လူထု၏ စားနပ်ရိက္ခာကို လက်လှမ်းမှီခွင့်နဲ့ပါတ်သက်၍ စေ့ငုမိသည့်အခါ အထက် ဖော်ပြပါ စစ်ကိုင်းလမ်းကြောင်းများပေါ်ရှိ စစ်ဆေးရေးဂိတ် (Checkpoints) များဟာ အရေးပါဆုံးဖြစ်နေသည်။ ၄င်းစစ်ဆေးရေးဂိတ်များသည် အာဏာသိမ်းစစ်တပ်သာမက တော်လှန်ရေးဘက်တော်သားများဘက်မှလည်း လုံခြုံရေးခေါင်းစဉ်အောက်မှ ဖွင့်ထားကြသည်။ အာဏာသိမ်းစစ်တပ်အနေဖြင့် စစ်ဆေးရေးဂိတ်များကို ခရီးသွားပြည်သူများထံမှ ငွေကြေးကောက်ခံ ခြင်းသက်သက်မျှသာမဟုတ်ဘဲ လူထုအပေါ် စိုးမိုးမှု နှင့် ၎င်းတို့က ပြည်သူများထက် ခေါင်းတစ်လုံးပိုမြင့်သည့်သဘောကို ရိုက်သွင်းနိုင်သည့် ဌာနအဖြစ်လည်း အသုံးပြုနေသည်။ ခရီးသွားပြည်သူများကို အမြဲတစေ ကားပေါ်မှ ဆင်းခိုင်းခြင်း၊ တန်းစီခိုင်းခြင်း နှင့် ဆီလိုအပေါက်ရှာ၍ စစ်ဆေးမေးမြန်းကြခြင်းပင်။ “မင်းတို့ရဲ့ လွတ်လပ်ခွင့်က ငါတို့လက်ထဲမှာရှိတယ်” ဆိုသည့် သတင်းစကားမျိုးကို နေ့စဉ်နှင့်အမျှ ပြည်သူလူထုထံသို့ ပါးနေသယောင်။ ဥပမာ ဂိတ်ရှိလူများက လက်နက်ကိုင်ထား၍ အခွန်ကောက်သူဖြစ်နေချိန်တွင်၊ ပြည်သူများက တောင်းပန်တိုးလျှိုးပြီး အခွန်ပေးရသူဖြစ်နေသော “အဆင့်အတန်းကွာဟချက်” ကို ဖန်တီးခြင်းပင်။

    အခြားတဖက် တော်လှန်‌ရေးအုပ်စုများမှ ဖွင့်ထားသော ဂိတ်များမှာတော့ သူ့နည်းသူ့ဟန်၊ သူ့စံနှုန်းများဖြင့် ကြေးတခုသတ်မှတ်၍ လည်ပတ်နေသည်။ ၂၀၂၃ နှစ်ဦးပိုင်း၊ NUG က ဒေသန္တရအုပ်ချုပ်ရေးကို ရပ်ရွာ/မြို့နယ်အဆင့်မှစတင်၍ အကောင် အထည်ဖော်လာရာမှစပြီး ဂိတ်ကြေး အနေဖြင့် အခွန်ကောက်ခံကြသည်။ ယေဘူယျ အားဖြင့် မြေပြင်လူထုသည် မိမိသဘော ဆန္ဒအရ တော်လှန်ရေး အင်အားစုများ ကောက်ယူသည့် အခွန်ငွေများကို လိုလိုချင်ချင် ပေးဆောင်ကြသည်ဟု နားလည်နိုင်ပါသည်။ သို့သော် ၂၀၂၄ခုနှစ် နှောင်းပိုင်းမှစ၍ ပိုမိုကြပ်တည်း လာသော နေ့စဥ်အခြေအနေများကြောင့် အပြောင်းအလဲများ စဖြစ်လာသည်။ လူထုမှ ဒေသအလိုက်မတူညီသည့် အခွန်နှုန်းထားများကို ဂိတ်ကြေးခေါင်းစဉ်ဖြင့် ပေးဆောင်နေရသည့်အပေါ် သက်ဆိုင်ရာဒေသန္တရ ခေါင်းဆောင်များ၊ တပ်ရင်းတပ်ဖွဲ့တာ၀န်ခံများနှင့် NUG ၏ ဝန်ကြီးဌာနများထံသို့ အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုလာကြသည်။ ထိုမှတဆင့် ၂၀၂၆ ဖေဖော်၀ါရီလ ဆန်းပိုင်းတွင် NUG မှ တရား၀င်စာထုတ်၍ စစ်ကိုင်းတိုင်းအတွင်းရှိ ခရိုင် (၅)ခုတွင် ဂိတ်များကိစ္စ ဖြေရှင်းသည်။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ တရား၀င်ခွင့်ပြုထားသော စစ်ဆေးရေးဂိတ်များမှ လွဲ၍ အခြား မည်သည့် စစ်ရေး သို့မဟုတ် ဒေသဆိုင်ရာအဖွဲ့အစည်းများမှ မိမိတို့သဘော အလျောက် ဖွင့်လှစ် ထားသော စစ်ဆေးရေးဂိတ်များ ပိတ်သိမ်းရန်နှင့် မည်သည့်အခွန်အခမျှ ကောက်ခံခြင်း မပြုရဆိုသည်ပင်။ ၄င်းဖြစ်စဥ်နှင့် နောက်ဆက်တွဲ အခြေအနေများကို သုံးသပ်ကြည့်လျှင်လည်း စစ်ဆေးရေးဂိတ်များ၏ အရေးပါမှုနှင့် ၄င်းတို့မှ တဆင့် လူတယောက် သို့မဟုတ် လူတစု၊ တဖွဲ့၏ အာဏာကို တည်တံ့စေ၊ ပိုမိုခိုင်မာစေသည့် အခင်းအကျင်းကိုလည်း တဖက်တလမ်းမှ အားထုတ်ဖန်တီးပေးနေကြောင်း မြင်ရသည်။ ထို့ပြင် ၄င်းစစ်ဆေး‌ရေး ဂိတ်များသည် အောက်ဖော်ပြပါ လူထုအပေါ်သက်ရောက်မှုများကိုလည်း တနည်းအားဖြင့် ဖန်တီးပေးနေပါသည်။

    ၁။ ကာယစိတ္တနှိပ်ကွပ်ကြခြင်း

    ဂိတ်များကို ဖြတ်သည့်အခါ ငွေပေးရရုံမျှသာမကဘဲ ကားပေါ်က ဆင်းခိုင်းတာ၊ တန်းစီခိုင်းတာ ဒါမှမဟုတ် စစ်ဆေးမေးမြန်းတာတွေက ခရီးသွားပြည်သူများအတွက် ကိုယ်စိတ်နှလုံး မချမ်းမြေ့စရာ။ ဂိတ်ရှိ လက်နက်ကိုင်ထားသည့် မည်သူမည်ဝါ မသိရသူများ၏ ပြုသမျှကို နုရသည့် ခရီးသွားပြည်သူများ၏ လမ်းမပေါ်က အတွေ့အကြုံများမှာ ခါးသီးလွန်းလှပါသည်။ မိအေးဘယ်နှခါနာမှန်းပင် မရေတွက်နိုင်တော့။

    ၂။ ခရီးဖင့်စေခြင်း

    အညာဒေသမှာ လယ်ယာထွက်ကုန်သာ မှီခိုရသည်။ သို့သော် ခေတ်မှီ processing facility များတော့မရှိ။ အခြောက်ခံစက်လည်းမရှိသကဲ့သို့ အအေးပေးစက်လည်းမရှိ။ သိုလှောင်ရုံမရှိ။ ထိုအခြေအနေတွင် ပုပ်သိုးလွယ်သော သီးနှံများကို သယ်ယူသည့်အခါ “အချိန်” က တန်ဖိုးဖြတ် အညွှန်းကိန်းဖြစ်သည်။ အချိန်ဆွဲထားခြင်း သို့မဟုတ် တစ်ကျောင်းတစ်ဂါထာ သတ်မှတ်ထားသည့် အခွန်အခများကို မပြေလည်မချင်း ပေးမဖြတ်ခြင်းက –

    • ကုန်သည်နှင့် တောင်သူများ၏ “ပိုင်ဆိုင်မှု” ကို ဖျက်ဆီးပစ်နိုင်တဲ့ အာဏာရှိကြောင်း ပြသခြင်းလည်းဖြစ်သည်။
    • စီးပွားရေးအရ အကျပ်ကိုင်ရုံမျှမကဘဲ လူထုကို “အကြောက်တရား”ဖြင့် အုပ်ချုပ်သည့် ပုံစံလည်း ဖြစ်သည်။

    ၃။ ပါးစပ်ဖျားက အခွန်နှုန်းထား (Arbitrary Pricing)

    ဂိတ်များတွင် အခွန်နှုန်းထား သို့မဟုတ် ဂိတ်ကြေးများမှာ ပုံသေကားချပ်မရှိခြင်း နှင့် ပွင့်လင်းမြင်သာမှုကင်းမဲ့ခြင်းက ပြည်သူများ၏ လူမှုစီးပွားဘဝကို ဝေးဝါးစေပါသည်။ လက်နက်ကိုင်ထားသူများ၏ ပါးစပ်ဖျားမှ စိတ်တိုင်းကျပြောင်းလဲနေသော နှုန်းထားများမှ အရာရာကို ခန့်မှန်းရ ခက်စေရုံမျှမက “အုပ်ချုပ်သူရဲ့ အလိုကျ” နေထိုင်ရမည်ဆိုသည့် သဘောကို ဆောင်ပါသည်။ ထိုအချက်ကြောင့်ပင် အခြေခံစားသောက်ကုန်နှင့် အခြားကုန်စည်များမှာ ခင်ဦးမှာ တစ်ဈေး၊ ဒီပဲယင်းမှာ တစ်ဈေး” ဖြစ်နေခြင်းပင်။ စနစ်တကျမဟုတ်သော အာဏာပြမှုများကြောင့် ပို၍ ဆိုးဝါးသွားခြင်းပင်။

    သို့ဖြစ်ပါ၍ စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် အခွန်ကောက်ခံခြင်းသည် ဘဏ္ဍာငွေရှာ ဖွေခြင်းထက် လူထု၏ နေ့စဉ်ဘဝ၊ သွားလာ လှုပ်ရှားမှုနှင့် စားဝတ်နေရေးကို အကြွင်းမဲ့ ထိန်းချုပ်ထား ကြောင်း ပြသသည့် ‘အာဏာပြကွက်’ (Performative Power) ပင် ဖြစ်သည်။ ဤစနစ်က အညာဒေသ ၏ စားနပ်ရိက္ခာကွင်းဆက်ကို လက်နက်သဖွယ် အသုံးချကာ လူထုကို စီးပွားရေးအရရော စိတ်ပိုင်းဆိုင် ရာအရပါ ဒူးထောက်လာအောင် ဖန်တီးနေခြင်း ဖြစ်သည်။

    ထို့ကြောင့် အညာဒေသ၏ စစ်ပွဲများအတွင်း လူထု၏ ကြံ့ကြံ့ခံနိုင်မှုအကြောင်း  ဆွေးနွေးကြသည့်အခါ စာရေရိက္ခာဖူလုံရေးသည် ဝမ်းဝရုံမျှမဟုတ် လူတစ်ဦးချင်းစီ၏ မွေးရာပါအခွင့်အရေးလည်းဖြစ်သည်။ လူမှုအဖွဲ့အစည်းတစ်ခု တည်ငြိမ်ဖို့ (Social Stability) အတွက် အခြေခံအကျဆုံး အချက်ဖြစ်သည်။ ဤတွင် Dignity of Agency ဆိုသောစကားရပ်နှင့် အတွေးအမြင်ကို မြေပြင်လူထုကြားမှာ ပိုမိုမြင်သာ လာအောင်၊ သိရှိနားလည်လာအောင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြဖို့လိုအပ်လာပြီဟု ထင်မြင်ယူဆမိပါသည်။ စစ်ပွဲထဲမှ လူထုသည် အကူအညီကို တစ်ဖက်သတ်စောင့်နေရသူများ (Passive Recipients) မဟုတ် မိမိတို့ ကံကြမ္မာကို မိမိတို့ အစိုးရသော “ကိုယ်တိုင်ဆုံးဖြတ်နိုင်ခွင့်ရှိသူ” (Active Agents) များဖြစ်သည်။  ထိုသဘောတရားကို နှလုံးသွင်း၍ ပံ့ပိုးကူညီမှုအစီအစဉ်များ လုပ်ကြမှသာ ထိခိုက်လွယ်သော လူထုအတွင်း ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်သည်။

    နောက်ထပ်တချက်က Agency over Survival။ မိမိတို့ဒေသတွင် စိုက်ပျိုး၊ထုတ်လုပ်၊ ထွက်ရှိသော စားနပ်ရိက္ခာကို စီမံခန့်ခွဲနိုင်မှသာ လူတစ်ဦးချင်းစီ၏ ဂုဏ်သိက္ခာနှင့် ရှင်သန်မှုကို အာမခံချက် ပေးနိုင်မည်ဖြစ်သည်။ ထိုနှစ်ချက်ကို တွက်ဆ၍ ဒေသတွင်း ရင်းမြစ်များကို မြေပြင်လူထုက ကိုယ်တိုင်စီမံစေနိုင်သော အခင်းအကျင်းမျိုး ဖန်တီးပေးမှသာ “မြေပြင်လူထုကြံ့ကြံ့ခံနိုင်စွမ်း” (Grassroots Resilience) ဖြစ်တည်လာမည်ဟု အဆိုပြုချင်ပါသည်။ ၎င်းသည် ကုန်စည်စီးဆင်းမှု လမ်းကြောင်းများကို ခေါင်းစဉ်ပေါင်းစုံအောက်မှ ပိတ်ဆို့ဖြတ်တောက်နေသော အာဏာသိမ်းစစ်တပ်၏ အန္တရာယ်ပေးနိုင်ချေကို လျော့ချရာရောက်နိုင်ပါသည်။

    ထို့ပြင် ကြံ့ကြံ့ခံနိုင်စွမ်းမှ ရေရှည်ရပ်တည်ရေးဆီသို့ (From Resilience to Sustainability) ဆိုသည့် ချဥ်းကပ်မှု ပုံသဏ္ဍန်ဖြင့် စီမံချက်များကို အကောင်အထည်ဖော်ကြသင့်ပေသည်။ သို့မှသာလျှင် ဒီနေ့ ရှင်သန်မှုပထမ စဉ်းစားချက်မှသည် အနာဂတ်တွင် ပိုကောင်းသော လူမှုဘဝကို တည်ဆောက် လာနိုင်ရန်အတွက် အခွင့်အလမ်းနှင့်အခွင့်အရေးများကို လူထုက လက်လှမ်းမှီလာနိုင်မည်ဖြစ်သည်။ သို့မှသာ လူမှုအဖွဲ့အစည်း အသီးသီးက လူသားလုံခြုံရေးဆိုင်ရာအခွင့်အရေးကို ခံစားရယူပိုင်ခွင့် ရှိလာနိုင်ပါသည်။ ဤနေရာတွင် အမျိုးသားလုံခြုံရေးစဉ်းစားချက်တွင် နယ်မြေလုံခြုံရေးထက် လူသားလုံခြုံရေးမှာ ပို၍ အဓိကကျကြောင်း ဒေသခေါင်းဆောင်များသတိမူသင့်ပါသည်။ လူထုတွင် မိမိရင်းမြစ်ကို စီမံခွင့်ရှိမှသာ အမျိုးသားလုံခြုံရေးမှာ အနှစ်သာရ ရှိမည်။ ထိုသို့မဟုတ်ဘဲ အပေါ်ယံ အာဏာပြ ထိန်းချုပ်ထားမှုများသည် တကယ့်လုံခြုံရေးမဟုတ် ဆိုသည်ကိုလည်း ဒေသခေါင်းဆောင်များ ကျင့်သုံးလာစေချင်မိပါသည်။ ထိုမှတဆင့် ဒေသခေါင်းဆောင်များကို မေးခွန်းထုတ်စရာတစ်ခုက အနာဂတ် ဖက်ဒရယ်စနစ် တည်ဆောက်ရေးတွင် စားနပ်ရိက္ခာ လုံခြုံမှုကို ယူနစ်အဆင့် အခြေခံဥပဒေများတွင် မည်သို့ထည့်သွင်း စဉ်းစားကြမည်နည်း ဆိုသည်ပင်။

    နိဂုံးချုပ်အနေဖြင့် အညာဒေသ၏ စစ်ပွဲကာလအတွင်းဆက်လက် ကြံ့ကြံ့ခံနိုင်စေရေးနှင့် ရေရှည်တည်တံ့နိုင်မည့် အခြေ အနေတစ်ရပ်ကို ဖော်ဆောင်ကြသည့်အခါ အောက်ဖော်ပြပါ အခြေအနေ (၃) ရပ်ကို ဒေသဆိုင်ရာ စီမံ အုပ်ချုပ်ရေးတာ၀န်ရှိသူများအနေနှင့် အလေးဂရုပြုစေလိုကြောင်း လေးလေးနက်နက် တိုက်တွန်း လိုက်ရပါသည်။

    ၁။ ပကတိအခြေအနေကို အခြေခံသော ပြုလွယ် ပြင်လွယ် စီမံအုပ်ချုပ်မှုစနစ် (Adaptive Governance)

    အညာဒေသရဲ့ ပကတိအခြေအနေက ပဋိပက္ခနဲ့ ရာသီဥတုဒဏ်ကြောင့် အမြဲတမ်း ပြောင်းလဲနေတာပါ။ ဒါကြောင့် အခြေခံဥပဒေမှာ ပြဋ္ဌာန်းတဲ့အခါ ပုံသေကားချပ် မဟုတ်ဘဲ –

    • အရေးပေါ်အခြေအနေတွေမှာ ရိက္ခာစီးဆင်းမှုကို ချက်ချင်း လမ်းဖွင့်ပေးနိုင်မယ့် “Emergency Food Corridors” ဆိုင်ရာ ပြဋ္ဌာန်းချက်များ။
    • ဒေသအလိုက် ပြောင်းလဲနေတဲ့ ဈေးနှုန်းနဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး မူဝါဒကို ညှိနှိုင်းနိုင်တဲ့ “Flexible Implementation” စနစ်တွေကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။

    ၂။ တရားဝင်မှုနှင့် ပြည်သူလူထုအကြား ထားရှိရမည့် အပြန်အလှန် လူမှုကတိကဝတ်များ (Legitimacy & Social Contract)

    ယူနစ်အခြေခံဥပဒေတွင် စားနပ်ရိက္ခာကို လက်လှမ်းမှီမှုဟာ လူထုရဲ့ရပိုင်ခွင့်၊ အခွင့်အရေးတရပ်အနေဖြင့် ဖော်‌ဆောင်ကြဖို့လိုပါသည်။ လူထုကိုယ်တိုင်က “ဒါဟာ ငါတို့ရဲ့ အခွင့်အရေး၊ ငါတို့ရဲ့ ရင်းမြစ်” လို့ ခံယူနိုင်ဖို့ အရေးကြီးပါတယ်။ ပဋိပက္ခကြားမှပင် တတ်နိုင်သမျှ

    • အခွန်ကောက်ခံမှုနှင့် ရင်းမြစ်ခွဲဝေမှုများမှာ ဒေသခံတောင်သူများ၊ ကုန်သည်တများနှင့်လူထုကိုယ် စားလှယ်များ၏ အသံကို တရားဝင် ထည့်သွင်းစဉ်းစားရမည့် လုပ်ထုံးလုပ်နည်းများ။
    • လမ်းကြောင်းတွေပေါ်က ဂိတ်များ သို့မဟုတ် အခွန်စနစ်များကို တရားနည်းလမ်းကျကျ စီမံခန့်ခွဲပြီး လူထုကို ပြန်လည် အစီရင်ခံရမည့် စနစ် စသည်တို့ကို ထည့်သွင်းစဥ်းစားထားကြဖို့ လိုအပ်ပါသည်။

    ၃။ ယူနစ်အခြေခံဥပဒေ၏ အခန်းကဏ္ဍ (Sub-national Constitutionalism)

    စားနပ်ရိက္ခာလုံခြုံမှုကို ဗဟိုကပဲ ချုပ်ကိုင်တာမျိုး မဟုတ်ဘဲ တိုင်းဒေသကြီးအဆင့်မှာ ပြဋ္ဌာန်းခြင်းအားဖြင့် အောက်ဖော်ပြပါ အကျိုးကျေးဇူးများကိုလည်း ကျွဲကူးရေပါ ရရှိနိုင်ပါသည်။

    • ဒေသိယအားကောင်းလာခြင်း။ အညာဒေသ၏ ထူးခြားသော စိုက်ပျိုးရေးနှင့် လောင်စာဆီ လိုအပ်ချက်များကို တိုက်ရိုက်ကိုင်တွယ်နိုင်သော ဥပဒေအာဏာ ရရှိလာခြင်း။
    • အခွင့်အရေးအကာအကွယ်ပေးခြင်း။ လူထု၏ မွေးရာပါ အခွင့်အရေးဖြစ်သည့် “မိမိရင်းမြစ်ကို မိမိစီမံခွင့်” ကို အကာအကွယ်ပေးထားသည့် ဥပဒေအကာအကွယ် (Legal Protection) တစ်ခု ဖြစ်လာခြင်း။
    • ရေရှည်ခံသော အချုပ်အခြာအာဏာပိုင်စိုးခြင်း။ ယခုကဲ့သို့ ခက်ခဲချိန်တွင် အရင်းအမြစ်များကို လူထုက ကိုယ်တိုင်စီမံ အုပ်ချုပ်တတ်သည့် အလေ့အကျင့် (Local Governance practices) များကို တည်ဆောက်ပေးမှသာ နောင်တချိန်တွင် ပိုမိုကောင်းမွန်သည့် ဖက်ဒရယ်စနစ် တည်ဆောက်ရာတွင် အခြေခံအုတ်မြစ် ဖြစ်လာပါမည်။

    လက်ပံနီသည် အညာဒေသ၏ လူမှုပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများကို အထူးပြုလေ့လာသည့် လွတ်လပ်သည့် သုတေသီတစ်ဦးဖြစ်သည်။ သူမ၏ သုတေသနများမှာ မြေပြင်၏ ပကတိ အခြေအနေများနှင့် နိုင်ငံတကာမူဝါဒရေးရာ မူဘောင်များအကြား ကွာဟမှုကို ချိတ်ဆက်ဖြည့်ဆည်း ပေးရန် အဓိထားသည်။

    ယခုသုံးသပ်ချက်ဆောင်းပါးတွင် ဖော်ပြထားသော အကြောင်းအရာများသည် စာရေးသူ၏ လွတ်လပ်သော အမြင်နှင့် သုံးသပ်ချက်များဖြစ်သည်။


    [cas_related]

  • အညာ၏ စားနပ်ရိက္ခာ အကျပ်အတည်း – ပဋိပက္ခနှင့် ရာသီဥတုဒဏ်ကြားမှ ပြိုလဲပျက်စီးနေသော ရှင်သန်ရေးလမ်းကြောင်းများ

    အညာ၏ စားနပ်ရိက္ခာ အကျပ်အတည်း – ပဋိပက္ခနှင့် ရာသီဥတုဒဏ်ကြားမှ ပြိုလဲပျက်စီးနေသော ရှင်သန်ရေးလမ်းကြောင်းများ

    အညာ၏ စားနပ်ရိက္ခာ အကျပ်အတည်း – ပဋိပက္ခနှင့် ရာသီဥတုဒဏ်ကြားမှ ပြိုလဲပျက်စီးနေသော ရှင်သန်ရေးလမ်းကြောင်းများ

    လက်ပံနီ၊ ၂၇ ဖေဖော်ဝါရီ ၂၀၂၆

    အညာဒေသသည် ယခင်က မြန်မာနိုင်ငံ၏ အဓိက စားနပ်ရိက္ခာထုတ်လုပ်ရေးဒေသ တစ်ခုဖြစ်ခဲ့ သော်လည်း ယနေ့အချိန်တွင် စားနပ်ရိက္ခာစနစ်များ၏ ဖွဲ့စည်းပုံဆိုင်ရာ ပျက်ယွင်းမှုကို ကြုံတွေ့နေ ရသည်။ ဤအကျပ်အတည်းသည် ယာယီဖြစ်ပေါ်သော ထုတ်လုပ်မှုလျော့ကျခြင်းမျိုးမဟုတ်ဘဲ ပဋိပက္ခ၊ ရာသီဥတုဖောက်ပြန်မှုနှင့် အရင်းအမြစ်များကို လက်နက်သဖွယ် အသုံးချခံရမှု (Weaponization of Resources) တို့ကြောင့် ဖြစ်ပေါ်လာသော ဖွဲ့စည်းပုံဆိုင်ရာပြိုလဲမှု (Structural Breakdown) ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှစ၍ ဆက်တိုက်ဖြစ်နေသော ပစ်ခတ်တိုက်ခိုက်မှုများနှင့်အတူ ဒေသတွင်းနေရပ်စွန့်ခွာရသည့်လူဦးရေ (IDP) မှာလည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အများဆုံးဖြစ်နေသည်။ ယခုနှစ် ဖေဖော်ဝါရီလအထိ စာရင်းများအရ စစ်ကိုင်းတိုင်း တစ်ခုတည်းမှာပင် IDP ဦးရေ (၁.၃) သန်းကျော်ရှိနေသည်။ မကွေးတွင် (၃) သိန်းနီးပါး နှင့် မန္တလေးတွင် (၁) သိန်းနီးပါး ရှိကြောင်း ကုလသမဂ္ဂ၏ စာရင်းများအရ သိရသည်။ အညာဒေသ စစ်ရှောင်များ၏ ယာယီတိမ်းရှောင်လိုက်၊ နေရပ်ပြန်လိုက်ဖြစ်နေသည့် သဘောသဘာဝကို ထည့်တွက်ပါက လက်တွေ့ တွင်မူ အဆိုပါကိန်းဂဏန်းများထက် အလွန်ပိုများမည်ဖြစ်သည်။ ထိုအခြေအနေတွင် စစ်ပွဲဒေသရှိ လူထု၏ ရှင်သန်ရေးအတွက် လူသားချင်စာနာမှု အကူအညီများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါ နေသည်။ နိုင်ငံတကာ ရံပုံငွေလျော့ချလာမှုများရှိနေသော်လည်း စစ်ကိုင်း၊ မကွေး နှင့် မန္တလေး ဒေသများသို့ လူသားချင်းစာနာမှုအကူအညီများသည် အထိုက်အလျောက် စီးဆင်းနေသည် ကိုလည်း တွေ့ရသည်။

    လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် အကူအညီများမှာ အမှန်တကယ်ထိခိုက်ခံစားနေရသူများထံသို့ လုံလောက်စွာ မရောက်ရှိနိုင်သည့် အနေအထားတွင် ရှိသည့်အရင်းအမြစ်များကို အလိုအပ်ဆုံး နေရာများသို့ ထိထိမိမိရောက်ရှိသွားနိုင်မှုမှာလည်း မေးခွန်းထုတ်စရာပင်။ အာဏာသိမ်းစစ်တပ်၏ ဆက်သွယ်ရေး ဖြတ်တောက်ထားမှု၊ လူသားချင်းစာနာမှု အကူအညီစီးဆင်းမှုကို တင်းကျပ်စွာ ပိတ်ဆို့ထားမှုအပြင် အကူအညီပေးရေးရပ်ဝန်းအပေါ်  ဥပဒေစည်းမျဉ်းများဖြင့် ဘောင်ခတ်တင်းကြပ် ထားမှု စသည်တို့ဖြင့် ဖိနှိပ်ထားသည့်အခြေအနေတွင် သမားရိုးကျ အကူအညီပေးရေး ဇာတ်ကောင်များမှာ ချောင်ပိတ်မိနေတော့သည်။ မြန်မာစစ်တပ်၏ အဖက်ဖက်မှ ပိတ်ဆို့၊ တင်းကြပ်မှုများကြားတွင် ၎င်းတို့မှာ ဒုက္ခရောက်နေသောလူထုထံ အကူအညီများ ထိထိမိမိ ရောက်ရှိနိုင်ရန် ကြံစဉ်ဆောင်ရွက်ခြင်းထက် ၎င်းတို့၏ ရပ်တည်ရှင်သန်ရေး ပထမစဉ်းစား၍ blanket approach များကို အသုံးပြုလာသည်။ အကူအညီလိုအပ်နေသူများ၊ အကူအညီ အမျိုးအစား တို့အပြင် အရေးကြီးသည့် ဒေသိယကွဲပြားမှုမျိုးစသည့် အခြေအနေ အသေးစိတ်များကို ရှည်ရှည် ဝေးဝေး စဉ်းစား မနေဘဲ အလုံးစုံခြုံငုံချည်းကပ် လိုက်ခြင်းမျိုးဖြစ်သည်။ ထိုသို့ အကူအညီပေးရေး မဟာဗျူဟာများသည် humanitarian efficiency အတွက် မေးခွန်းထုတ်စရာပင်။

    ဒေသိယပြုခြင်းမဟာဗျူဟာ (localisation) ကို အကူအညီပေးရေးရပ်ဝန်းမှ အသံကျယ်ကျယ်ဟစ်၍ လုပ်ဆောင်သော်လည်း အဆိုပါ လုပ်ဆောင်မှုများကိုယ်တိုင်က ဒုက္ခရောက်နေသောလူထုနှင့် ဝေးကွာနေဆဲဖြစ်သည်။ ထိခိုက်ခံစားရသူများ (တနည်းအားဖြင့် အကူအညီပေးရေးလုပ်ငန်းများ၏ အကျိုးခံစားခွင့်ရှိသူများ)မှာ ဒေသိယပြုခြင်းလှိုင်းတွင် ပါဝင်ခွင့်၊ အသံပြုခွင့် ရ၏၊ မရ၏ ဆိုသည်မှာ မေးခွန်းထုတ်စရာပင်။ စစ်မက်ပဋိပက္ခ ဖြစ်ပွားနေသော အခြေအနေတွင် အကူအညီပေးရေး ပိုက်လိုင်း၏ အပေါ်ပိုင်းဇာတ်ကောင်များရှိရာ အလယ်ဗဟိုချက်မသည် စစ်ပွဲအတွင်းမှ အနိဌာရုံများ၊ ရေခံမြေခံပြောင်းလဲနေမှုများ၊ စစ်ပွဲဒေသရှိ လူထု၏ ရုန်းကန်ရှင်သန်နေရမှုများအပါအဝင် ၎င်းတို့မည်သို့ တွေးခေါ်ကြသနည်းဆိုသည့် အခြေအနေအရပ်ရပ်များနှင့် ဝေးကွာနေတတ်ပါသည်။ မြန်မာနိုင်ငံ အကူအညီပေးရေးရပ်ဝန်း၏ ဗဟိုချက်မဖြစ်သည် ရန်ကုန်သည် စစ်ကိုင်းစစ်မြေပြင်တွင် စဉ်းစား လုပ်ဆောင်ကြသည်များနှင့် အတွေးကွာလွန်းမည်မှာ အံ့ဩစရာမဟုတ်ပါပေ။ ဤအခြေအနေတွင် ဒုက္ခရောက်နေသော လူထုအတွင်းရှိ အဖွဲ့အစည်းများမှ ဦးဆောင်သည့် အကူအညီပေးသည့်ပုံစံ ဖြစ်လာရန် မဟာဗျူဟာဆိုင်ရာ အပြောင်းအလဲများပြုလုပ်ရန် လိုအပ်နေ ပါသည်။

    စစ်ကိုင်းဒေသတွင် စားနပ်ရိက္ခာမလုံလောက်မှုကို တွန်းအားပေးနေသည့် အကြောင်းရင်းများ

    သမားရိုးကျ လူသားချင်းစာနာမှု အကူအညီများထက် မြေပြင်အခြေအနေနှင့် ကိုက်ညီသော၊ ဒေသခံများ ကိုယ်တိုင်ဦးဆောင်သော (Locally-led) ခံနိုင်ရည်ရှိသည့် စိုက်ပျိုးရေးပုံစံများသို့ အရေးပေါ် ကူးပြောင်းရန် လိုအပ်နေပါသည်။ အထူးသဖြင့် အညာဒေသ၏ လက်ရှိစားနပ်ရိက္ခာလိုအပ်ချက် အကျပ်အတည်း၏ အဓိကတွန်းအားများ (Drivers of Insecurity)မှာ

    • Weaponization of Water: ဆည်ရေပေးဝေမှုကို ထိန်းချုပ်၊ ပိတ်ပင်ထားခြင်းသည် နွေစပါးနှင့် ဆီထွက်သီးနှံ ထုတ်လုပ်မှုကို တိုက်ရိုက်ထိခိုက်စေပြီး တောင်သူများကို စားနပ်ရိက္ခာ လုံခြုံမှုမရှိတော့သည့် အခြေအနေသို့ တွန်းပို့နေသည်။
    • Climate & Geological Shocks: ပြင်းထန်သော အပူချိန်နှင့် မကြာသေးမီက လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် မြေသားများအက်ကွဲကာ စိုက်ပျိုးမြေနှင့် ရေအရင်းအမြစ်များ ပျက်စီးခဲ့ရသည်။
    • Contested Governance: အုပ်ချုပ်ရေးဆိုင်ရာ အားပြိုင်မှုများကြောင့် စိုက်ပျိုးရေး သွင်းအားစုနှင့် ဈေးကွက်ချိတ်ဆက်မှုများ ပြတ်တောက်နေသည်။

    လက်ရှိအခြေအနေအား ပို၍အသေးစိတ်ကြည့်သော်

    (က) တွက်ချက်ခန့်မှန်းရန် ခက်လာသော လယ်ယာစိုက်ပျိုးရေးလုပ်ငန်း

    ရွှေဘိုခရိုင်ကဲ့သို့ ဆည်မြောင်းများမှ ရေပေးဝေရေးစနစ်ရှိသည့် ဒေသများတွင်ပင် စပါးစိုက် တောင်သူများသည် ခါတိုင်းကဲ့သို့ တွက်ချက်၊ ခန့်မှန်း၍ ရင်းနှီးစိုက်ပျိုးရန် ခက်ခဲလာနေသည်။ ဒေသတွင်း မလုံခြုံမှုမှာ အဓိကအကြောင်းရင်းဖြစ်သော်လည်း သူ့ချည်းသက်သက်မဟုတ်ပေ။ ရေရရှိနိုင်မှု မသေချာခြင်း၊ ဓါတ်မြေဩဇာအပါအဝင် စိုက်ပျိုးရေး သွင်းအားစုဈေးနှုန်းများ မိုးပျံတက်သွားခြင်း နှင့်အတူ ထုတ်လုပ်မှုကုန်ကျစာရိတ် မြင့်တက်ခြင်းတို့မှာ ကြီးမားသော အကြောင်းတရားများဖြစ်သည်။ သွင်းအားစုဈေးနှုန်းများမှာ အလွန်မတည်မငြိမ်ဖြစ်နေပြီး မြို့နယ်၊ ကျေးရွာများ၏ လမ်းပန်းဆက်သွယ်ရေး အနေအထားပေါ်မူတည်၍ ဓါတ်မြေဩဇာဈေးနှုန်းမှာ အလွန်အမင်း ကွာခြားနေလေ့ရှိသည်။ ဥပမာ နယ်မြေချင်း သိပ်မဝေးလှသည့် ဒီပဲယင်းမြို့နယ် နှင့် ကန့်ဘလူမြို့နယ် တို့တွင် ဓါတ်မြေဩဇာ တစ်အိတ်ဈေးနှုန်းမှာ အနည်းဆုံး(၁၀၀၀၀) ကျပ် ကွာဟသည်။

    ထိုဝန်ထုပ်ဝန်ပိုးများနှင့် ဆုံးရှုံးနိုင်ချေများလွန်းသည့် အန္တရာယ်တို့ကို စပါးစိုက်တောင်သူများက ခါးစည်းခံရုံသာ။ သူတို့ကို ပခုံးကူထမ်းပေးမည့်သူ မရှိ။ အစိုးရ၏ အကူအညီ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ အကူအညီကို တောင်သူများ လက်လှမ်းမမှီ။ ထိုအခြေအနေမှာ လေထီးမပါဘဲ sky-diving လုပ်ရသည့် အခြေအနေနှင့် တူသည်။ မသေလျှင်တောင် ရမည့်ဒဏ်ရာမှာ ခြေကျိုး၊ လက်ပွန်းအဆင့်တော့ မဟုတ်ပါပေ။

    လယ်ကွင်းထဲက ထွက်သည့်နောက် ဈေးကွက်ကို မျှော်ပြန်သော်လည်း ရင်မောစရာ။ မုံရွာကဲ့သို့ ပဲမျိုးစုံနှင့် နှမ်းစသည့် ဆီထွက်သီးနှံများ အဓိက ထုတ်လုပ်ရေးဒေသများတွင်လည်း ကုန်သွယ်ရေး နှောင့်နှေးမှု၊ ရာသီဥတုပြောင်းလဲမှုနှင့် ဈေးကွက်မတည်ငြိမ်မှု တို့ကြောင့် တောင်သူများမှာ စိုက်ပျိုးရေး လုပ်ငန်းဝင်ငွေများ အကြီးအကျယ်လျော့နည်းလာနေသည်။ ထို့ပြင် အညာတစ်ခွင်တွင် လှည့်လည် မွှေနှောက် ဖျက်ဆီးနေသော အာဏာသိမ်းစစ်တပ်၏ စစ်ကြောင်းများကလည်း ကြုံလျှင်ကြုံသလို ရိပ်သိမ်းခါနီး သီးနှံများ သို့မဟုတ် ရိပ်သိမ်းပြီးသီးနှံများကို ဖျက်ဆီးသွားတတ်သေးသည်။ တစ်ချိန်တည်းမှာပင် ဒေသတွင်း နယ်မြေအားပြိုင်မှုနှင့်အတူ ကုန်သွယ်ရေးလမ်းမကြီးများ နှင့် ရွာချင်းဆက်လမ်းများတွင် ခရီးလမ်းသွားလာမှု လွယ်ကူမနေခြင်းတို့ကြောင့် လယ်ယာထွက်ကုန်များ အချိန်မှီတင်ပို့ရောင်းချနိုင်ရန် အခက်အခဲရှိနေသေးသည်။ နောက်ဆုံးတွင် ယင်းမာပင်ခရိုင် အပါအဝင် အညာခြောက်သွေ့ဒေသများတွင် လယ်သမားများသည် စိုက်ပျိုးဧက လျှော့ချခြင်း၊ ရာသီအလိုက် သီးနှံ စိုက်ပျိုးချိန်ရွှေ့ခြင်း သို့မဟုတ် မြေကိုအလွတ်ထားခြင်းစသည့် အန္တရာယ် ရှောင်ကြဉ်သည့် နည်းလမ်းများကို ကျင့်သုံးလာကြရရာ ဒေသတွင်း စားနပ်ရိက္ခာ ထုတ်လုပ်မှုပမာဏမှာ တဖြည်းဖြည်း နည်း၍ နည်း၍ လာနေသည်။

    (ခ) ရာသီဥတုပြောင်းလဲမှုများ အလွန်အကျွံဖြစ်ပေါ်လာခြင်းကြောင့် နောက်ဆက်တွဲအန္တရာယ် နှင့် ိုးကျိုးများ

    စစ်ကိုင်းတိုင်းဒေသကြီးသည် ရာသီဥတုပြောင်းလဲခြင်း၏‌ နောက်ဆက်တွဲပြဿနာကြောင့် မိုးခေါင်ခြင်း သို့မဟုတ် အချိန်အခါမဟုတ် မိုးရွာခြင်း၊ မိုးကြီးခြင်းများမှာ တနှစ်ထက်တနှစ် ပိုမိုပြင်းထန်လာနေသည်။  မထင်မှတ်သော ရေလွှမ်းမိုးမှုများကို တပြိုင်နက်ကြုံတွေ့နေရသည်။ ၂၀၂၃–၂၀၂၄ ခုနှစ်အတွင်း ယခင်က ရေလွှမ်းမိုးမှု မကြုံဖူးသောဒေသများဖြစ်သည့် ဒီပဲယင်း၊ ခင်ဦး၊၀က်လက်နှင့် အရာတော် မြို့နယ်များ အပါအဝင် လယ်ယာမြေများ ရေလွှမ်းမိုးခံရခြင်းသည် ရာသီအလိုက် (နွေ၊မိုး၊ဆောင်း) စပါးနှင့်သီးနှံများ အလှည့်ကျ စိုက်ပျိုးခြင်းအလေ့အထအပေါ်  တောင်သူများ၏ ယုံကြည်မှုကို ပိုမိုလျော့နည်း လာစေသည်။ တောင်သူများမှာ ကံကိုယုံ၍ ဆူးပုံမနင်းရဲ။ ထို့ပြင် ပဋိပက္ခဖြစ်စဥ်များ အထူးသဖြင့် စစ်ပွဲများ၊ စစ်ကောင်စီမှ စစ်ထိုးလာခြင်းများ၊ မြေပြင်တော်လှန်ရေးတပ်များမှ တိုက်ပွဲဖော်ခြင်းများနှင့် ဆက်စပ်သော ကန့်သတ်ချက်များနှင့် ပေါင်းစပ်လိုက်သောအခါ ရာသီဥတုမတည်ငြိမ်မှုသည် စိုက်ပျိုးရေးကို အားပြုရသည့် စစ်ကိုင်းတိုင်းလို ဒေသအတွင်း  ဆုံးရှုံးမှုများကို ပိုမိုပြင်းထန်စေသည်။

    (ဂ) မြေ၊ ရေနှင့် လှုပ်ရှားသွားလာခွင့်အပေါ် အာဏာပြိုင်ဆိုင်မှု

    ဆည်ရေပေး‌ဝေသည့် ရေလမ်းကြောင်း၊ ရေတံခါးများဖွင့်၊ ပိတ်ခြင်းစသည်တို့အား စစ်ကောင်စီမှ ၄င်းတို့၏ ဖြတ်လေးဖြတ်အစီအစဥ် တစိတ်တပိုင်းအနေဖြင့် အကြီးအကျယ်လုပ်သည်။ အထူးသဖြင့် နွေစပါးစိုက်သည့် အချိန်များတွင် ပစ်မှတ်ထား၍ လုပ်သည်။ ထိုအချက်က နွေစပါးစိုက်သည့် တောင်သူများအား စပါးစိုက်ရန် ရေသွင်းရမှု၊ ရေရရှိမှုတို့ကို အခက်အခဲဖြစ်စေသည်။

    ထို့ပြင် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများအား ပိတ်ဆို့ခြင်း၊ အထူးသဖြင့် တနေရာမှ အခြား တနေရာသို့ သွားရောက်ရာ လမ်းတွင် မြို့/ရွာ အ၀င်အထွက်ဂိတ်များတွင် ဝင်ရောက်ခွင့်သည် ဒေသဆိုင်ရာအဖွဲ့အစည်းများ (ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ)နှင့် အခြားသောအာဏာ/လက်နက်များ လက်၀ယ်ရှိသည့် အဖွဲ့များအကြား ပြိုင်ဆိုင်မှုများပိုပြင်းထန်လာပြီး၊ ဂိတ်ကြေးကောက်ယူမှု များမှာလည်း ပိုမိုများပြားလာသည်။  ဤအခြေအနေသည် နေရာဒေသအလိုက် မတူညီပဲ တကျောင်းတဂါထာ၊ တရွာတပုဒ်ဆန်းဖြစ်နေကြခြင်းကလည်း လယ်သမားများအတွက် အရာရာကို ခန့်မှန်းရ ပိုခက်စေသည်။ စပါးနှင့် အခြားသီးနှံစျေးကွက်အတွက် အနှောင့်အယှက်ဖြစ်စေပါသည်။ ဥပမာ ကန့်ဘလူမြို့နယ်၏ အခြေအနေသည် အညာဒေသ၏ ပျက်စီးနေသော ဈေးကွက် ကို အထင်ရှားဆုံး သက်သေပြနေသည်။ နယ်မြေကပ်နေသည့် ခင်ဦးမြို့နယ်တွင် စပါးတင်း (၁၀၀) လျှင် (၅၇) သိန်းကျပ် ဈေးပေါက်နေချိန်၌ ကန့်ဘလူတွင် (၁၈) သိန်းခန့်သာ ရရှိခြင်းမှာ ပိုလျှံသော ထွက်ကုန်များကို အပြင်သို့ တင်ပို့နိုင်သည့် လမ်းကြောင်းများ ပိတ်ဆို့ခံထားရခြင်းကြောင့် ဖြစ်သည်။ တစ်ဖက်တွင် ရေနံတွင်းများ ပေါများသည့်နေရာခြင်းအတူတူ စက်သုံးဆီဈေးနှုန်းမှာ မုံရွာ(ဓာတ်ဆီတဂါလံ ၁၄၀၀၀ နှင့် ဒီဇယ်တဂါလံ ၁၃၀၀၀ကျပ်)ထက် ကန့်ဘလူ (ဒီဇယ်/ဓာတ်ဆီတဂါလံ ၂၀၀၀၀ကျပ်) တွင် ပိုပြီး မြင့်တက်နေခြင်း များကြောင့် တောင်သူများသည် အရှုံးနှင့် ရင်ဆိုင်နေရပြီး၊ ဤသည်မှာ စားနပ်ရိက္ခာ ထုတ်လုပ်သူများကိုယ်တိုင် ငတ်မွတ်ခေါင်းပါးမှု ဘေးအန္တရာယ်ဆီသို့ တွန်းပို့ခြင်းခံနေရသည့် အခြေအနေပင် ဖြစ်သည်။

    ထို့ကြောင့် လယ်သမားများ၏ စိုက်ပျိုးရေးဆုံးဖြတ်ချက်များသည် စိုက်ပျိုးရေးနည်းပညာအလား အလာထက် လုံခြုံရေးအခြေအနေသုံးသပ်ချက်အပေါ် ပိုမိုအခြေပြုလာကြရပါသည်။

    ထို့ကြောင့် လက်ရှိစစ်ကိုင်းတိုင်းသည် ပုံမှန်အရေးပေါ် စားနပ်ရိက္ခာအကူအညီ တစ်ခုတည်း ပံ့ပိုး ပေးရုံ၊ အရေးပေါ်ငွေသားပေး‌‌ဝေသည့်အစီအစဥ်များ ကူညီရုံနှင့်မလုံလောက်သည့် အနေအထား ဖြစ်ပါသည်။

    အရေးပေါ် စားနပ်ရိက္ခာအကူအညီသည် အထူးသဖြင့် နေရာပြောင်းရွှေ့ရသူ စစ်ရှောင်များနှင့် အလွန်အမင်း ထိခိုက်လွယ်သူအုပ်စုများ/အရေးပေါ်အကူအညီလိုအပ်နေသည့် အုပ်စုများအတွက် အရေးကြီးနေဆဲဖြစ်သော်လည်း၊ အဆက်မပြတ်ဖြစ်ပွားနေသော အကြမ်းဖက်မှုများနှင့် ထပ်တလဲလဲ ဖြစ်ပွားနေသော စစ်ပွဲအန္တရာယ်များကြောင့် တောင်သူအိမ်ထောင်စုများသည် အကျပ်အတည်းတစ်ခုမှ နောက်တစ်ခုသို့ ကူးပြောင်းချိန်တွင် ထုတ်လုပ်မှုစွမ်းအားစတင်ရန် ငွေကြေးအားဖြင့် ပြန်လည် နာလန်ထူနိုင်ခြင်း မရှိနိုင်တော့သည်ကလည်း အကြောင်းရင်းတရပ်ဖြစ်လာပါသည်။

    ထုတ်လုပ်မှုနှင့် ဝင်ငွေတည်ငြိမ်မှုကိုပံ့ပိုးပေးနိုင်ရန်နှင့်ဒေသအလိုက်စိန်ခေါ်မှုများအား ဖြေရှင်းနိုင်ရန် အမှန်တကယ်အကူအညီဖြစ်စေသည့် လိုက်လျောညီထွေသော ပံ့ပိုးကူညီမှု ပုံသဏ္ဍန်များမဟုတ်လျှင် စားနပ်ရိက္ခာအကူအညီသည် ပြန်လည်ထူထောင်ရေးအတွက် တံတားမဟုတ်ဘဲ အကြိမ်ကြိမ် အခါခါပေး‌ဝေနေရခြင်းဖြင့် အကူအညီရယူသူ လူထုအတွက်လည်း အမှီခိုခံ အခြေအနေ ဆီသို့ လုံးလုံးလျားလျား ကျရောက်သွားစေသည့် ဖြေရှင်းနည်းတစ်ရပ်အနေဖြင့်သာ ရှိနေပါသည်။

    ထို့ပြင် လက်ရှိ စစ်ကိုင်းတိုင်းတွင်၊ ၂၀၂၅ မတ်လအတွင်း လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် မြေသား များ အက်ကွဲကာ စိုက်ပျိုးမြေများ ပျက်စီးခဲ့ရုံသာမက၊ ဆည်ရေပေးဝေမှုမှာလည်း စစ်ကောင်စီမှ လုံးဝ ရပ်ဆိုင်းခံထားရခြင်း (Weaponization of water) ကြောင့် အညာဒေသ၏ အဓိက အသက်မွေးဝမ်း ကျောင်းဖြစ်သော နွေစပါးနှင့် ဆီထွက်သီးနှံစိုက်ခင်းများမှာ ဆက်လက်စိုက်ပျိုးရန်၊ ရှင်သန်ရန်လည်း လမ်းစပျောက်နေပါသည်။

    ဥပမာအားဖြင့်၊ ဆားလင်းကြီးမြို့နယ်၊ xxx ကျေးရွာတွင် ငလျင်ဒဏ်ကြောင့် မြေပဲခင်းများ တွင် မြေများအက်ကွဲပျက်စီးခဲ့ပြီး ကိုယ်ပိုင်ရေတွင်းမရှိသော တောင်သူများမှာ နွေသီးနှံစိုက်ပျိုးရန်ရေ အရင်းအမြစ် လုံးဝမရှိတော့ပါ။ အစဉ်အလာအရ အားကိုးခဲ့ရသော ဆည်ရေမှာလည်း ပိတ်ပင် ခံထားရသဖြင့် လယ်ယာစိုက်ပျိုးရေးအပြင်၊ ကျေးရွာနေလူထုများ သောက်ရေ၊ သုံးရေအတွက်ပင်လျှင် ရေတွင်းအသစ်များ တူးဖော်ရန်အတွက် ရေစုတ်စက်၊ ရေသွင်းပိုက်များ အရေးပေါ် လိုအပ်နေပါသည်။

    အလားတူ ချောင်းဦးမြို့နယ်၊ xxx ကျေးရွာအုပ်စု၊ xxx ကျေးရွာသည် ကုန်စည်စီးဆင်းသည့် အဓိကဆက်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မုံရွာ-မန္တလေးလမ်းမကြီးနားတွင် တည်ရှိပြီး၊ လက်ရှိ လက်ပံတောင်းတောင်မှ ထွက်ရှိသည့် ကြေးနီသတ္တုရိုင်းများအား ၀မ်ပေါင်ကုမ္ပဏီမှ သယ်ယူရာတွင်  စစ်ကောင်စီတပ်များမှ ၄င်းတို့လုံခြုံရေးယာဥ်တန်းများနှင့် အလှည့်ကျပုံမှန် သယ်ယူပို့ဆောင် ပေးနေသည်ဖြစ်သောကြောင့် စစ်ကောင်စီတပ်များမှာ ၂၀၂၆ခုနှစ်၊ ဇန်န၀ါရီ လဆန်းပိုင်းမှ စတင်၍ xxx ကျေးရွာတွင် အထိုင်ချတပ်စွဲလာပါသည်။ သို့ဖြစ်ပါ၍ xxx ကျေးရွာရှိ လူဦးရေ ၁၃၈၀၊ အိမ်ထောင်စု (၇၀၀)ကျော်မှာ စစ်ကောင်စီတပ် လက်လှမ်းမမှီသည့် နေရာသို့ ရွေ့ပြောင်းရပါသည်။ ထိုသို့ ရွေ့ပြောင်းသည့် နေရာသစ်တွင် သောက်သုံးရေ ရရှိရန် အနည်းဆုံး (၃) မိုင်ခန့်‌ဝေးသော နေရာမှ ရေတွင်းသို့ သွားရောက်ခပ်ယူရပါသည်။ အကယ်၍ မသွားရောက်နိုင်သော သက်ကြီးရွယ်အိုနှင့် မသန်စွမ်း၊ က‌လေးသူငယ်များပြားသော အိမ်ထောင်စုများမှာ စားသုံးဆီ ငါးပိဿာ၀င် ပုံးနှင့် တပုံးလျှင် (၈၀၀) ကျပ် နှင့် သောက်သုံးရေအား ၀ယ်ယူသုံးစွဲနေရပါသည်။ ငလျင်ဒဏ်ကြောင့် ရေတွင်းများ ပျက်စီးခဲ့ရုံသာမက၊ ဝမ်ပေါင်ကြေးနီစီမံကိန်းနှင့် ကျေးရွာတွင်းရှိ “ကုမာရမျိုးဆက်” လူငယ်အဖွဲ့ကဲ့သို့သော ကိုယ်ထူကိုယ်ထ ရပ်ရွာကူညီရေးအဖွဲ့များမှ ပညာရေးနှင့် လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေရင်း အရေးပေါ်ကူညီရေး လုပ်ငန်းများကိုပါ ကူညီပေးနေသော်လည်း နည်းပညာနှင့် ငွေကြေးလက်လှမ်းမှီမှုမှာ အကန့်အသတ်ရှိနေဆဲဖြစ်ပါသည်။ လက်ရှိ အခြေအနေတွင် အညာလူထု အနေနှင့်အသက်ရှင်သန်ရေးအတွက် အခြေခံအကျဆုံးဖြစ်သော “ရေ”ကို အရေး ပေါ် ဦးစားပေး ဖြေရှင်းရန် လိုအပ်နေပြီး၊ ရေရရှိရေးသည် စားနပ်ရိကွာဖူလုံမှု တစိတ်တပိုင်းအတွက် အဓိကကျသည့်အခြေအနေဖြစ်ပါသည်။

    စစ်ကိုင်းတိုင်းအတွင်း၊ ယခုလက်ရှိအခြေအနေသည် အထက်ဖော်ပြပါအခြေအနေများကြောင့် စားနပ် ရိက္ခာဖူလုံရေးဆိုင်ရာ အခြေအနေအတွက် အထောက်အကူပြုစေသော ဒေသအခြေပြု၊ ပံ့ပိုးငွေ ပမာဏမများပြားသည့်၊ ရေတိုလတ်တလောလိုအပ်ချက်ကို ဖူလုံစေပြီး၊ ရေလတ်အစီအစဥ်များအား ချမှတ်နိုင်ရန် အခွင့်အလမ်းရှိသည့်  လိုက်လျောညီထွေ၊ မြေပြင်အခြေအနေအရ ပြုပြင် ပြောင်းလဲလွယ်သည့် အရေးပေါ်စီမံချက်များအား ပံ့ပိုးအကူအညီပေးခြင်းသည်သာလျှင် အသင့် တော်ဆုံးနှင့် ထိရောက်မှုအရှိဆုံး၊ လိုအပ်နေသည့် လူထုထံသို့ တိုက်ရိုက်အကူအညီ ရောက်ရှိစေနိုင် သည့် အစီအမံများဖြစ်ပါသည်။ ထို့ပြင် ထိုကဲ့သို့သော အကူအညီအသွင်သဏ္ဍန်များမှာ အရေးပေါ် အခြေအနေအား တုံ့ပြန်ဆောင်ရွက်နေရင်း၊ အချိန်မရွေး ကျရောက်နိုင်သည့် စစ်ကြောင်းထိုးမှုနှင့်
    စစ်ပွဲဖော်ဆောင်မှုအစရှိသည့်အန္တရာယ်များမှ ရှောင်လွှဲနိုင်စေမှုကိုပါ အထောက်အကူပြုစေပြီး၊ လူထု၏စားနပ်ရိက္ခာရရှိနိုင်မှုကို/လက်လှမ်းမှီစေနိုင်မှုကိုပါ ‌ရေရှည်တည်ငြိမ်/အကျိုးပြုစေနိုင်သည်။

    ဥပမာ ရွှေဘို သို့မဟုတ် ယင်းမာပင်ခရိုင်ရှိ ကျေးရွာများတွင်

    • စားနပ်ရိက္ခာမလုံလောက်မှုအား လူထုမှ အလုံးစုံ၊ တသက်တာ ခံစားစေရနိုင်သည့် အခြေအနေသို့ မရောက်မီ ပံ့ပိုးကူညီမှုများပေးနိုင်ခြင်း/ထောက်ပံ့နိုင်ခြင်း။
    • ပဋိပက္ခနှင့် ရာသီဥတုဖိအားအောက်တွင် လက်တွေ့အသုံးဝင်နေသည့် ယခင်ပုံမှန်ရိုးရာ လယ်ယာပုံစံများမှ ခွဲထွက်ထားသည့် မတူညီသည့် အခြားပုံစံအသစ်၊ ပဋိပက္ခကာလအတွင်း စားနပ်ရိကွာဖူလုံမှုအတွက် ချဥ်းကပ်မှု အသွင်သဏ္ဍန်အသစ်များကို လေ့လာနိုင်ခြင်း။
    • ယခင်ပုံမှန် လယ်ယာမြေစိုက်ပျိုးခြင်းအလေ့အထတို့နှင့် မတူကွဲပြားသော ပဋိပက္ခကာလ အတွင်း တိုးချဲ့အသုံးချနိုင်မည့် အထောက်အထားများကို ထုတ်လုပ်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ကို ရရှိလာစေနိုင်ပါသည်။

    ထိုသို့ ‌ဒေသအခြေပြုစီမံချက်ဒီဇိုင်းများ ရေးဆွဲရာတွင်လည်း ပဋိပက္ခကာလအတွင်း ဖြစ်သောကြောင့် သိရှိလိုက်နာကျင့်သုံးရမည့် အခြေအနေများအားသတိပြုမှုရှိခြင်း၊ ပြောင်းလဲ နေသောရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်ခြင်း၊ အလုပ်ပြီးမြောက်မှုထက်စာလျှင် အန္တရာယ် လျှော့ချရေးကို ဦးစားပေး ခြင်းနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များအား ဒေသခံများမှသာ ဦးဆောင်မှုရှိစေခြင်းစသည့် အချက် အလက်များကိုသာ အခြေခံပြီးကျင့်သုံးပါမှသာ အဆင်ပြေနိုင်ပါမည်။

    ထိုသို့သော စီမံချက်အစီအစဥ်များအား ဆောင်ရွက်ရာတွင်လည်း စားနပ်ရိက္ခာထုတ်လုပ်မှု အမြင့်ဆုံး ရရှိရေး ထက်စာလျှင် မသေချာမှုနှင့် အချိန်မရွေးအန္တရာယ်ရှိစေသည့် အခြေအနေအောက်တွင် စားနပ် ရိက္ခာရရှိနိုင်မှု သို့မဟုတ် လက်လှမ်းမှီစေနိုင်မှု နှင့် တည်ငြိမ်မှုကိုသာ ဦးစားပေးသင့်ပါသည်။

    ရေရှည်တည်တံ့သောရလဒ်များ ရရှိရန်နှင့် အမှန်တကယ်အကျိုးဖြစ်ထွန်းစေရန် ဒေသခံများမှ သာဦးဆောင်သော၊ ၄င်းတို့ကိုယ်တိုင်သိရှိနားလည်ရေးဆွဲထားပြီး၊ဒေသခံအချင်းချင်းအကြား ချိတ် ဆက်ဆောင်ရွက်ကြသည့် အလေ့အထများရှိသည့် မြေပြင်ကွန်ယက်များကိုသာ ပိုမိုအားကောင်း လာစေရန် ပံ့ပိုးပေးစေရန်သာ လိုအပ်ပါသည်။ ပြင်ပပညာရှင်များ မရနိုင်သော လက်တွေ့အခြေအနေ သိမြင်မှုကို ဒေသခံအဖွဲ့များကသာ သိရှိနားလည် ကျွမ်းကျင်ထားကြပါသည်။

    သို့ဖြစ်ပါ၍ အညာဒေသရှိ စားနပ်ရိက္ခာမလုံလောက်မှုသည် ယာယီပြဿနာမဟုတ်တော့ဘဲ လူမှုအဖွဲ့အစည်း၏ စနစ်တည်ဆောက်ရေး၊ ဖွဲ့စည်းပုံဆိုင်ရာ အကျပ်အတည်းဖြစ်လာနေပါသည်။ မတူညီသော ဒေသအခြေအနနှင့် လူမှုစံနှုန်းများနှင့် ကိုက်ညီစွာ၊ ပဋိပက္ခကာလအတွင်း  အချိန်မရွေး အန္တရာယ် ကျရောက်နိုင်သည့် လုံခြုံးရေးအခြေအနေနှင့် လျော်ညီစွာ  ပြုလွယ်၊ ပြင်လွယ်ဖြစ်အောင် စနစ်တကျ ဒီဇိုင်းရေးဆွဲထားသော စီမံချက်များသည်သာ စစ်ကိုင်းတိုင်းအတွင်းရှိ လူထု၏ ပဋိပက္ခ ကာလအတွင်း အရေးပေါ်စားနပ်ရိကွာလိုအပ်ချက်ကို ဖြေရှင်းပေးနိုင်မည့်အပြင်  ရေရှည်အတွက် လူထု၏စားနပ်ရိက္ခာလက်လှမ်း‌မှီနိုင်မှုကိုပါ တည်ငြိမ်စေသည့် အစီအမံဖြစ်ပါသည်။ ထို့အပြင် လူထု၏ ဆက်လက်အသက်ရှင်သန်နိုင်ရေး၊ ပဋိပက္ခကာလအတွင်း ဆက်လက် ကြံ့ကြံ့ခံနိုင်ရေး အတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာအခွင့်အလမ်းများကိုပါ လက်လှမ်းမှီစေခြင်း သို့မဟုတ် စားနပ်ရိကွာ ဖူလုံနိုင်စေရန်အကာအကွယ်ပေးခြင်းနှင့် ရေရှည်တုံ့ပြန်ရေးအတွက် အစီအမံများ ချမှတ်နိုင်သည့် အခြေခံအချက်အလက်များအားလည်း  ပံ့ပိုးပေးနိုင်မည်ဖြစ်ပါသည်။

    အညာဒေသ၏ စားနပ်ရိက္ခာ အကျပ်အတည်းသည် ယာယီစိုးရိမ်မှု မဟုတ်တော့ဘဲ ဒေသတစ်ခုလုံး၏ ရှင်သန်ရေးနှင့်ဆိုင်သော ကိစ္စဖြစ်သည်။ မြေပြင်ရှိ အမှန်တကယ် လုပ်ဆောင်နေသော အဖွဲ့အစည်း များကို ယုံကြည်စွာဖြင့် တိုက်ရိုက်ပံ့ပိုးခြင်းကသာလျှင် အညာမြေ၏ စားနပ်ရိက္ခာစနစ် ပြိုလဲသွားခြင်း မှ ကာကွယ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

    လက်ပံနီသည် အညာဒေသ၏ လူမှုပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများကို အထူးပြုလေ့လာသည့် လွတ်လပ်သည့် သုတေသီတစ်ဦးဖြစ်သည်။ သူမ၏ သုတေသနများမှာ မြေပြင်၏ ပကတိ အခြေအနေများနှင့် နိုင်ငံတကာမူဝါဒရေးရာ မူဘောင်များအကြား ကွာဟမှုကို ချိတ်ဆက်ဖြည့်ဆည်း ပေးရန် အဓိထားသည်။

    xxx ကျေးရွာအမည်များကို လုံခြုံရေးကြောင့် မဖော်ပြခြင်းဖြစ်ပါသည်။ ယခုသုံးသပ်ချက်ဆောင်းပါးတွင် ဖော်ပြထားသော အကြောင်းအရာများသည် စာရေးသူ၏ လွတ်လပ်သော အမြင်နှင့် သုံးသပ်ချက်များဖြစ်သည်။


    [cas_related]

my_MMMyanmar