တဂ်: Spring Revolution

  • အညာကို လျှော့တွက်ခဲ့ခြင်း အမှား

    အညာကို လျှော့တွက်ခဲ့ခြင်း အမှား

    အညာကိုလျှော့တွက်ခဲ့ခြင်း အမှား

    မြန်မာ့နွေဦးတော်လှန်ရေး ၅နှစ်ပြည့်ပါတော့မည်။ ကချင်ခေါင်းဆောင်တစ်ဦး ပြောခဲ့ဖူးသည့် “တော်လှန်ရေးတစ်ခုက ၅နှစ်ထက်ပိုမကြာသင့်ဘူး” ဆိုသည့် စကားကို ပြန်လည် သတိရမိသည်။ ထိုအတိုင်းဆို နွေဦးတော်လှန်ရေး အဆုံးသတ်ခါနီးနေပြီလား။ သို့မဟုတ် လက်ရှိကြုံတွေ့နေရသည့်အရာတွေကရော ဘာတွေပါလဲ။

    စစ်တပ်၏ အပ်ကြောင်းထပ် နိုင်ငံရေးကစားကွက်အတိုင်း မြန်မာစစ်တပ်က အသွင်ကူးပြောင်းမည့် နိုင်ငံရေးလမ်းကြောင်းကို စတင် ပုံဖော်နေခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံအလယ်ပိုင်း (ဒေသအခေါ် အညာ) တစ်ဝိုက်နှင့် တိုင်းရင်းသားဒေသရှိနယ်မြေများကို စစ်တပ်၏ စစ်ဆင်ရေးဗျူဟာ နှင့်အတူ ရွေးကောက်ပွဲ အကောင်အထည်ဖော်ရန် ကြိုးပမ်းလျက်ရှိသည်။ ဥပမာ-စစ်ကိုင်း ကလေး-ကဘော်ဒေသ၊ ဟားခါး (ချင်းပြည်နယ်) ၊ ပေါက်၊ ကျောက်ထု (မကွေး)၊ မင်းတပ် (ချင်းပြည်နယ်)၊ မတ္တရာ၊ မိုးကုတ် (မန္တလေး)နှင့် ရွှေဘို (စစ်ကိုင်း) စသည့် နေရာအနှံ့အပြားတွင် စစ်ဆင်ရေးများ လုပ်ဆောင်လာသည်။ တချို့နယ်မြေများကို အာဏာသိမ်းစစ်တပ်က ပြန်လည်နေရာယူထားပြီဖြစ်သည်။ အာဏာသိမ်းစစ်တပ်က နိုင်ငံ၏ အရှေ့ပိုင်းမှသည် အနောက်ပိုင်းဒေသနယ်မြေများအထိ တော်လှန်ရေးတပ်ဖွဲ့များ၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ဖြတ်တောက်ရန် လုပ်ဆောင်လျက်ရှိပြီး အဓိက စစ်ဆင်ရေးများအတွက် ပြင်ဆင်လျက်ရှိသည်။

    ၂၀၂၃ခုနှစ် နောက်ပိုင်းနှင့် ၂၀၂၄ ခုနှစ် အခြေအနေများကို ပြန်ကြည့်ပါက အာဏာသိမ်းစစ်တပ်အတွက် လုံးဝ အထိနာခဲ့သည်။ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံများ တည်ရှိရာ မြန်မာနိုင်ငံအလယ်ပိုင်း တွင်ပင် ထိုကဲ့သို့စစ်ဆင်ရေးများ လုပ်နိုင်ရန် ကျန်ခဲ့သောနှစ်ဆန်းကအထိ မျှော်လင့်ဝံ့မည်မဟုတ်ပေ။ ထိုသို့ဆိုလျှင် ယခုအခြေအနေက ဘာကြောင့်ဖြစ်လာပါသနည်း။

    မည်သို့သောအချက်အလက်များကစစ်အာဏာရှင်ကိုစစ်ဆင်ရေးလုပ်ဆောင်ရန်တွန်းအားဖြစ်စေခဲ့သနည်း။ နိုင်ငံရေးလေ့လာသုံးသပ်သူ အချို့က စစ်ဆင်ရေးများတွင် စစ်မှုထမ်းအင်အား အများအပြားသုံးစွဲလာခြင်း နှင့် တရုတ်၏ ကြားဝင်စေ့စပ်ညှိနှိုင်းသည့်ကိစ္စရပ်များကို ပြောဆိုကြသည်။ အခြားရော ဘာတွေရှိနေနိုင်သနည်း။ မိမိတို့ကတော့ အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးတပ်များအနေဖြင့် ၎င်းတို့၏ မဟာဗျူဟာဆိုင်ရာ တွက်ချက်မှုထဲတွင် အညာကို လျှော့တွက်ခဲ့ခြင်းကြောင့်ဟု သုံးသပ်ချင်ပါသည်။

    အညာက ဘာကြောင့်အရေးကြီးတာလဲ

    စစ်တပ်သည် ၁၉၆၀ ကာလများဆီက ပြုလုပ်ခဲ့သော စစ်ဆင်ရေးကြီးများအပြီး မြန်မာနိုင်ငံအလယ်ပိုင်းကို မဟာဗျူဟာအရ ဘူမိနတ်သန်ဒေသ၊ တစ်နည်းအားဖြင့် “အဖြူရောင်နယ်မြေ” ဟု သတ်မှတ်ထားခဲ့သည်။ စစ်တပ်အမြင်အရ အညာကို ထိန်းချုပ်ထားခြင်းသည် နိုင်ငံတော်လုံခြုံရေး၊ ကွန်မြူနစ် နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးများကို တားဆီးဖိနှိပ်ရန်အတွက် အရေးပါသည်။ ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက် စစ်တပ်၏အာဏာစက်ဝန်း ထိန်းချုပ်မှုအောက်မှလွတ်မြောက်ရန် လက်နက်ကိုင် တော်လှန်ရေးကြီး ထွက်ပေါ်လာနိုင်ခြေကိုမူ လျော့တွက်ထားခဲ့ပုံပင်။

    စစ်တပ်၏ အဖွဲ့အစည်းတည်ဆောက်ထားပုံနှင့် စစ်ရေးပြင်ဆင်မှုများသည် တောင်တန်းဒေသများရှိ ၎င်း၏ ရန်သူ တိုင်းရင်းသားတပ်ဖွဲ့များအား တိုက်ခိုက်ရန် အလေးထားဆောင်ရွက်ထားခြင်းဖြစ်ပြီး၊ အညာကို စစ်ရေးစမ်းသပ်ဧရိယာတစ်ခု အဖြစ်သာ ယေဘုယျ သတ်မှတ်ထားခြင်းဖြစ်သည်။ မကွေးတိုင်းတွင် အဓိကလက်နက်ထုတ်လုပ်ရေးစက်ရုံများ ရှိသည်။ တိုင်စစ်ဌာချုပ်များကို နယ်စပ်ဒေသများတစ်ကြော ထိန်းချုပ်ရန် ဖြန့်ကျက်ထားပြီး အလယ်ပိုင်းဒေသများရှိ တပ်မ အသီးသီးက ကျားကန်ပေးထားသည်။ ဒုတိယအချက်အနေဖြင့် မင်းအောင်လှိုင်က ဖီးနစ် တီဗီနှင့် အင်တာဗျူးတစ်ခုတွင် “ပြောရရင်တော့ဗျာ … ဟို ပြောရလို့ရှိရင်တော့ အဲလောက်ထိတော့များလိမ့်မယ်လို့ ကျွန်တော်မထင်ခဲ့ဘူး” ဟု ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု ဆန့်ကျင်ရေးများနှင့်ပတ်သက်၍ ၎င်းအနေဖြင့် အတွက်အချက်မှားခဲ့ကြောင်း ဝန်ခံထားသည်။ ထိုအချက်က စစ်တပ်အနေနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းတွင် လက်နက်ကိုင်တော်လှန်ရေး တစ်ရပ် ဖြစ်လာနိုင်ခြေကို အကြီးအကျယ် လျှော့တွက်ခဲ့ကြောင်း ထင်ရှားသည်။ အာဏာသိမ်းမှုအလွန် ၅နှစ်နီးပါးတွင် မြန်မာစစ်တပ်၏ ဗဟိုချက် ထိန်းချုပ်ရာ မြန်မာနိုင်ငံအလယ်ပိုင်း အညာမှာ စစ်တပ်၏ အဓိကနယ်မြေအများအပြား ဆုံးရှုံးနေခဲ့ပြီဖြစ်သည်။

    ထို့အပြင် အညာသည် နွေဦးတော်လှန်ရေး၏ ပြယုဂ်တစ်ခုဖြစ်လို့နေသည်။ အညာ လက်နက်ကိုင်တော်လှန်ရေးက နေပြည်တော်အာဏာအဆောက်အဦကို တိုက်ရိုက် ခြိမ်းခြောက်နေသည်။ တစ်နည်းအားဖြင့် အညာစစ်မျက်နှာသည် နိုင်ငံအနှံ့ လူမျိုးစုလွတ်မြောက်ရေး တော်လှန်တိုက်ပွဲများအတွက် အလှည့်အပြောင်း တစ်ခုလည်း ဖြစ်သည်။ စစ်တပ်၏ ဗဟိုအာဏာစက် ပျက်သုဥ်းနေကြောင်း အညာက မီးမောင်းထိုးပြနေသည်။

    နိုင်ငံရေးအရဆိုလျှင် အညာတော်လှန်ရေးအရွေ့ကို ဒေသတွင်းမြို့နယ်အသီးသီးရှိ မြေပြင်ခေါင်းဆောင်များက ဦးဆောင်နေဆဲဖြစ်သည်။ ဤအချက်က လူမျိုးစုနိုင်ငံရေး နှင့် အဝေးရောက် (ပြည်ပရောက်) နိုင်ငံရေးခေါင်းဆောင်မှုပုံစံများနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ လူမျိုးစုနိုင်ငံရေးဦးဆောင်မှုနှင့် အဝေးရောက်နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင်ရှိသော ခေါင်းဆောင်အများစုမှာ မြန်မာနိုင်ငံသားမဟုတ်တော့သူများ (နိုင်ငံခြားသားများ) သို့မဟုတ် နိုင်ငံခြားတိုင်းပြည်တစ်ခုခုတွင် အမြဲတမ်းနေထိုင်ခွင့်ကတ်ကိုင်ဆောင်ထားသူများဖြစ်သည်။ အဓိပ္ပါယ်မှာ ခေါင်းဆောင်မှုသည် ထွက်ပေါက်သို့ ဦးတည်နေပြီး သို့မဟုတ် ၎င်းတို့နောက်လိုက်ငယ်သားများထက် အလွန်သာလွန်သော ပုဂ္ဂိုလ်ရေးလုံခြုံမှုအစီအမံများရှိထားပြီးဖြစ်သည်။ စစ်ဗိုလ်ချုပ်များ နှင့် ၎င်းတို့၏ နိုင်ငံရေးဘက်တော်သားများသည် ပြည်ပရောက် နိုင်ငံရေးသမားများ၊ အဖွဲ့အစည်းများ နှင့်ပတ်သက်၍ ကျွမ်းကျင်ပိုင်နိုင်စွာ ကိုယ်တွယ်ခဲ့သည့် နှစ်ရှည်အတွေ့အကြုံများရှိခဲ့သောကြောင့် ၎င်းတို့အတွက် ခေါင်းခဲစရာကိစ္စကြီးမဟုတ်ပေ။ ဆန့်ကျင်ဘက်အားဖြင့် ၁၉၈၈ ကာလများအလွန်ကတည်းက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်တွင်းတွင် မြန်မာလူထုနှင့်အတူရှိနေခဲ့၊ ခေါင်းဆောင်မှုပေးနေခဲ့သည်။ ပို၍ အရေးကြီးသည်မှာ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံသား မှတ်ပုံတင်ကို မြဲမြဲကိုင်ထားဆဲပင်။ ထိုအချက်က စစ်ဗိုလ်ချုပ်များအတွက် အလွန်ကြီးမားသော ခြိမ်းခြောက်မှုဖြစ်သည်။ ထိုနောက်ခံအခြေအနေဖြင့် မှန်းဆကြည့်ပါက အညာဒေသမှ ပြည်တွင်းခေါင်းဆောင်မှု အားကောင်းလာခြင်းမှာ စစ်ဗိုလ်ချုပ်များအတွက် နိုင်ငံရေးအရ ခေါင်းကိုက် စရာ ဖြစ်လာပါတော့သည်။

    မတူညီသော ဦးစားပေးမှု၊ ကွဲပြားသော နည်းဗျူဟာ

    ပြီးခဲ့သည့် ၄နှစ်အတွင်း NUG သည် တိုင်းရင်းသားတော်လှန်ရေးတပ်များနှင့် ပူးတွဲ၍ စစ်ဆင်ရေးများဖော်ဆောင်ခြင်း နှင့် ဗဟိုအမိန့်ပေးကွပ်ကဲမှုတည်ဆောက်ခြင်းများကို ကြိုးပမ်းနေ ခဲ့သည်။ နွေဦးတော်လှန်ရေးတွင် အသစ်ဖွဲ့စည်းထားသော တော်လှန်ရေးတပ်များသည်လည်း ပုံစံတူနည်းကို လိုက်ခဲ့သည်။ တိုင်းရင်းသားလွတ်မြောက်နယ်မြေများတွင် ဦးစွာလေ့ကျင့်ပြီးမှ အလယ်ပိုင်းနှင့် အောက်ပိုင်းသို့ တဖြည်းဖြည်းရွေ့သည့်ဗျူဟာပင်။ ကနဦးတွင် ဗျူဟာအရ တူညီမှုများတွေ့ရသော်လည်း NUG၊ ERO နှင့် အသစ်ဖွဲ့စည်းထားသော တော်လှန်ရေးတပ်များအကြား ပူးပေါင်းဆောင်ရွက်မှုသည် အလွန်ကျဉ်းမြောင်းသောဘောင်တစ်ခုထဲတွင်သာ ရှိနေခဲ့ကြောင်းကို နောက်ပိုင်းတော့ ရှင်းရှင်းလင်းလင်းသိလာရသည်။ ကွဲပြားသော မဟာဗျူဟာများနှင့် မတူညီသော ဦးစားပေးမှုများကို မြင်တွေ့လာရသည်။

    ERO များက သူတို့၏ကိုယ်ပိုင်နယ်မြေများကို ခိုင်မာစေရန် ဒေသဆိုင်ရာဗျူဟာများကို အလယ်ပိုင်းဒေသ အင်အားစုများနှင့် ဗျူဟာအရချိတ်ဆက်ဆောင်ရွက်မှုထက် သူတို့၏ သြဇာလွှမ်းမိုးမှုကို အခိုင်အမာသေချာစေရေးနှင့် ချဲ့ထွင်ရေးတို့ကိုသာ အလေးထားပြီး လုပ်ဆောင်ခဲ့သည်။ မိမိတို့ဒေသတွင်း မဟာဗျူဟာများကို အလယ်ပိုင်းဒေသနှင့်ချိတ်ဆက်ရေးထက် ERO များက ၎င်းတို့၏ ကိုယ်ပိုင်နယ်မြေများကို ထိန်းချုပ်မှုအားကောင်းလာစေရန်နှင့် ၎င်းတို့၏ စစ်ရေး၊ နိုင်ငံရေးစိုးမိုးမှုကို ခိုင်မာစွာချဲ့ထွင်ရေးကိုသာ ဦးစားပေးနေခဲ့သည်။ အလားတူပင် NUG ဘက်မှာလည်း ERO များအပေါ် အလွန်အမင်းအားပြုပြီး အလယ်ပိုင်းဒေသကို အာရုံသိပ်မထားခဲ့ခြင်းကြောင့် အခွင့်အလမ်းကောင်းများ လွတ်သွားခဲ့သည်ပင်။ သေချာသည့်အချက်မှာ ဗဟိုကွပ်ကဲမှုတည်ဆောက်ခြင်း၊ ERO များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများသည် မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာသေး။

    သို့သော် အညာတော်လှန်ရေးအရွေ့သည် လက်လုပ်များနှင့် မြေမြှုပ်မိုင်းများမှတစ်ဆင့် ညှိနှိုင်း စစ်ဆင်ရေးများအထိ အဆင့်ဆင့် ကြီးထွားလာနေခဲ့သည်။ မြန်မာနိုင်ငံအလယ်ပိုင်း အညာတော်လှန်ရေးအင်အားစု အဖွဲ့ငယ်လေးများသည် ကျေးလက်နယ်မြေများနှင့် စစ်ရေးအရဗျူဟာကျသော လမ်းမကြီးများကို ထိန်းချုပ်နိုင်သည်အထိ စိုးမိုးမှုရရှိလာသည်။ အညာတော်လှန်ရေး၏ အစိတ်အပိုင်းကြီးတစ်ခုအဖြစ် ပါဝင်နေသော်လည်း NUG က မဟာဗျူဟာမြောက် ခေါင်းဆောင်မှုအခန်းကဏ္ဍကို ယူရန် ပျက်ကွက်နေခဲ့သည်။ ထိုအချက်က အညာဒေသတွင် အပေါ်လွှာခေါင်းဆောင်မှုလေဟာနယ် ဖြစ်ပေါ်လာစေသည်။ နယ်မြေထိန်းချုပ်မှုအရ အောင်မြင်မှုများ ရှိသော်လည်း အညာတော်လှန်ရေးလှုပ်ရှားမှုသည် များပြားလွန်းသော ကျေးရွာအခြေပြု တော်လှန်ရေးအင်အားစုများကို စုစည်းရန် ရုန်းကန်နေရသည်။ ၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်မှစ၍ အညာတော်လှန်ရေး တပ်များကြားတွင် စီမံချက်အခြေပြု နှင့် ဇုန်အခြေပြု စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ ခပ်စိပ်စိပ် မြင်တွေ့လာရပါသည်။ failed experiments များမှ သင်ခန်းစာယူ၍ ဗျူဟာအသစ်များကို လိုက်လျောညီထွေချမှတ်နေသည်ဟု နားလည်ရပါသည်။ ယခုထိတိုင် အညာတွင် စနစ်ကျသော ညှိနှိုင်းကွပ်ကဲမှုနှင့် အမိန့်ပေးမှုပုံစံကို တည်ဆောက်ရန် အခက်အခဲများရှိနေဆဲပင်။

    ဘာတွေမှားခဲ့သလဲ

    NUG ရဲ့ ပသုံးလုံး ဗျူဟာ (ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့)က အညာမြေပြင်မှာ ဖြစ်ပျက်နေသော ပကတိအခြေအနေများကို ထည့်တွက်ရန်၊ နွေဦးတော်လှန်ရေးလှုပ်ရှားမှုရေချိန်နှင့် ချိန်သားကိုက်ဖြစ်ရန်တို့ကို ထည့်တွက်ရန် ပျက်ကွက် ခဲ့သည်။ လက်နက်ကိုင်တော်လှန်ရေး အရှိန်အဟုန်မြင့်လာနေဆဲကာလ၊ တစ်နည်းအားဖြင့် နယ်မြေထိန်းချုပ်မှု မသေချာသေးသည့်အချိန်တွင် NUG က ဗျူရိုကရေစီယန္တရားများကို တည်ဆောက်လိုက်သည်။ ထိုအချက်က မြေပြင်လုပ်ငန်းဆောင်ရွက်မှုများအတွက် ရှုပ်ထွေးစေသကဲသို့ အညာတစ်ခွင်မှ တက်သစ်စ ခေါင်းဆောင်မှုကြားရှိ အက်ကြောင်းများကို ပိုမိုနက်ရှိုင်းစေသည်။ ၎င်းနည်းဖြင့်ပင် တော်လှန်ရေးဗျူရိုကရေစီအတွင်းမှ ယန္တရားအချင်းချင်းကြားပဋိပက္ခမီး စတင်လာခဲ့ခြင်း ဖြစ်သည်။ NUG ဗျူရိုကရေစီအတွင်းမှ ခေါင်းဆောင်များသည်လည်း အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်ဖို့ထက် ၎င်းတို့အတွက် လုပ်သာကိုင်သာ ရှိစေမည့် အဖွဲ့အစည်းတွင်း ဝန်ထမ်းစနစ်များ နှင့် နေရာချထားမှုများပြုလုပ်ရန် ပိုမိုအာရုံစိုက်နေခဲ့ဟန်တူပါသည်။

    နောက်တစ်ချက်မှာ NUG သည် တိုင်းရင်းသားတပ်များနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှု နှင့် ဗဟိုအမိန့်ပေးကွပ်ကဲမှုတည်ဆောက်ခြင်းတို့ကို အလွန်အမင်းအာရုံစိုက်နေခဲ့ပြီး အညာဒေသရှိ ၎င်း၏တပ်များကို လေ့ကျင့်၊ စုဖွဲ့၍ လက်နက်တပ်ဆင်ရန် ပျက်ကွက်နေခဲ့သည့်အမှားဖြစ်သည်။ ထိုအချက်ကို အတိုချုပ်ပြောရလျင် အညာသားများနှင့် မြေပြင်တွင် အတူတူရှိနေရန် ပျက်ကွက်နေ ခဲ့ခြင်းပင်။ အရင်းအမြစ်ခွဲဝေမှုနှင့် စီမံခန့်ခွဲမှုများသည်လည်း အညာကို ဦးစားပေးရန် ပျက်ကွက်ခဲ့သည်။ NUG ရဲ့ ရန်ပုံငွေရှာဖွေမှုက ပြည်ပရောက်နိုင်ငံသားများနှင့် အွန်လိုင်းမှ စည်းရုံးရေးပေါ်တွင်သာ အဓိက မှီခိုခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတို့ကို ဗျူဟာမြောက်ရန်ပုံငွေရှာဖွေရေးအတွက် အားသိပ်မစိုက်ခဲ့ပေ။ သယံဇာတ ခွဲဝေရေးတွင်လည်း အညာအတွက် ဦးစားမပေးခဲ့ပေ။

    အရေးအကြီးဆုံးကတော့ အညာတော်လှန်ရေးအင်အားစုများနှင့် ယုံကြည်မှုတည်ဆောက်ဖို့၊ အတူတူလက်တွဲဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ကြသည်။ နိုင်ငံခြားရေး နှင့် သံတမန် ဆက်ဆံရေး ကိစ္စရပ်များမှာလည်း အညာလူထုကြုံတွေ့နေရသည့်အကြောင်းအရာများကို ဘေးဖယ်ထားခဲ့သည်။ အညာဒေသတွင်း ခေါင်းဆောင်သစ်များနှင့် ညှိနှိုင်းဆောင်ရွက်မှုကိုလည်း လျစ်လျူရှုခဲ့ကြသည်။

    ပြင်ဆင်ဖို့ အချိန်ရှိသေးလား

    ကျွန်ုပ်တို့ သတိမမူမိသော အရာများမှ သင်ခန်းစာမယူနိုင်ပါက စစ်တပ်သည် နောက်ထပ် ရာစုနှစ်တစ်ခုအထိ တိုင်းပြည်၏ နယ်စပ်တစ်လျှောက်တွင် စစ်ပွဲများ ဆက်လက်ဆင်နွှဲနေနိုင်ပါသည်။ နွေဦးတော်လှန်ရေးအတွက် အညာကို လျစ်လျူရှုထားသည့် မအောင်မြင်သော စမ်းသပ်ချက်ကို ပြင်ဆင်ရန် အချိန်မနှောင်းသေးပါ။ နွေဦးတော်လှန်ရေး၏ အောင်မြင်မှုသည် ပြင်ပအကြောင်းအရာများ တွင်သာမက အညာအင်အားစုများ နှင့် တိုင်းရင်းသားများ၏တော်လှန်ရေးဟူသည့် ဗျူဟာ ၂ခုကို မည်သို့ပေါင်းကူးချိတ်ဆက်မလဲ ဆိုသည့် အပေါ်တွင်လည်း မူတည်ပါသည်။

    ဟေမာန်သည် စစ်ကိုင်းအခြေစိုက် နိုင်ငံရေးလေ့လာသူတစ်ဦးဖြစ်သည်။ ယခုဆောင်းပါးသည် Myanmar Pressphoto Agency သတင်းဌာနတွင်ဖော်ပြထားသော ဘာသာပြန်ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်းဖြစ်သည်။ အင်္ဂလိပ်ဘာသာစကားဖြင့် ဖော်ပြထားသော မူရင်းဆောင်းပါးကို ဖတ်ရန် 

    [cas_related]

    းကို ပြနည်ဖော်ပ

  • Myanmar’s Spring Revolution: Paying the Price for What We Overlooked?

    Myanmar’s Spring Revolution: Paying the Price for What We Overlooked?

    Myanmar’s Spring Revolution: Paying the Price for What We Overlooked?

    Photo: CAS

    Spring Revolution approaches its fifth anniversary. It reminds the timeline that was initially pronounced by a prominent Kachin figure. He once said, “Revolution should not take longer than five years”. Are we approaching an end? Or what are we experiencing now?

    The military regime is on its political pathway to transition, dictated by its repeated political playbook. The elections are coming, along with massive military operations across tactical spots connecting central Burma (locally known as Ah Nyar) and neighbouring ethnic states. They include operations in the Kalay-Kabaw area of Sagaing and Hakha of Chin state, Pauk, Kyauk-Htu of Magway and Mindat of Chin State and Madaya, Moegot of Mandalay and Shwe Bo of Sagaing. Tatmadaw is clearly cutting the supply chain from the eastern to the western corner of the country in preparation for its major operations. Looking back to the situation in late 2023 and 2024, it was a complete disaster for the junta. It cannot expect such huge military operations, even in central Burma, where its major weapon manufacturing factories exist. Having said that, why that turn? What has empowered the military junta for such operations? Several analytical reports have pointed out the conscription and China factors. What else could it be? I would argue that the National Unity Government and Ethnic Revolutionary Organisations mistook their strategic positions by overlooking Ah Nyar.

    Why Ah Nyar?

    Tatmadaw has regarded central Burma as its strategic heartland and a historic “white area” after its major operations in the 1960s. For the Tatmadaw, securing Ah Nyar is essential to protect the state and suppress communist and ethnic insurgencies. That said, the possibility that major armed resistance could emerge from its power centre after the 2021 coup d’état has been relatively underestimated. Two theories resonate that claim. Firstly, its structure and tactical preparations are primarily emphasised on fighting against its enemies in the mountains and positioning Ah Nyar as a test ground. Major weapon manufacturing factories are in Magway. Its regional bases are spread across peripheral states – backed by infantry battalions in the central regions. Secondly, Senior General Min Aung Hlaing’s rare confession in his Phoenix TV interview – “To be honest … I didn’t think it would go that far” — exposes the Tatmadaw’s strategic miscalculation. His remark underscores how deeply the military underestimated the potential for armed resistance in its heartland, where it has now lost major territorial control within five years of the coup.

    In addition, Ah Nyar has become the spark of the Spring Revolution. The armed resistance in the Ah Nyar region now poses a direct threat to Naypyitaw. The Ah Nyar front marks a turning point in Myanmar’s liberation struggle. It represents the collapse of the Tatmadaw central authority in the heartland. Without the support of Ah Nyar and its people, the regime risks becoming a regime without backbone.

    Politically speaking, the resistance movement in Ah Nyar is still led by local leadership grounded in different townships across the region. This stands in contrast to exile and ethnic politics, where leadership is largely dominated by foreign citizens or permanent residents of foreign countries. The military generals and their political wings have long experience manoeuvring around exile politicians and institutions, so such actors pose relatively little challenge to them. However, when Aung San Suu Kyi chose to remain inside the country and, more importantly, to remain a Burmese citizen, it became a major threat to them. That said, the emergence of domestic leadership in Ah Nyar is likely to become a political headache for the military generals. The revolution in Ah Nyar is a clear existential threat to Tatmadaw.

    Different Priorities, Divergent Strategies

    Over the last four years, NUG sought to build military cooperation and central command with Ethnic Revolutionary Organisations (ERO). Newly established revolutionary armies follow the same idea – building the armed institution first in ethnic-liberated areas, then moving to central and lower regions. Although strategic similarities were observed in the beginning, it has later become clear that the cooperation between NUG, EROs and newly established revolutionary armies is still functional. Divergent Strategies and different priorities were seen. EROs prioritised consolidating their own territories, focusing heavily on securing and expanding their influence rather than linking their regional strategies to the central regions. Likewise, certain opportunities were missed within NUG by over-emphasising EROs but paying relatively little attention to the movement in the centre. Clearly, the central command and cooperation with EROs still do not function as expected.

    In Ah Nyar, however, the resistance movement evolved progressively—from homemade weapons and landmines to coordinated operations. Several tiny factions of resistance groups in central Burma have obtained major influence over rural territories and strategic roads. Despite being a part of Ah Nyar, NUG has failed to take a strategic leadership role – leaving a leadership vacuum. Yet, despite this territorial success, the movement struggled to unify its numerous, village-based resistance groups. Ah Nyar is facing obstacles to building a coherent command and coordination structure.

    What Went Wrong?

    The 3-Ps strategy of NUG (People Administration Team, People Defence Team, People Security Team) in Ah Nyar failed to account for the realities on the ground and the timing of the revolutionary movement. While territorial control remained uncertain amid a surge of armed resistance, NUG established bureaucratic mechanisms. This not only created operational complexities but also deepened divisions within the emerging local leadership across central Burma. In this way, inter-mechanism conflict arose within the revolutionary bureaucracy. Leaders within the NUG bureaucracy appeared more focused on creating structures that favoured themselves rather than on fighting the military junta.

    NUG focused excessively on coordinating militarily with ethnic armed groups and on establishing a centralised command system, while failing to train, arm, or organise the Ah Nyar forces. In short, it failed to operate alongside Ah Nyar on the ground.

    Resource allocation and management also failed to prioritise Ah Nyar. NUG’s fundraising relied heavily on diaspora communities and online, while it left Sagaing, Magway, and Mandalay out of strategic mobilisation. Resource distribution did not prioritise Ah Nyar either.

    Most importantly, it failed to build trust with Ah Nyar and to stay present alongside them. In matters of foreign affairs and diplomatic relations, the Ah Nyar communities were sidelined. Coordination with new local leaders in Ah Nyar was also neglected.

    Time to re-direct?

    Tatmadaw can keep fighting wars on the periphery for another century — unless we finally learn from what we overlooked. It is not yet too late for the Spring Revolution to correct the failed experiment of neglecting Ah Nyar. The success of the Spring Revolution depends not only on external factors but also on how we bridge the two strategies — Ah Nyar and the ethnic revolution.


    [cas_related]

  • ပညာရေးအခွင့်အရေး နှင့် မြန်မာ့နွေဦးတော်လှန်ရေး

    ပညာရေးအခွင့်အရေး နှင့် မြန်မာ့နွေဦးတော်လှန်ရေး

    ပညာရေးအခွင့်အရေး နှင့် မြန်မာ့နွေဦးတော်လှန်ရေး

    ဓါတ်ပုံ။ အင်တာနက်

    ပညာရေးဆိုသည်မှာ အနာဂတ်အတွက်အရေးကြီးကြောင်း နှင့် မိမိတို့ သားစဥ်မြေးဆက်အတွက် လူမွှေးလူရောင်ပြောင်ဖို့ လမ်းကြောင်းတခုဖြစ်ကြောင်း မြန်မာ့ကျေးလက်နေလူထုက နားလည်ခဲ့သည်မှာ သိပ်မကြာသေးလှပါ။ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကာလဟု အများရှုမြင်ခဲ့ကြသည့် ၂၀၁၀ ကာလများ နောက်ပိုင်းဟု ပြောလျှင် လက်ခံနိုင်လောက်ပါသည်။ တကယ်တော့ မြန်မာလူထုက ကံဆိုးလှပါသည်။ ရှေးဘုရင်များ လက်ထက်ကတည်းက ပညာရေးဆိုသည်ကို ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း၊ တနည်း အစိုးရက ပြည်သူကို လုပ်ပေးရမည့် တာဝန်တရပ်ဟု မယူဆခဲ့ကြ။ ပထမအင်္ဂလိပ်-ဗမာစစ် (၁၈၂၄-၁၈၂၆) မတိုင်မှီကာလ တနည်းအားဖြင့်ဆိုသော် မြန်မာဘုရင်များတင်းပြည့်ကျပ်ပြည့် အုပ်ချုပ်နေသည့်ခေတ်တွင် အများပြည်သူအတွက် ကျောင်းသင်ပညာရေး (Formal Education) ကို အဓိကကျားကန်ပေးထားသည့် ပညာရေးအင်စတီးကျူးရှင်းမှာ ဗုဒ္ဓဘာသာသံဃ အဖွဲ့အစည်းဖြစ်သည်။ ထိုပညာရေး၏ အနှစ်သာရမှာလည်း ဘာသာရေးရည်ရွယ်ချက်ကဲသည်။ ပညာရေး ဝန်ဆောင်မှုကို ဗမာတို့ရဲ့ ရေမြေ့သနင်းပြည့်ရှင်မင်းတို့က ဟုတ်တိပတ်တိ မပေးခဲ့၊ မလုပ်ခဲ့သည်မှာတော့ သေချာသည်။ ၁၉၆၂ အာဏာသိမ်းမှုမှစ၍ အာဏာရှင်အဆက်ဆက်ကလည်း ပညာရေးကို တောထဲထုတ်ခဲ့ သည်မှာ အားလုံးအသိပင်။ 

    ပညာသင်ကြားခွင့်သည် အခွင့်အရေးတရပ်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် ဖြည့်ဆည်းပေးရမည့် လူထု အခွင့်အရေးတစ်ရပ်ဖြစ်သည်။ အဆိုပါအချက်ကို နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေကလည်း တိတိပပ ပြဌာန်းထားသလို မြန်မာအစိုးရကလည်း မူအားဖြင့်ရော၊ လက်တွေ့အားဖြင့်ပါ လက်ခံထားသောအချက်ဖြစ်သည်။ လူ့အခွင့်အရေးကြေငြာစာတမ်း၊ အပိုင် (၂၆) (၁) တွင် ‘လူတိုင်း ပညာသင်ကြားခွင့်ရှိရမည်’ ဆိုသည့်အချက်ကို ရေးသားထားသည်။ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတွင် လူ့အခွင့်အရေးကြေငြာစာတမ်းကို soft law ဟု ရည်ညွှန်းသည်။ သူ့မှာ ဥပဒေအရစည်းနှောင်မှု တစုံတရာရှိသည်ဟု နားလည်နိုင်သည်။ နောက်တချက်က International Covenant on Economic, Social and Cultural Rights (ICESCR) ဖြစ်သည်။ သူက ဥပဒေအရစည်းနှောင်မှု ပိုရှိသော လူ့အခွင့်အ‌ရေး စာချူပ်ဖြစ်သည်။ ICESCR စာချုပ်က ပညာသင်ကြားခွင့် နှင့် ပညာရေးအခွင့်အရေးကို အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေငြာစာတမ်းနှင့်ယှဥ်လျှင် ပိုမိုတိကျ၍ အသေးစိတ်သော ပြဌာန်းချက်များဖြင့် ကာကွယ်ပေးထားပါသည်။ လူတိုင်းသည် ပညာသင်ကြားခွင့်ကို အဆင့်တိုင်းမှာ (မူလတန်း၊ အလယ်တန်း၊ အထက်တန်း စသည်ဖြင့်) ရရှိရမည်ဆိုသည် နှင့် နိုင်ငံတော်အနေနဲ့ ယင်းသို့ရရှိအောင် လုပ်ဆောင်‌ပေးရမည်ဟု ဆိုသည်။ မြန်မာနိုင်ငံကလည်း အဆိုပါ လူ့အခွင့်အရေးစာချူပ် နှစ်ခုစလုံးကို လက်မှတ် ထိုးထားသည်။ ပိုမိုအသေးစိတ်ပြီး ဥပဒေအရ စည်းနှောင်မှုအားကောင်းတဲ့ ICESCR စာချုပ်ကို ၂၀၁၇ ခုနှစ်ကမှ လွှတ်တော်မှာ ဆွေးနွေးပြီး လက်မှတ်ထိုးထားခြင်းဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားသော ကလေးသူငယ်အခွင့်အရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် (UNCRC) ၏ အပိုဒ် ၂၈ တွင်လည်း ကလေးငယ်များ၏ ပညာရေးအခွင့်အရေး၊ ယင်းအခွင့်အရေးကို တန်းတူရပိုင်ခွင့် နှင့် နိုင်ငံတော်အနေနဲ့ ယင်းအခွင့်အရေးကို အဆင့်ဆင့်တိုးမြှင့်ရရှိလာစေရန် (Progressive Realisation) တာဝန် ကို ရေးသားပြဌာန်း ထားသည်။ 

    အဆိုပါ ပညာရေးအခွင့်အရေးကို ကလေးများ နှင့် ပြည်သူများ ရယူသုံးစွဲနိုင်ဖို့ အစိုးရမှာ တာဝန်သုံးရပ် ရှိသည်။ ၁။ အခွင့်အရေးကို လေးစားရန်၊ ၂။ ကာကွယ်ရန် နဲ့ ၃။ပြည့်ဝစွာခံစားနိုင်အောင် လုပ်ဆောင်ပေးရန်။ အခွင့်အရေးကို လေးစားဖို့ဆိုသည်မှာ ပညာရေးအခွင့်အရေးနှင့် ပတ်သတ်၍ နိုင်ငံတော်က စွတ်ဖက်ခြင်း သို့မဟုတ် ကန့်သတ်ခြင်း မပြုရန်ဟု နိုင်ငံတကာဥပဒေက အဓိပ္ပါယ်ဖွင့်သည်။ ကာကွယ်ရန်ဆိုသည်မှာ နိုင်ငံတော်အနေနဲ့ ကမကထပြုပြီး ပုဂ္ဂိလိက ကဏ္ဍအပါအဝင် အခြားအင်အားစုများ၏ အခွင့်အရေးချိုးဖောက်မှု အန္တရာယ်ကနေ ကာကွယ်ပေးရန်ဖြစ်။ ဥပဒေများ၊ စံလုပ်ထုံးလုပ်နည်းများ သတ်မှတ်ခြင်းတို့ပါဝင်သည်။ ပြည့်ဝစွာခံစားနိုင်အောင် လုပ်ဆောင်ပေးရန်မှာ နိုင်ငံတော်မှ ပြည်သူများ ပညာရေးလက်လှမ်းပိုမှီလာအောင် ဦးဆောင်ဦးရွက်ပြုရန်ဖြစ် သည်။ အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ပညာရေးအခွင့်အရေးအပါအဝင် လူ့အခွင့်အရေးကို အစိုးရရဲ့ မူဝါဒ နဲ့ လုပ်ဆောင်မှုများမှာ အလေးထားဆောင်ရွက်မည်ဟု အတိအလင်း ဆိုထားသည်ကို တွေ့ရသည်။ 

    ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် အထက်ပါ နိုင်ငံတကာဥပဒေက သတ်မှတ်ထားသော ပညာရေးအခွင့်အရေးကို ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်ဖို့ အခက်အခဲရှိသည်မှာ အမှန်။ ငွေကြေးအပါအဝင် အရင်းအမြစ်လိုအပ်ချက် ကြောင့်ဖြစ်သည်။ သို့သော် လုံးလုံးလျားလျားမလုပ်နိုင် မကိုင်နိုင်တာတော့ မဟုတ်။ ရှိတဲ့ဘတ်ဂျက်အရင်းအမြစ်ကို အလေအလွင့်မရှိအောင် စနစ်တကျစီမံခန့်ခွဲပြီး တဖြေးဖြေးတိုးတက်လာအောင် လုပ်လို့ရပါသည်။ အဆိုပါအချက် ကို ‘ရနိုင်သောအရင်းအမြစ်ကို အဆုံးစွန်ထိအသုံးပြု၍ အဆင့်ဆင့်တိုးတက်လာအောင် လုပ်ဆောင်ရမည်’ဟု ICESCR သဘောတူစာချုပ် အပိုဒ် ၂ (၁) က ဆိုပါတယ်။ တချိန်တည်းမှာပင် မြန်မာနိုင်ငံကဲ့သို့ဆင်းရဲသော နိုင်ငံများ အတွက် နိုင်ငံတကာအကူအညီက ပြည်သူများ ပညာသင်ကြားခွင့်ရဖို့ များစွာအရေးပါသည်။ နိုင်ငံတကာ အကူအညီဖြင့် ပညာရေးအသုံးစာရိတ်ကို တိုးမြှင့်နိုင်သည်။ ပညာရေးကဏ္ဍအတွက် လိုအပ်သော နည်းပညာ၊ ပညာရှင် နှင့် ချိတ်ဆက်ဆောင်ရွက်မှုအပိုင်းကို နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုမှ တဆင့်ရနိုင်သည်။ ထို့အတွက် အကောင်းဆုံးလမ်းစမှာ ကုလသမဂ္ဂ၏ အကူညီပေးရေးယန္တယား၊ လူ့အခွင့်အရေးယန္တယား နှင့် ကုလသမဂ္ဂခေါင်းစဉ်အောက်မှ နိုင်ငံတကာဆက်ဆံရေးကို အားသွင်ခွန်စိုက် အသုံးချရရန်ဖြစ်သည်။ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေကလည်း ထိုသို့လုပ်ဆောင်ရန် အားပေးတိုက်တွန်းထားသည်။ ICESCR သဘောတူစာချုပ်ကို ကြီးကြပ်သော ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်တစ်ရပ်ဖြစ်သည့် စီးပွားရေး၊ လူမှုရေး နှင့် ယဉ်ကျေးမှု အခွင့်အရေးကော်မရှင် (Commission on Economic, Social and Cultural Rights, CESCR)က နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သတ်၍ အရေးကြီးသော အချက်နှစ်ချက်ကို အထွေထွေမှတ်ချက် အမှတ် (၂) (၁၉၉၀) တွင် ဖော်ထုတ်ထားသည်။ ပထမအချက်အနေဖြင့် ကုလသမဂ္ဂယန္တယားအောက်မှ အဖွဲ့အစည်း အသီးသီးက ပေါင်းစပ်ညှိနှိုင်းပြီး ၎င်းတို့၏ ဖွံ့ဖြိုးရေးစီမံကိန်းများတွင် စီးပွားရေး၊ လူမှုရေး နှင့် ယဉ်ကျေးမှု  အခွင့်အရေးများကို တိုးမြှင့်လာစေရေး အစီအမံချလုပ်ဆောင်ရန် ဖြစ်သည်။ ဒုတိယအချက်အနေဖြင့် နိုင်ငံများက မိမိတို့လိုအပ်သည့် ငွေကြေး၊ နည်းပညာ စသည့်အကူအညီများကို CESCR ကော်မရှင်သို့ တင်ပြရန်ဖြစ်သည်။ အခွင့်အရေးကိစ္စ အနှစ်ချုပ်ရလျှင် ပညာရေးသည် အရေးကြီးသည်။ ပညာသင်ကြားခွင့်သည် အခွင့်အရေးတစ်ရပ် ဖြစ်သည်။ အစိုးရများ သို့မဟုတ် အစိုးရလုပ်ချင်သူများအနေဖြင့် လက်ခံလိုက်နာရမည့် ဥပဒေအရ ပေးအပ်ထားသော အခွင့်အရေး ဖြစ်သည်။ ထိုမှတဆင့် မေးခွန်းများမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုက ပညာရေးကဏ္ဍကို မည်မျှရိုက်ခတ်ပါသလဲ။ ကလေးများ နှင့် လူငယ်များက နွေဉီးတော်လှန်ရေးတွင် ပညာရေးသင်ကြားခွင့် ရနေကြ ပါသလား။ အကူအညီပေးရေးအဖွဲ့များနှင့် အရပ်ဖက်ပညာရေး အင်စတီကျူးရှင်းများက ပညာရေး အခွင့်အရေး တိုးမြှင့် လာစေရန် မည်သည်တို့ လုပ်နိုင်ပါသလဲ။ 

    ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်သည် မြန်မာလူထုအနေဖြင့် ကိုဗစ်ကပ်ဘေး၏ အထုအထောင်းကို ပယ်ပယ်နယ်နယ်ခံထားရ၊ ခံနေရချိန်လည်း ဖြစ်သည်။ ထိုအထဲတွင် သန်းချီသော ကျောင်းသားများလည်းပါသည်။ ၂၀၁၉-၂၀ ပညာသင်နှစ်စာရင်းအင်းများအရ မြန်မာပြည်တွင် ကျောင်းသားပေါင်း ၁၁.၆ သန်းရှိသည်။ မြန်မာပြည်တွင် ကိုဗစ်စတွေ့ချိန် (၂၃ မတ်လ ၂၀၂၀)သည် အခြေခံပညာကျောင်းများ၏ စာသင်နှစ်ကုန်ဆုံးချိန်နှင့် ကွက်တိဖြစ်နေသောကြောင့် အခြေခံပညာအဆင့် ကျောင်းသင်ပညာရေး (Formal Education) မှာ ကနဦးပိုင်းတွင် သိပ်ထိခိုက်မှုမရှိ။ သို့သော်အဆင့်မြင့်ပညာနှင့် ကျောင်းပြင်ပပညာရေး (Non-Formal Education) မှ ကျောင်းသားများမှာ စာမေးပွဲ မဖြေလိုက်ရ။ ထိုနောက်တွင်တော့ ဇွန်လ ကျောင်းဖွင့်ရာသီတွင်လည်း အချိန်မှီ ကျောင်းမဖွင့်ရသလို၊ ဇူလိုင်လ (၂၁ ဇူလိုင် ၂၀၂၀) မှ ဖွင့်ရသော အထက်တန်း (ဆယ်တန်း) ကျောင်းများမှာလည်း ဖွင့်ပြီး မကြာမှီ ပြန်ပိတ်လိုက်ရသည်။ သမားရိုးကျစာသင်ခန်းများအပေါ် အလွန်အမင်းမှီခိုမှု နှင့် ပညာရေးကဏ္ဍ နည်းပညာများကို ခပ်မြန်မြန် အသုံးမချနိုင်မှုကြောင့်ဖြစ်သည်ဟု ပညာရေးဝန်ကြီးဌာနက ဆိုသည်။ မြန်မာ တစ်နိုင်ငံတည်းလားဆိုတော့ လည်း မဟုတ်ပါ။ ကမ္ဘာနိုင်ငံအများကြုံရသော ပြဿနာလည်း ဖြစ်ပါသည်။ 

    ကိုဗစ်ကာကွယ်ဆေး အစောဆုံးထိုးပေးနိုင်ခဲ့ခြင်း နှင့် ကူးစက်မှုဆိုးရွားစွာ မဖြစ်ပေါ်ခဲ့ခြင်းတို့ကြောင့် ကိုဗစ်ကပ်ရောဂါ အစောပိုင်းကာလမှာ မြန်မာပြည်က တုန့်ပြန်မှုအားကောင်းခဲ့တယ်လို့ ‌အများက အသိအမှတ်ပြု ပါတယ်။ ပညာသင်ကြားခွင့် အခွင့်အရေးရှုထောင့်အရ ကျနော်တော့ ဒီအချက်ကို ပြည့်ပြည့်ဝဝ လက်မခံပါဘူး။  ၂၀၂၀ တစ်နှစ်လုံး ပညာသင်ကြားရေးက ဟုတ်တိပတ်တိ မလုပ်နိုင်ပါဘူး။  Social Distancing မူအရ ကန့်သတ်မှုတွေ များစွာရှိနေတဲ့ကြားက ပညာရေးအင်စတီကျူးရှင်းတွေက Virtual သင်ကြားရေးကို ကူးပြောင်း လိုက်ဖို့ မြန်မြန်ဆန်ဆန် မပြင်ဆင်နိုင်ပါဘူး။ ဒါကလည်း အထနှေးကွေးတဲ့ အစိုးရရဲ့ ဗျိုရိုကရေစီကြောင့်လည်း ဖြစ်နိုင်သလို ကိုဗစ်နဲ့လုံးပန်းနေရလို့ အရင်းအမြစ်ခွဲဝေမှု ဦးစားမပေးနိုင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ 

    ၂၀၂၁ ခုနှစ် အာဏာသိမ်းတော့ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ တပ်ဦးအလံတော်ဟာ Gen Z ဟုခေါ်သော 1997-2012 ခုနှစ်များအတွင်း မွေးဖွားသူများ လက်ထဲတွင်ရှိသည်။ ထိုသူတို့မှာ အခြေခံပညာအဆင့် မပြီးဆုံးသေး သော ကျောင်းသားများနှင့်တက္ကသိုလ် ကျောင်းသားအများစုဆိုသည်ကို အထက်ပါ အသက်အရွယ်အပိုင်းအခြားကို တွက်ချက်ကြည့်ရုံမျှဖြင့် ချက်ချင်းသိနိုင်သည်။ ဒီအချက်က ပေါ့သေးသေးမှတ်ယူရမယ့် အချက်မဟုတ်ပါပေ။ နွေဉီးတော်လှန်ရေးတွင် အဆိုပါမျိုးဆက်၏ တိုက်ပွဲဝင်စိတ်နှင့် ပါဝင်မှုကို ပြည်သူတရပ်လုံးက ဩဘာပေးကြ သော်လည်း ထိုလူအုပ်စု၏ ပညာသင်ကြားခွင့်ကို ပြောသံဆိုသံ သိပ်မကြားရ။ နိုင်ငံတစ်နိုင်ငံ၏ အရေးပေါ်  အခြေအနေမှာ အသက်ရှင်သန်ခွင့် ကဲ့သို့ မရှိမဖြစ် အရေးကြီးသော အခွင့်အရေးများမှအပ ကျန်အခွင့်အရေးများကို အာဏာပိုင်များက ကာလအလိုက် ရုတ်သိမ်းနိုင်သည်ကို သိပါသည်။ သို့သော် ပညာသင်ကြားရေးရပ်ဝန်း အပြင်ဖက် ရောက်သွားသော လူငယ်ထု အတွက် တော်လှန်ရေးအစိုးရသာမက လုပ်နိုင်ကိုင်နိုင်တဲ့ မြန်မာလူထု အပေါ်မှာပါ Moral Responsibility တရပ်ရှိ နေတယ်လို့သတ်မှတ်ရမှာဖြစ်သည်။ တော်လှန်ရေးအစိုးရ တရပ်အနေနှင့်ဆိုလျှင် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေအရ Legal Responsibility ပါရှိသည်ဟု ဆိုနိုင်သည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလက စစ်ကောင်စီကြေငြာထားချက်အရ အခြေခံပညာကျောင်းသားပေါင်း ၃.၃ သန်းပဲ စစ်ကောင်စီအောက်မှာ ကျောင်းတက်နေသည်။ ဆိုလိုသည်မှာ အဆိုပါ ကိန်းဂဏန်းထက် နှစ်ဆမကများတဲ့ ကျောင်းသားဦးရေက စစ်ကောင်စီရဲ့ စာသင်ကျောင်းတွေကို သပိတ်မှောက်နေကြဆဲ။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ အခြေခံပညာကျောင်းသားပေါင်း ၉ သန်းကျော်ရှိတယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

    အမျိုးသားညီညွတ်ရေးအစိုးရ၏ ပညာရေးဝန်ကြီးဌာနက အ‌‌ရေးပေါ်ကာလ စာသင်ကျောင်းများ မဖွင့်နိုင်ခင်မှာ ပညာသင်‌ကြားရေးကို ခရီးဆက်နိုင်ရန် နည်းလမ်းနှစ်ခုကို ချပြခဲ့သည်။ နေအိမ်အခြေပြု သင်ကြားရေး နဲ့ လူထုအခြေပြုသင်ကြားရေးနည်းလမ်း။ လိုအပ်သောလမ်းညွှန်ချက် တချို့ကိုလည်း ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။ အဆိုပါ နည်းစနစ်နှစ်ခုစလုံးမှာ တတ်မြောက်မှု စစ်ဆေးအကဲဖြတ်ခြင်းအတွက် Formal Exam မရှိ။ အများနားလည်အောင် ရှင်းရှင်းပြောရလျှင် စာမေးပွဲမရှိပေ။ သို့သော် သမားရိုးကျ သင်ရိုးပြတ်အောင် သင်တဲ့သင်ကြားမှုထက် တတ်ကျွမ်းမှုကို ဦးစားပေးတဲ့ နည်းလမ်းဖြစ်တယ်လို့ NUG ပညာရေးဌာနက ရှင်းပြသည်။ တတ်ကျွမ်းမှုစွမ်းရည်ကို ပညာရေးဝန်ကြီးဌာနက ‘အသိပညာကြွယ်ဝခြင်း၊ ကျွမ်းကျင်မှုရှိခြင်း နှင့် ပြီးပြည့်စုံသော စိတ်နေသဘောထားရှိခြင်းတို့ စုပေါင်းထားသော အရည်အချင်းတရပ်’ ဟု သတ်မှတ်ထားသည်။ အတန်းတင်စနစ်နှင့် စပ်လျဉ်း၍ တတ်မြောက်မှု စစ်ဆေးအကဲဖြတ်သည့် နည်းလမ်းဖြင့် ကုစားဆောင်ရွက် သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက မူဝါဒတရပ်ကို ချပြထားသည်။ ၎င်း၏ ပညာရေးဝန်ကြီးဌာနက ဆိုသည်မှာ –

    “ကလေးများအားလုံး၏ တက်မြောက်ကျွမ်းကျင်မှုနှင့် ကိုယ်ရေးကိုယ်သွေးများကို ပြန်လည်ဆန်းစစ် အကဲဖြတ်၍ တက်ရောက်ရမည့် အတန်းအတွက် သင်ယူမှုအဆင်သင့်ဖြစ်စေရန် ကုစားဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ထို့ကြောင့် ကူးစက်ရောဂါဘေးအန္တရာယ်များနှင့် စစ်ကောင်စီ၏ အကြမ်းဖက်ကြမ်းကြုတ်မှုများ ကြောင့် ကလေးများ ကျောင်းမတက်ရသဖြင့် အတန်းတင်၊ အတန်းတက်ခြင်းများ နောက်ကျမည်ကို စိုးရိမ်ပူပန်မှု ဖြစ်စရာမလိုတော့ပါ။” 

    အဆိုပါမူအရ တော်လှန်ရေးကာလအတွင်း နှင့် တော်လှန်ရေးကာလအလွန်တွင် ကျောင်းသားများကို ကျွမ်းကျင်မှုအလိုက် ပညာသင်ခွင့်၊ တနည်းအားဖြင့် အတန်းကျော်တက်ခွင့်ကို ခွင့်ပြုထားသည်ဟု သတ်မှတ် နိုင်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အရေးပေါ်ကာလအစီအမံများက ကနဦးပိုင်းမှာ အွန်လိုင်းပေါ်က စာသင်ကျောင်းများတွင်ကျယ်ခဲ့ပြီး တဖြေးဖြေး မြေပြင်စာသင်ကျောင်းများပါ တိုးချဲ့ဖွင့်လှစ် ထားသည်ကို တွေ့ရသည်။ ထိုအချက်က သပိတ်မှောက်ကျောင်းသားများနှင့် စစ်ပွဲဒေသတွင်ရှိနေသည့် ကျောင်းသားများအတွက် ပညာသင်ကြားခွင့်ကို များစွာအထောက်အကူပြုသည်။ သို့သော်ဖွင့်လှစ်ထားသော စာသင်ကျောင်းများသည် ကိုဗစ်ကာလ (မတ်လ ၂၀၂၀) မှ စ၍ ကျောင်းသင်ပညာရေး (Formal Education) နှင့် ကင်းကွာခဲ့ရသော ကျောင်းသားများအတွက် နေအိမ်အခြေပြု၊ ရပ်ရွာအခြေပြုစာသင်ကြားရေးမှ ကျောင်းသင် ပညာရေးစနစ်အတွင်း တိုက်ရိုက်ကူးပြောင်းနိုင်သော အမျိုးသားညီညွတ်ရေးအစိုးရ၏ မူဝါဒမှာ လက်တွေ့တွင် အခက်အခဲများစွာရှိပုံရသည်။ အထက်တွင် ဆိုခဲ့သည့် ‘စစ်ဆေးအကဲဖြတ်သည့်နည်းဖြင့် အတန်းကျော် တက်ခွင့်’သည် ဝန်ကြီးဌာနအတွင်း စီမံခန့်ခွဲနေသူများ နှင့် အွန်လိုင်းကျောင်းများမှအပ မြေပြင်ကျောင်းများ အတွက် ဝိရောဓိဖြစ်နေဆဲ။ တိကျသော စံသတ်မှတ်ချက်မရှိ သို့မဟုတ် လိုက်ပါဆောင်ရွက်နိုင်မှု မရှိနေသည်မှာ တော့သေချာသည်။ မြေပြင်တွင် မြို့နယ်အလိုက်ကျောင်းများမှာ တစ်ကျောင်းနေ တစ်ဂါထာ၊ တစ်ရွာနေ တစ်ပုဒ်ဆန်းဆိုသကဲ့သို့ အတန်းကျော်တက်ခွင့် ပြုမည်၊ မပြုမည်ကို (အမျိုးသားညီညွတ်ရေးအစိုးရ၏ မူကို သတိမမူစွာ) ငြင်းခုံနေကြဆဲ။ ထို့အတူ အကဲဖြတ်စစ်ဆေးမှုကလည်း စံစာမေးပွဲမရှိ။ အဆင်ပြေသလို စီမံနေကြဆဲ။ အမျိုးသားညီညွတ်ရေးအစိုးရကလည်း လျစ်လျူရှုထားဆဲ။ 

    တချိန်တည်းမှာပင် စစ်ကောင်စီ လက်အောက်ရှိ ပညာရေးဝန်ကြီးဌာနကလည်း စာသင်ကျောင်းများကို ၂၀၂၁ ခုနှစ် မေလကတည်းက ဖွင့်ဖို့ တာစူခဲ့သည်။ သို့သော် ဆရာအင်အား လေးသိန်းသုံးသောင်းဝန်းကျင်ရှိသော ပညာရေးဝန်ကြီးဌာနမှာ တစ်သိန်းခွဲကျော်က ဆက်လက်တာဝန်ထမ်းဆောင်ဖို့ ငြင်းဆန်ခဲ့ကြခြင်းကြောင့် စစ်ကောင်စီ၏ ပညာရေးသည် မယ်မယ်ရရ ခရီးမရောက်လှပါ။ စစ်အသုံးစာရိတ်ထောင်းလွန်းခြင်း နှင့် စစ်ရေးဇောင်းပေးလွန်းခြင်းတို့ကြောင့်လည်း ဖြစ်နိုင်သည်။ ထို့အတူ သန်းချီသော ကျောင်းသားမိဘများကလည်း စစ်ကောင်စီလက်အောက်က စာသင်ခန်းမတွေဆီ သားသမီးတွေကိုလွှတ်ဖို့ ငြင်းဆန်လျှက်ရှိနေဆဲ။ နောက်တစ်ချက်မှာ အာဏာသိမ်းမှုကြောင့် ပြိုလဲကျသွားသော ကျန်းမာရေးစနစ်ကြောင့်လည်း ပညာသင်ကြားရေးကို များစွာထိခိုက်ခဲ့ခြင်းလည်း ဖြစ်သည်။ ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းကာလ (ဇွန်-စက်တင်ဘာ ၂၀၂၁)တွင် မြန်မာပြည်ရှိ မြို့ကြီးများတွင် နာရေးကားများ အလောင်း မသယ်နိုင်တော့သည်အထိ သေဆုံးနှုန်းများခဲ့ခြင်းဖြစ်သည်။ ထိုအခြေအနေတွင် ရောဂါကာကွယ်ရေးအစီအမံ မရှိသလောက် ဖြစ်နေသော စာသင်ခန်းမထဲသို့ ကျောင်းသားများကို ခေါ်သွင်းရန် မဖြစ်နိုင်ပေ။ အခြားတဖက်ကလည်း စစ်ကောင်စီအနေဖြင့် အွန်လိုင်းစာသင်ကြားရေးကိစ္စကို ခြေဉီးမလှည့်ပေ။ 

    ထိုကဲ့သို့ ကသောင်းကနင်းအခြေအနေတွင် စာသင်ကျောင်းများဖွင့်လှစ်ခြင်း နှင့် ပညာသင်ကြားခြင်းသည် နိုင်ငံရေးလှိုင်းတံပိုးကြားက အားပြိုင်မှုတစ်ခုဖြစ်ခဲ့၊ ဖြစ်နေဆဲပင်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဉီးဆောင်မှု အောက် သို့မဟုတ် ဉီးဆောင်မှုအောက်တွင် ရှိနေသည်ဟု ယူဆရသော အွန်လိုင်းစာသင်ကျောင်းများစွာ နှင့် စစ်ကိုင်း၊ ချင်း၊ မကွေး၊ ကရင်နီ၊ ကချင် နှင့် ဒေသအတော်များများရှိ မြေပြင်စာသင်ကျောင်းများမှာ စိန်ခေါ်မှုများစွာရှိသည်။ ထို့အတူ စစ်ကောင်စီအောက်က စာသင်ကျောင်းများ အတွက်လည်း စိန်ခေါ်မှုရှိသည်။ အကြီးမားဆုံးစိန်ခေါ်မှုမှာ လုံခြုံရေးဖြစ်သည်။ စာသင်ကျောင်းများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲခြင်း နှင့် စာသင်ကျောင်းများကို တိုက်ခိုက်ခြင်းများကို မကြာခဏတွေ့ရသည်။ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်း စံပြကျေးရွာ အထက်တန်းကျောင်းဝင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေထိုင်မှု အပါအဝင် များပြား လှစွာသော ဖြစ်စဉ်များက စာသင်ကျောင်းများလည်ပတ်ရန် သို့မဟုတ် ပညာသင်ကြားရေး ဆောင်ရွက်ရန် များစွာ အဟန့်အတားဖြစ်သည်။ ထို့အတူ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းပေါ်ကို စစ်တပ်တိုက်ခိုက်ရေးလေယာဉ်ဖြင့် ပစ်ခတ်တိုက်မှုကဲ့သို့ စစ်ရေး ပစ်မှတ်မဟုတ်ဘဲ တိုက်ခိုက်ခြင်းမျိုးများလည်း ရှိသည်။ လက်ယက်ကုန်းဖြစ်စဉ်တွင် (၇) နှစ်အရွယ် ကျောင်းသား မောင်ဘုန်းတေဇ အပါအဝင် အသက်မပြည့်သေး သည့် ကျောင်းသား (၈) ဉီး သေဆုံးခဲ့ရပြီး ‘သွေးကွက်စွန်းသွားတဲ့ စာသင်ကျောင်း’ဟု သတင်းမီဒီယာများက ရေးသားကြသည်။ ထိုဖြစ်စဉ်သည် ပညာသင်ကြားခွင့်ကို တိုက်ရိုက် ချိုးဖောက်ရုံ သာမက နိုင်ငံတကာစစ် ဥပဒေသ (International Humanitarian Law) ၏ အခြေခံမူများ၊ ဂျနီဗာကွန်ဗင်းရှင်း နောက်ဆက်တွဲ ပရိုတိုကော (၂)၊ အပိုဒ် (၁၃)ပါ အရပ်သားများ ကာကွယ်ခြင်းဆိုင်ရာ ပြဌာန်းချက်များကိုလည်း ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်။ ထိုကဲ့သို့သော စာသင်ကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်မှု သို့မဟုတ် စာသင်ကျောင်းများအပေါ် ခွဲခြားခြင်းမပြုဘဲ တိုက်ခိုက်မှုများသည် သတင်းစာပေါ်တွင် တွေ့ရသည်ထက် လက်တွေ့မြေပြင်တွင် ဖြစ်ပျက်နေသည်များက အဆမတန်ပိုများနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် အညာတစ်ခွင်လုံးနီးပါး အင်တာနက် ဖြတ်တောက်ခံထားရမှု အပြင် နေပြည်တော်မှ သတင်းလွတ်လပ်ခွင့် လုံးဝ ပိတ်ပင်ထားသော အခြေအနေများကြောင့် ဖြစ်သည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဉီးကျော်မိုးထွန်းက UNICEF Executive Board ၏ အစည်းအဝေးတစ်ခုတွင် မြန်မာပြည်မှ ကလေးငယ်စုစုပေါင်း (၁၆၅)ဉီးသည် ၂၀၂၂ တစ်နှစ်အတွင်း သတ်ဖြတ်ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။ ထိုကိန်းဂဏန်းမှာလည်း မှတ်တမ်းတင်နိုင်သော အရေအတွက်သာ ဖြစ်ပုံရသည်။ 

    အလားတူပင် ကျောင်းဆရာများ၏ လုံခြုံရေးသည်လည်း ပညာသင်ကြားရေးအတွက် ကြီးမားသော စိန်ခေါ်မှုဖြစ်သည်။ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တောင်မြင့်ကျေးရွာမှ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသော ကျောင်းဆရာ ဉီးစောထွန်းမိုးအား ရက်ရက်စက်စက်သတ်ဖြတ်မှု၊ စစ်ကိုင်းတိုင်းဟုမ္မလင်းမြို့နယ်၊ သက္ကယ်တောင်ကျေးရွာမှ ကျောင်းအုပ်ဆရာ ဉီးအောင်ဆန်းဝင်းအား သတ်ဖြတ်မှု နှင့် များစွာသော ပညာရေး ဝန်ထမ်းများ ပျောက်ဆုံးနေမှုများ ရှိနေသည်။ ဖြစ်စဉ်အများစုသည် ဥပဒေမဲ့နေသော စစ်ကောင်စီ၏ မြေပြင်တပ်ရင်းတပ်ဖွဲ့များကကျူးလွန်ကြောင်း သတင်းမီဒီယာများက ရေးသားဖော်ထုတ်ခဲ့ပြီးဖြစ်သည်။ ပြည်သူ့ကာကွယ်ရေးတပ်များကို ညွှန်ကြားနေသော အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် စစ်ရေးပစ်မှတ်သတ်မှတ်မှု နှင့် ‘စာသင်ကျောင်းများကို မတိုက်ခိုက်ရ’ အမိန့်ညွှန်ကြားချက် တစ်စောင် (၃/၂၀၂၂) ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ အဆိုပါ အချက်ကိုပင် စစ်သည်ကျင့်ဝတ်တွင် ထပ်မံထည့်သွင်းထားသည်ကိုလည်း တွေ့ရသည်။ ၎င်းမှာ လက်နက်ကိုင် တိုက်ပွဲအတွင်း စာသင်ကျောင်းများကို ကာကွယ်ရန်အတွက် အရေးကြီးသောမူဝါဒ လုပ်ငန်းတစ်ရပ် ဖြစ်ပြီး ပညာရေးအခွင့်အရေးကို လေးစားမှုပြသည့် လမ်းစတစ်ခုလည်း ဖြစ်သည်။ အကာအကွယ်ပေးရန် ပြည်စုံသည်ဟူ၍တော့ မမှတ်ယူနိုင်ပေ။ လုံခြုံရေးကိစ္စ အနှစ်ချုပ်ရသော် အထက်ပါ ဖြစ်စဉ်များ၊ အချက်အလက်များကို မှန်းဆကြည့်ရုံဖြင့် ပညာရေးအခွင့်အရေးသည် မည်မျှခြိမ်းခြောက်ခံနေ ရကြောင်း နှင့် ကန့်သတ်ခံနေရကြောင်းကို ကောင်းစွာ သဘောပေါက်နိုင်ပါသည်။ ထိုသို့သော နိုင်ငံရေး လှိုင်းတံပိုးကြားက အခြေအနေများသည် ကျောင်းနေအရွယ် ကလေးသူငယ် နှင့် လူငယ် (၁၂) သန်း၏ ပညာရေး ခရီးကို ပြတ်တောက်စေသည်ဟု ယူနီဆက်ဖ်က ဖော်ပြသည်။ 

    အနှစ်ချုပ်ဆိုရသော် နွေဉီးတော်လှန်ရေးအတွင်းမှ ပညာသင်ကြားရေးသည် စနစ်တကျရှိမလာသေးဘဲ ကသောင်းကနင်းအနေအထား တစ်ရပ်တွင်သာ ရှိနေသေးသည်။ ထို့အတူ ပညာရေးသည်လည်း အာဏာသိမ်း စစ်ကောင်စီ နှင့် တော်လှန်ရေးအင်အားစုများ၏ အားပြိုင်မှု နိုင်ငံရေးလှိုင်းတံပိုးများအကြားတွင် ရိုတ်ခတ် ခံနေရဆဲ။ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေက ဖွင့်ပေးထားသော အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မလျှောက်လှမ်းနိုင်သေးသည်ကို တွေ့ရသည်။ အဆိုပါအချက်မှာ ကုလသမဂ္ဂယန္တရား၏ တုန့်ပြန်မှု သို့မဟုတ် နိုင်ငံရေးအရအာသီသ နည်းမှုကြောင့်လည်း ဖြစ်နိုင်ပါသည်။  သေချာသည်မှာ မြန်မာပြည်ရှိ ပစ်ခတ်တိုက်ခိုက်မှုများအတွင်းမှ ကလေးငယ်များ၏ ပညာရေးအခွင့်အရေးဟုဆိုလျှင် သမားရိုးကျအတိုင်း စစ်ကောင်စီ၊ တော်လှန်ရေးအင်အားစု နှင့် အာဆီယံဟု ရှုမြင်ရုံမျှဖြင့် မလုံလောက်ပေ။ ဆယ်သန်းကျော်သော မြန်မာကလေးသူငယ်များ နှင့် ကျောင်းသားလူငယ်များ၏ ပညာသင်ကြားခွင့်သည် ပိုမိုကျယ်ပြန့်သော နိုင်ငံတကာအကူအညီမပါဘဲ သိပ်အရာမရောက်နိုင်ပါ။ မြန်မာပြည်တွင် ရှိနေနှင့်ပြီးသော ကုလသမဂ္ဂအေဂျင်စီ အဖွဲ့ပေါင်း (၂၀) အပေါ်တွင်လည်း မူတည်သလို ပညာရေးအခွင့်အရေးကို ကတိကဝတ်ခံထားသော နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များ၊ ပုဂ္ဂလိက ကော်ပိုရေးရှင်းများ နှင့် လူ့အခွင့်အရေး အမှတ်လက္ခဏာနိုင်ငံများ၏ အားတက်သရော ကူညီမှုလိုအပ်သည်။ ပညာရေးသည် အာဏာနိုင်ငံရေးမဟုတ်ပါ။ ထို့ထက် ပိုမိုကျယ်ပြန့်၍ နက်ရှိုင်းသော အနှစ်သာရ ရှိပါသည်။

    (၂၀၂၃ ခုနှစ်တွင် ရေးသားထားသော ဆောင်းပါးဖြစ်ပါသည်။) 

    စာရေးသူအကြောင်း

    ဗညားတိုးသည် လူ့အခွင့်အရေးလေ့လာသုံးသပ်သူတစ်ယောက်ဖြစ်ပြီး အသွင်ကူးပြောင်းရေးကာလတရားမျှတမှုအကြောင်း အထူးပြုလေ့လာသည်။ UK နိုင်ငံမှ လူ့အခွင့်အရေးမဟာဘွဲ့ရထားသည်။ 

    ကိုးကားစာရင်း

    1. Ian Harris (ed), Buddhism, Power and Political Order (Routledge 2007)
    2. အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်း (၁၉၄၈)၊ အပိုဒ် (၂၆) (၁)
    3. International Covenant on Economic, Social and Cultural Rights (ICESCR) (1966), Art. 13
    4. United Nations Convention on the Rights of the Child (UNCRC) (1989), Art. 28
    5. International Human Rights Law’ (United Nations Human Rights Office of the High Commissioner). Available here. accessed 7 February 2023 

    6. ‘စီမံကိန်းနှင့်လုပ်ငန်းအစီအစဉ်များ’ (လူ့အခွင့်အရေးဝန်ကြီးဌာန). Available here. accessed 7 February 2023 

    7. Committee on Economic, Social and Cultural Rights, International Technical Assistance Measures (General Comment No. 2, 1990) para 3, 6
    8. Myanmar Ministry of Education, Myanmar COVID-19 National Response and Recovery Plan for the Education Sector (Government plan, 2020)

    9. ‘Education vs. revolution: school reopenings bring hard choices’ (Frontier Myanmar, 17 January 2022). Available here. accessed 7 February 2023
    10. ‘Some 90 percent of Myanmar students refuse to attend school under coup regime, teachers say’ (Myanmar Now). Available here. accessed 7 February 2023

    11. ကြားကာလနေအိမ်အခြေပြု/ပြည်သူ့အခြေပြု အခြေခံပညာသင်ကြားရေးလမ်းညွှန် (ပညာ‌ရေးဝန်ကြီးဌာန၊ ဧပြီလ ၂၀၂၂) 
    12. Ministry of Education, Statement of Basic Education Competency Standards for Interim Period (v2, MOE 2022) 

    13. ‘ဆရာ၊ ဆရာမ တစ်သိန်းခွဲနီးပါး အလုပ်ကနေ ရပ်ဆိုင်းခံခဲ့ရ’ (BBC, 25 May 2021). Available here. accessed 10 February 2023

    14. ‘ကိုဗစ် တတိယလှိုင်း – နာရေးကားတွေ “မနိုင်တော့တဲ့” ရန်ကုန်က စျာပနတွေ’ (BBC, 15 July 2021). Available here. accessed 10 February 2023

    15. ‘စာသင်ကျောင်းမှာ ကျန်ခဲ့တဲ့ကျောပိုးအိတ်လေးပိုက်ပြီး သမီးပြန်လာလေမလား မျှော်နေတဲ့မိခင်’ (BBC, 21 September 2022). Available here. accessed 10 February 2023
    16. Additional Protocol (II) of Geneva Conventions (APII), Art. 13 

    17. ‘Statement by Ambassador Kyaw Moe Tun at the First Regular Session of the UNICEF Executive Board’ (Permanent Mission of the Republic of the Union of Myanmar to the United Nations-New York, 7 February 2023). Available here. accessed 10 Feb 2023
    18. ‘ပေါက်မြို့နယ် NUG ကျောင်းမှ ဆရာ ၁ ဦး ရက်စက်စွာ အသတ်ခံရ’ (Irrawaddy, 18 October 2022). Available here. accessed 10 February 2023

    19. ‘ဟုမ္မလင်းတွင် CDM ကျောင်းအုပ်ဆရာတစ်ဦး ပစ်သတ်ခံရ’ (Myanmar Now, 18 July 2022). Available here. accessed 10 February 2023

    20. ‘Military Code of Conduct for People’s Defense Force’ (MoD). Available here. accessed 10 February 2023 

    21. “သင်ယူမှု’ (UNICEF Myanmar). Available here. accessed 10 February 2023


    [cas_related]

  • တီဂျေနှင့် အင်စတီကျူးရှင်းများ ပြုပြင်ပြောင်းလဲရေး

    တီဂျေနှင့် အင်စတီကျူးရှင်းများ ပြုပြင်ပြောင်းလဲရေး

    တီဂျေနှင့် အင်စတီကျူးရှင်းများ ပြုပြင်ပြောင်းလဲရေး

    TJ and IR

    ဓါတ်ပုံ။ အင်တာနက်

    အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုလုပ်ငန်းစဉ်တွေ လုပ်တဲ့အခါ ရေသောက်မြစ်ကို ထိနိုင်ဖို့ လိုတယ်။ မတရားမှုတွေရဲ့ အရင်းခံအကြောင်းတရား၊ မထိရောက်မှုတွေရဲ့ အရင်းခံအကြောင်း တရား အဲဒါတွေကို ဖော်ထုတ်ပြီး ဖြေရှင်းဖို့က အချိန်အားဖြင့် ကန့်သတ်ဘောင်တစ်ခုထဲမှာ အကောင်အထည်ဖော်ရတဲ့ အသွင်ကူးပြောင်းရေးကာလတရားမျှတမှုဘောင်က ပြေစေပျောက်စေ တော့ ဖြေရှင်းနိုင်မှာ မဟုတ်ပေမယ့် အရင်းခံအကြောင်းတရားတွေကို ဖြေရှင်းရမယ်ဆိုတဲ့ အသိအမှတ်ပြုမှု၊ ကြိုးပမ်းအားထုတ်မှု နဲ့ နိုင်ငံရေးသဘောတူညီချက်၊ ဥပဒေပြဌာန်းချက်တွေကို ထိထိမိမိ လုပ်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။ မတရားမှုတွေအကြောင်းပြောတဲ့အခါ တရားရုံး ဘောင်ထဲကနေ ဖြေရှင်းတာ၊ အမှန်တရားကော်မရှင်တွေရဲ့ ဘောင်ထဲကနေဖြေရှင်းတာ တွေအပြင် မတရားမှုလုပ်ခွင့်ရနေစေတဲ့ ဥပဒေပေးထားချက်များ၊ ချယ်လှယ်ခွင့်ရနေတဲ့ အင်စတီကျူးရှင်းများ၊ အစိုးရဗျူရိုကရေစီထဲက အကာအကွယ်ရနေတဲ့ ဝန်ထမ်းအစုအဖွဲ့များ နဲ့ ဗဟိုစုအား လျှော့ချလိုက် ဖို့ကလည်း အသွင်ကူးပြောင်းရေးကာလတရားမျှတမှု လုပ်ငန်းစဉ် တွေထဲက တစ်ခုဖြစ်တဲ့ အင်စတီကျူးရှင်းများ ပြုပြင်ပြောင်းလဲခြင်းရဲ့ ပင်မ အစိတ်အပိုင်းများ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျနော်ဆွေးနွေးချင်တဲ့ ဒုတိယအချက်က ဗဟိုခွာအားကို အားပေးဖို့ ဖြစ်ပါတယ်။ ဒေသန္တရ ဒီမိုကရေစီနဲ့ ဒေသန္တရအုပ်ချုပ်ရေးကို အားကောင်းအောင် မွေးမြူဖို့ ဖြစ်ပါတယ်။  

    အဲဒီအကြောင်းအရာတွေထဲကနေ ဆက်စပ်ပြီး အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု လုပ်ငန်းတွေထဲက အင်စတီကျူးရှင်းများ ပြုပြင်ပြောင်းလဲရေးကိစ္စကို ဆွေးနွေးတင်ပြမှာ ဖြစ်ပါတယ်။ တရားရုံးအခန်းထဲက ကိစ္စရပ်တွေကို ခဏ ချန်ထားပြီး တရားရုံးပြင်ပမှာ မဖြစ်မနေ လုပ်ရမယ့်၊ လုပ်လို့ရနိုင်တဲ့ ကိစ္စရပ်တွေကို ဦးတည်ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးရဲ့ အစိတ်အပိုင်း (၁) မှာ ပထမဦးဆုံး ဆွေးနွေးချင်တာ အစိုးရဗျူရိုကရေစီယန္တရားကို ဒေသိယပြုဖို့ ဖြစ်ပါတယ်။ တစ်ခုခုဆိုရင် ဗဟို Executive Branch နဲ့ အနီးဝန်းကျင်က မီးစိမ်းပြမှာ သို့မဟုတ် မီးဝါ၊ မီးနီ မပြမှာကိုပဲ ထိုင်စောင့်၊ စိုးရိမ်နေရတဲ့ ဗျူရိုကရေစီဝန်ထုပ်ဝန်ပိုးကြီးကို ပြင်ဆင်ဖို့ လိုပါတယ်။ ဒါက စစ်အာဏာရှင်စနစ် သို့မဟုတ် ဗဟိုဦးစီးစနစ်ကနေ ဖက်ဒရယ်စနစ်ဆီကို အသွင်ကူးပြောင်းရေးလုပ် တဲ့ လုပ်ငန်းစဉ်ထဲမှာ အသက်သွေးကြောဖြစ်တယ်။ အဲဒီလို လုပ်နိုင်ဖို့ဆိုတာကလည်း အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုလုပ်ငန်းတွေရဲ့ လိုရင်းချက် တစ်ခုလည်း ဖြစ်ပါတယ်။ မဟုတ်ဘူးဆိုရင် အင်စတီကျူးရှင်းများ ပြုပြင်ပြောင်းလဲရေးဆိုတာက တစ်ထောင့်တစ်ညပုံပြင် တွေမှာသာ အဆုံးသတ်ရမှာ ဖြစ်တယ်။ ကျနော်တို့ ဘယ်ကိုမှ ရောက်မှာ မဟုတ်။ မြင်သာအောင် ဥပမာတစ်ခု ထုတ်နှုတ်တင်ပြပါ့မယ်။ ဝန်ထမ်းခန့်ထားရေး ဖြစ်ပါတယ်။

    အသွင်ကူးပြောင်းရေးကာလတရားမျှတမှုမှာ ဝန်ထမ်းခန့်ထားရေးနဲ့ပတ်သတ်လို့ နောက်ကြောင်း ရာဇဝင်စစ်ဆေးခြင်း (vetting) လုပ်ရပါတယ်။ ဗဟိုဦးစီးစနစ်ကနေ အသွင်ပြောင်းဖို့ တော်လှန်ရေး တစ်ရပ်ကို ဆင်နွှဲပြီးခါမှ vetting ကို ဗဟိုကပဲ စစ်ခွင့်၊ အတည်ပြုခွင့်ရမယ့် ပြဌာန်းချက်မျိုးကို ကျနော်တို့ အစကတည်းက မလုပ်မိဖို့ လိုပါတယ်။ ကျိုးကြောင်းဆီလျှော်မှု မရှိပါဘူး။ တချိန်တည်းမှာပဲ ဒေသန္တရအစိုးရအနေနဲ့ သူ့ဒေသနဲ့သူ ဝန်ထမ်းရွေးချယ်ပိုင်ခွင့်၊ ခန့်ထားပိုင်ခွင့် နဲ့ ထုတ်ပယ်ပိုင်ခွင့်တွေကို ရရှိနေဖို့ လိုပါတယ်။ သို့သော် ဘယ်လိုပြစ်မှုမျိုး ကျူးလွန်သူဆိုရင်တော့ ဘယ်ပြည်နယ်ကမှ vetting ပေးအောင်ခွင့် မရှိဆိုတာမျိုး ဘုံသတ်မှတ်ချက် တစ်ခု လိုနေသေးတာလည်း ငြင်းလို့မရပါဘူး။ ဒါက ဖက်ဒရယ် နဲ့ ပြည်နယ်တွေကြားက ညှိနှိုင်း ဆောင်ရွက်ရမယ့် ကိန်းရှင်တစ်ခုအဖြစ် နားလည်နိုင်ပါတယ်။

    ဒီနေရာမှာ အပေါ်မှာ ပြောခဲ့တဲ့ ဒေသန္တရအစိုးရဆိုတာ ပြည်နယ်အစိုးရတစ်ခုတည်းကို ရည်ညွှန်းတာ မဟုတ်ဘူးဆိုတာ သတင်းစကားပါးချင်ပါတယ်။ ပြည်နယ်အစိုးရထက်ပိုပြီး လက်လီစိပ်တဲ့ အစိုးရများကို ဆိုလိုတာဖြစ်ပါတယ်။ ဘယ်လောက်ထိ လက်လီစိပ်မလဲ ဆိုတာကတော့ သက်ဆိုင်ရာ ပြည်နယ်ရဲ့ တည်ရှိမှု နဲ့ အားသာချက်၊ အားနည်းချက်များ အပေါ်မှာသာ မူတည်ပါတယ်။

    ဒုတိယ အစိတ်အပိုင်းအနေနဲ့ လူ့အသိုင်းအဝိုင်းရဲ့ အချောင်ခိုချင်စိတ်၊ တနည်းအားဖြင့် Free riders တွေကို အချောင်ခိုခွင့်နည်းအောင် ဖန်တီးဖို့ဖြစ်ပါတယ်။ လူ့အသိုင်းအဝိုင်းရဲ့ နိုင်ငံသားဖြစ်မှု နဲ့ နိုင်ငံသားတာဝန်ယူမှု (Active citizenship) ကို အားကောင်းအောင် မွေးမြူဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ မြန်မာပြည်လို စုံလင်များပြားလှ လူမျိုးစုတွေ၊ လူမျိုးစုဆိုင်ရာ နိုင်ငံရေးအစုအဖွဲ့၊ စစ်ရေးအစုအဖွဲ့တွေ ရှိတဲ့ တိုင်းပြည်အနေနဲ့ နိုင်ငံသားဖြစ်မှုနဲ့ နိုင်ငံသားတာဝန်ယူမှုကို ဖြစ်ထွန်းအောင် မွေးမြူဖို့ဆိုတာ နိုင်ငံတော်တည်ဆောက်ရေးရဲ့ ပင်မဖြစ်တဲ့ ဘုံအမှတ်လက္ခဏာတ တစ်ခု၊ ဓလေ့တစ်ခု ဦးစွာဖြစ်ထွန်းဖို့ လိုအပ်ပါတယ်။ တစ်ချိန်တည်းမှာပဲ မတူညီတဲ့ လူ့အသိုင်းအဝန်းငယ်လေးတွေရဲ့ လွတ်လပ်မှု၊ ဒူပေဒါပေခံမှု နဲ့ အပြန်အလှန်အကျိုးပြုမှု တန်ဖိုးတွေ ဖြစ်ထွန်းအောင် လုပ်ဖို့တွေက Free riders ပြဿနာကို ဖြေရှင်းဖို့ အထောက်အကူဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဒီအချက်တွေကို ဒီနေရာမှာ ဘာကြောင့်ဆွေးနွေးရသလဲဆိုတော့ အင်စတီကျူးရှင်းများ ပြုပြင်ပြောင်းလဲရေးနဲ့ လူမှုအသိုင်းအဝိုင်းရဲ့ ရေချိန်အနိမ့်အမြင့်ဆိုတာ နီးကပ်စွာ ဆက်စပ်နေကြတဲ့ အရာတွေဖြစ်လို့ပါပဲ။


    [cas_related]

  • အညာတော်လှန်ရေး၂၀၂၅

    အညာတော်လှန်ရေး၂၀၂၅

    အညာတော်လှန်ရေး ၂၀၂၅

    ဓါတ်ပုံ။ အင်တာနက်

    ၂၀၂၁ အာဏာသိမ်းတော့ အညာလူထုက အုံနဲ့ကျင်းနဲ့ ထကြွလာရုံသာမကဘဲ လက်နက်ကိုင် ပြီးတော့ နေပြည်တော်စစ်တပ်ကို ပြန်ချလိမ့်မယ်လို့ ဘယ်သူမှ မတွေးမိကြဘူးဆိုရင် လွန်မယ် မထင်။ အငိုက်အမိဆုံးကတော့ နေပြည်တော်စစ်တပ်ကိုယ်တိုင်ပဲဖြစ်တယ်။ ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရကို ဖြုတ်ချအပြီး သုံးလကျော်အကြာ၊ တရုတ်အစိုးရ အာဘော် Phoenix TV နှင့် သီးသန့်မေးမြန်းခန်းတွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ပြောရရင်တော့ဗျာ … ဟို ပြောရလို့ရှိရင်တော့ အဲလောက်ထိတော့များလိမ့်မယ် လို့ ကျနော်မထင်ခဲ့ဘူး”ဟု ရှားရှားပါးပါးဝန်ခံသည်။ ထိုကဲ့သို့ ဝန်ခံလိုက်ရခြင်းအတွက်လည်း ရှက်နေပုံရသည်။ အင်တာဗျူးနေစဉ်အတွင်း တောင့်တောင့်ကြီးထိုင်နေရာမှ ခန္ဓာကိုယ်ကို ရှေ့ကိုင်းပြီး လှုပ်သည်။ မျက်နှာမှာ လည်း သူရှက်နေကြောင်း အထင်းသားမြင်ရသည်။ စစ်တပ်သမိုင်း တလျှောက် Heartland လို့ သတ်မှတ်ခဲ့တဲ့ အညာဒေသက ၂၀၂၁ နွေဦးမှာ အာဏာသိမ်းမှုကို ငြင်းဆန်ခုခံခြင်းနဲ့ ပိုမိုကျယ်ပြန့် လာသော ပုန်ကန်ထကြွမှုများကို သူဖုံးဖိ၍မရ။

    အညာမြေက လက်သံပြောင်ပါသည်။ ၂၀၂၁ နွေဦးအစောပိုင်းကာလတွေမှာကတည်းက အညာသား တော်လှန်ရေးသမားတွေက အညာဒေသ တနံတလျားတွင် ပုန်ကန်ထကြွခဲ့ကြသည်။ အာဏာသိမ်း စစ်တပ်ကိုလည်း “အာဏာရှင်စနစ်ကို လက်မခံကြောင်းအပြင် အမြစ်ဖြတ်” ဖို့ သတင်းစကားပါး နေခဲ့သည်။ ထိုကဲ့သို့ခုခံတွန်းလှန်ခြင်း နည်းလမ်း၊ တနည်းအားဖြင့် တော်လှန်ရေး လမ်းကြောင်းကို ရွေးချယ်လိုက်ခြင်းက ပန်းခင်းလမ်း မဟုတ်သည်သာမက ဆူးတွေနဲ့ ခယောင်းလမ်းဆိုသည်ကို အညာလူထုက ကောင်းကောင်းကြီးသိခဲ့ကြပါသည်။ သို့သော် လွတ်လပ်မှု၊ တရားမျှတမှု နဲ့ ဂုဏ်သိက္ခာရှိမှု ဆိုသည်တို့ကို အညာလူထုက မြည်းစမ်းခွင့်ရခဲ့ကြပြီးမှ မတရား အာဏာသိမ်းခြင်းကို လက်ခံမည် မဟုတ်ပေ။ ဒါတွေကပဲ နွေဦးတော်လှန်ရေးရဲ့ သန္ဓေတွေ မဟုတ်ပါလား။

    ၂၀၂၅ ခုနှစ်ထဲကို ရောက်ပါတော့မည်။ နွေဦးတော်လှန်ရေးခရီးကလည်း လေးနှစ်ပြည့် တော့မည်။ ကချင်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က နွေဦးတော်လှန်ရေး အစောပိုင်းကာလတွင် “တော်လှန်ရေးက ငါးနှစ်ထက်ပိုမကြာသင့်” ဟု မှတ်ချက်ပြုဖူးသည်။ ဒီစကားကို ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က တွေးတွေးဆဆပြောခဲ့သည်မှာ ယုံမှားမရှိပါ။ အညာတခွင်မှာ ကေအိုင်အိုရဲ့ စစ်ရေးလှုပ်ရှားမှုများ၊ နိုင်ငံရေးမျှော်ရည်မှုများက ထိုစကားနှင့် များစွာ ဆက်စပ်နေကြောင်း ကျနော်တို့ တွေ့မြင်ခဲ့ရပြီးဖြစ်သည်။ ယခုဆောင်းပါးက နွေဦးတော်လှန်ရေး တစ်စုံလုံးစာကို လေ့လာသုံးသပ်မည်မဟုတ်ဘဲ နွေဦးတော်လှန်ရေးထဲက အညာဒေသအကြောင်းကို သုံးသပ်တင်ပြမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ စာဖတ်သူကို ကြိုတင်ဖော်ပြ လိုသည်ကတော့ စာရေးသူက အညာဒေသက အညာသားဖြစ်တယ်။ အညာဒေသကို သံယောဇဉ်ရှိသလို လွတ်လပ်မှု၊ တရားမျှတမှု နဲ့ ဂုဏ်သိက္ခာရှိမှုတို့ကို တန်ဖိုးထားသူဖြစ်တယ် ဆိုတာကိုပါ။ အဲဒီနောက်ခံနဲ့ ဒီဆောင်းပါးကို ရေးသားတင်ပြခြင်း ဖြစ်တယ်။ ဆွေးနွေးတင်ပြချက်တွေမှာ ဆန္ဒဂတိပါနေနိုင်ပါ တယ်။

    ၂၀၂၅ တွင်စောင့်ကြည့်ရမည့် အဓိကအရွေ့များ

    စစ်ပွဲကာလဆိုသည်မှာ အင်မတန်ရှုပ်ထွေးပြီး အစစအရာရာ အကဲဆတ်လွန်းပါသည်။ နိုင်ငံရေး၊ စစ်ရေး ဇာတ်ကောင်များ၏ ဩဇာအာဏာသည် အလှည့်အပြောင်း မြန်ဆန်သည်။ ကျင်လည်နေသော ပတ်ဝန်းကျင်ကလည်း စစ်ပွဲ၏ ရေချိန်အတက်အကျ အပေါ်မူတည်ပြီး အပြောင်းအလဲ မြန်လွန်းသော ကိန်းရှင်ဖြစ်သည်။ ထိုအခြေအနေကို ခေါင်းဆောင်များ နှင့် အင်စတီကျူးရှင်းများက မျက်ခြေပျက်၍ မဖြစ်။ နေ့တဓူဝ စောင့်ကြည့်ချိန်ဆနေဖို့ လိုသည်။ အညာဒေသအနေဖြင့် ၂၀၂၅ ခုနှစ်တွင် ချန်ထား၍ မဖြစ်သော စစ်ရေးနိုင်ငံရေး အရွေ့များကို ထုတ်နှုတ်ဆွေးနွေးလိုပါသည်။ အမှတ်စဉ်သည် အဆင့်ကို ရည်ညွှန်းခြင်းမဟုတ်ပါ။ အလျဉ်း သင့်သလို တပ်ထားခြင်းသာ ဖြစ်သည်။

    ၁။ ရခိုင်စစ်ဆင်ရေး

    အညာဒေသ၊ ချင်းပြည် နှင့် ရခိုင်ပြည်အနေဖြင့် မည်သည့်ဒေသကကြည့်ကြည့် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အလေးဂရုပြုရမည့် ကိစ္စတစ်ခုရှိသည်။ ပထဝီ အနေအထားအရ ကပ်လျှက်တည်ရှိနေ ရုံမျှသာမက စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေး နှင့် ဆက်သွယ်ရေး ကိစ္စများတွင် နီးနီးကပ်ကပ် ဆက်စပ်နေကြခြင်း ဖြစ်သည်။ အာရက္ခတပ်တော်၏ ဒေသန္တရစစ်ဆင်ရေးများ အပြင် နယ်နမိတ်ချင်း ကပ်လျှက်တည်ရှိနေသော မကွေးတိုင်း အနောက်ပိုင်း နှင့် ချင်းပြည်တောင်ပိုင်း စစ်ရေးလှုပ်ရှားမှုများသည် အညာဒေသနှင့် မဟာဗျူဟာ အရ နီးနီးကပ်ကပ်ဆက်စပ်မှု ရှိသည်။ ထိုအချက်များကို မမေ့လျော့သင့်ပေ။ ၁၆ ဒီဇင်ဘာလ ၂၀၂၄ ရက်နေ့အထိ ထုတ်ပြန်ချက်များအရ အာရက္ခတပ်တော်သည် ပြည်မ၊ ချင်းပြည်တို့နှင့် ကုန်းတွင်းပိုင်း နယ်နမိတ်ဆက်စပ်နေသော မြို့အားလုံးနီးပါးကို ထိန်းချုပ်ထားပြီး သို့မဟုတ် ကြီးမားကျယ်ပြန့်သော တပ်ဖြန့်လှုပ်ရှားမှုများ ပြုလုပ်ထားပြီးဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသ တစ်ခုလုံးကိုလည်း ထိန်းချုပ်ထားပြီး ဖြစ်သည်။

    (ပုံရခိုင်ပြည်ထိုးစစ်ဆင်မှုပြမြေပုံ)

    တိုက်ပွဲဖော်ရန် လိုချင်မှလိုမည်ဖြစ်သည့် စစ်တွေ နှင့် ကျောက်ဖြူမြို့တို့အပြင် အာရက္ခတပ်တော်အနေဖြင့် တိုက်ပွဲဖော်ရန် မာန်အောင် တစ်မြို့သာကျန်သည်။ ထိုအခြေအနေက ရခိုင်မြေကို ရခိုင်တပ်အခြေချ၊ ထိန်းချုပ်ဖို့၊ တည်ရှိဖို့ အလားအလာကောင်းသော ကျေနပ်ဖွယ်ရာအခြေအနေများ ဖြစ်သည်။ နောက်ဆက်တွဲ လုပ်စရာများထဲမှ အရေးကြီးဆုံး နှစ်ချက်မှာ အာရက္ခတပ်တော်အနေဖြင့် မိမိတို့ သိမ်းပိုက်ထားသော နယ်မြေများကို လုံခြုံရေးအာမခံချက်၊ ထို့နောက် နိုင်ငံရေးအာမခံချက်ရရန် ဖြစ်သည်။ ထို့အတွက် အညာဒေသ၊ အထူးသဖြင့် မကွေးဒေသသည် အာရက္ခတပ်တော်၏ မဟာဗျူဟာ ဦးစားပေးထဲတွင် ထည့်သွင်းစဉ်းစားထားရမည်မှာ လက်တွေ့လိုအပ်ချက်ဖြစ်သည်။

    ၂။ NUG စုဖွဲ့မှု နဲ့ နိုင်ငံတကာဆက်ဆံရေး

    အညာဒေသသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဗဟိုချက်မဖြစ်သည်။ ထို့အတူ အမျိုးသားညီညွတ်ရေးအစိုးရသည်လည်း အညာဒေသ၏ စစ်ရေး၊ နိုင်ငံရေး အနာဂတ်အတွက် မဟာဗျူဟာအရ အရေးပါသော လမ်းကြောင်းတစ်ခုမျှသာမက ဇာတ်ကောင်တစ်ခုလည်းဖြစ်သည်။  အလျော့အတင်း ပြုလုပ်သော နိုင်ငံရေးဓလေ့တည်ဆောက်ပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အကျိုးပြုရမည့် (Mutual accommodation) ဇာတ်ကောင်များဖြစ်သည်။ ၂၀၂၅ ခုနှစ်သည် ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ တရားဝင်မှုပေးထားသော ရွေးကောက်ခံအမတ်များ နှင့် အစိုးရစုဖွဲ့မှုများအတွက် အရေးကြီးသောအလှည့်အပြောင်း (critical turning point) တစ်ခုပြုလုပ်ရမည့် ကာလလည်းဖြစ်သည်။ တစ်ချိန်တည်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့နှင့် ဝန်ကြီးဌာနများနှင့်ပတ်သတ်၍လည်း တော်လှန်ရေးထဲက လူထု၏ ဝေဖန်အကြံပြုသံများ၊ အစိုးရအဖွဲ့ဝင်များကို ပြည်တွင်းပြန်လာဖို့ သမ္မတကြီးဒူဝါလရှီးလ၏ မိန့်ခွန်းတို့သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၀၂၅ ခုနှစ် လားရာကို တစ်စုံတစ်ရာ ဖွင့်ဆိုနေသည်ဟု နားလည်နိုင်ပါသည်။ ခန့်မှန်းပြောဆိုချက်များစွာ ရှိနေသော်လည်း သေချာသည်မှာ NUG သည် NCGUB ထက်ပိုမို၍ စမတ်ကျကြောင်း၊ အလုပ်ဖြစ်သော စုဖွဲ့မှုဖြစ်ကြောင်း သက်သေပြဖို့လိုသည်ကို အစိုးရအဖွဲ့ဝင်များက နားလည်ကြပါမည်။

    အမျိုးသားညီညွတ်ရေးအစိုးရ ရင်ဆိုင်ရမည့် ၂၀၂၅ ခုနှစ်အတွက် စိန်ခေါ်မှုများတွင် တရုတ်နိုင်ငံ၏ အာဏာသိမ်းစစ်ကောင်စီကို ပေါ်တင်ထောက်ခံ၊ ရပ်တည်ပေးလိုက်ခြင်း၏ နောက်ဆက်တွဲ ကိစ္စရပ်များလည်း ပါသည်။ အာဏာသိမ်းစစ်ကောင်စီကျင်းပမည်ဟု မကြာခဏ အသံဟစ်နေသော ရွေးကောက်ပွဲကိုလည်း ချန်ထား၍မရပေ။ အဆိုပါ အချက်နှစ်ချက် နှင့်အတူ အလေးထား စောင့်ကြည့်ရမည်မှာ သိပ်မကြာသေးခင်ကမှ နယူးဒေလီအစိုးရ၏ မြန်မာဇာတ်ကောင်များ နှင့် ထိတွေ့ဆက်ဆံမှုများ ဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ၏ ယခုနှစ် (၂၀၂၄) ဩဂုတ်လလယ်က နေပြည်တော် ခရီးစဉ်နောက်ပိုင်းတွင် တစ်ခုခုရွေ့မှ ရတော့မည်ဆိုသည်နှင့် ဘယ်ကစရွှေ့ရမည်ကို နားလည်ဖို့ နယူးဒေလီ၏ ကနဦးအားထုတ်မှုအဖြစ် ရှုမြင်ကြသော်လည်း အဆိုပါအရွေ့များသည် မြန်မာပြည်၏ အနောက်မြောက်စင်္ကြံတလျောက်ရှိ ဇာတ်ကောင်များအတွက် အခြေခံလိုအပ်ချက်များဖြစ်သည်။ ထိုအထဲတွင် ကချင်၊ ရခိုင်၊ ချင်းတို့အပြင် အညာဒေသလည်းပါသည်။

    ၃။ ရှမ်းမန်းစစ်ဆင်ရေး

    ရှမ်းမန်းစစ်ဆင်ရေးသည် ၂၀၂၄ ခုနှစ် ဇွန်လ (၂၅) ရက်နေ့တွင်စသည်။ နွေဦးတော်လှန်ရေးတွင် မဟာဗျူဟာအရ အရေးပါသော စစ်ဆင်ရေးကြီးဖြစ်သည်။ ၁၀၂၇ စစ်ဆင်ရေး၊ အပိုင်း (၂) ၏ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်သည်။ တော်လှန်ရေးအင်အားစုများအနေဖြင့် TNLA၊ MDY PDF၊ DPLA တို့အပြင် အညာတစ်ခွင်မှ တပ်ရင်းတပ်ဖွဲ့များစွာ ပါဝင်သည်။ ရွှေဘိုခရိုင်မှ တပ်ရင်းများမှာ ထင်ရှားသည်။ သပိတ်ကျင်း၊ စဉ့်ကူး၊ တကောင်း၊ မတ္တရာစသည့် မြို့နယ်များတွင်သာမက နောင်ချို၊ မိုးကုတ်မြို့နယ်များအထိပါ စစ်ရေးလှုပ်ရှားမှု ပြင်းထန်သည်။ စိုးမိုးသိမ်းပိုက်ထားနိုင်သည်။ ရှမ်းမြောက်ဒေသ နှင့် မန္တလေး တစ်ခွင်သာမက၊ စစ်ဒေသ (၁)၏ စိုးမိုးလှုပ်ရှားနယ်မြေများ ဖြစ်သည့် စစ်ကိုင်းတိုင်း အထက်ပိုင်း မှတဆင့် ကချင်ဒေသအထိပါ ချိတ်ဆက်နိုင်သော တော်လှန်ရေး လမ်းကြောင်းကြီးကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။ တရုတ်၏ ဖိအားပေးမှုများနောက်ပိုင်း ရှမ်းမန်းစစ်ဆင်ရေးသည် အရှိန်တန့်နေသော်လည်း ရပ်တန့်နေသည် သို့မဟုတ် ရပ်တန့်သွားသည်ဟု မဆိုနိုင်ပေ။ MDY-PDF စစ်ဦးစီးအဖွဲ့ဝင် ဒေါက်တာစိုးသူရဇော်က ဧရာဝတီသတင်းဌာနနှင့် အင်တာဗျူး (၁၈ ဒီဇင်ဘာလ ၂၀၂၄) တွင် ရပ်တန့်သွားမည် မဟုတ်ကြောင်း ထုတ်ဖော် ပြောဆိုထားသည်။ အညာဒေသ တော်လှန်ရေးတပ်များ အားကောင်းဖို့ နှင့် စုဖွဲ့မှုခိုင်မာဖို့တွင် ရှမ်းမန်းစစ်ဆင်ရေးကဲ့သို့ မဟာဗျူဟာ လမ်းကြောင်းများသည် ဒေသန္တရစစ်ဆင်ရေး အဆင့်ထက် များစွာပိုသည်။ အညာအတွက် မဟာဗျူဟာမြောက်သည်။

    ၄။ အာဏာသိမ်းစစ်ကောင်စီကြေငြာထားသော ရွေးကောက်ပွဲ

    အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကျသွားခြင်းသည် နေပြည်တော်စစ်တပ်သမိုင်း တလျှောက် အရှက်တကွဲအကျိုးနည်း ဖြစ်ရဆုံး စစ်ရှုံးမှုကြီး ဖြစ်သည်။ MNDAA က ရမခကို ဇူလိုင်လ (၂၅) ရက် ၂၀၂၄ ခုနှစ်တွင် အပြီးတိုင် သိမ်းပိုက်ပြီးစီးကြောင်း ကြေငြာသည်။ တိုင်းစစ်ဌာနချုပ်ကြီးတစ်ခု၊ အထူးသဖြင့် တရုတ်နိုင်ငံနှင့် သိပ်မဝေးလှသည့် နေရာက အာဏာသိမ်း စစ်ကောင်စီ၏ အခြေစိုက် စစ်စခန်းကြီးတစ်ခုကို တော်လှန်ရေးတပ်များက သိမ်းပိုက်လိုက်ခြင်းသည် ပြည်တွင်းရော ပြည်ပမှာပါ ရိုက်ခတ်မှုကြီးသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် နေပြည်တော်သို့ ရောက်လာသည်။ ထို့အတူ အာဏာသိမ်းစစ်တပ်နှင့် သူ့ကိုထောက်ခံဝန်းရံကြသည့် အသိုင်းအဝိုင်းတွင်လည်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အံ့မခန်းညံ့ဖျင်းမှုကြီးကို ဝေဖန်ရှုံ့ချကြသည်။ ထိုအချက်များ နှင့်အတူ အာဏာသိမ်းစစ်ခေါင်းဆောင်၏ အထွေထွေညံ့ဖျင်းမှုများက သူ့ကို နိုင်ငံရေးထွက်ပေါက် ခပ်မြန်မြန်ရှာဖို့ နှင့် မဖြစ်မနေရှာဖို့ လိုအပ်ကြောင်း သတိပေးနေမည် ဖြစ်သည်။ အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲကို လုပ်လို့ရသည့်ပုံစံဖြင့် နယ်မြေ အစိတ်အပိုင်းအလိုက် လုပ်သွားမည်ဟု ထုတ်ဖော်ပြောဆိုထားသည်။ နိုင်ငံ၏ အဓိကနယ်စပ် အားလုံးနီးပါး နှင့် ကျေးလက်မြို့ပြဒေသ အတော်များများကို ထိန်းချုပ်မှုမဲ့ သို့မဟုတ် လုံးဝလက်လွှတ်ထားရသော အာဏာသိမ်း စစ်ဗိုလ်ချုပ်များသည် နေပြည်တော်ကောင်စီနယ်မြေ တစ်ခုတည်းတွင် ရွေးကောက်ပွဲလုပ်၍ ရလျှင်ပင် နေပြည်တော်အစိုးရအဖြစ် ရပ်တည်မည် ဖြစ်သည်။ ထို့အတွက် ထောက်ခံမှု နှင့် တရားဝင်မှုရစေရန် တရုတ်၊ ရုရှားနှင့် အိမ်နီးချင်းနိုင်ငံ တစ်ချို့အပါအဝင် သူ၏အနည်းငယ်သော မိတ်ဆွေများကို ရသည့်နည်းလမ်းဖြင့် အပေးအယူလုပ်မည် ဖြစ်သည်။ အာဏာသိမ်းစစ်ကောင်စီ၏ ရွေးကောက်ပွဲကို NUG နှင့် အင်အားစုများ ကြုံနေရသော ၂၀၂၀ ရွေးကောက်ပွဲရလဒ်၏ တရားဝင်မှုဆိုင်ရာ အကန့်အသတ်၊ တော်လှန်ရေး အင်အားစုများ၏ နိုင်ငံတော်တည်ဆောက်မှုအာသီသ သို့မဟုတ် လမ်းကြောင်းတို့အပြင် အိမ်နီးချင်းနိုင်ငံကြီးများနှင့် အာဆီယံတွင် ရှိနေသော ဒေသတွင်းလုံခြုံရေးဆိုင်ရာ စိုးရိမ်ချက်များနှင့်ပါ ချိန်ထိုး ကြည့်ရမည် ဖြစ်သည်။

    ၅။ ကချင်စစ်ဆင်ရေး

    အညာတော်လှန်ရေးနှင့် ကချင်စစ်ဆင်ရေးများကို ခွဲခြား၍ သုံးသပ်ရန်မှာ မဖြစ်နိုင်ပေ။ လိုင်ဇာ၏ နွေဦးတော်လှန်ရေးအပေါ် သဘောထားသည် အညာဒေသအပေါ် ကြီးမားသော သက်ရောက်မှု ရှိသည်။ အညာဒေသတော်လှန်ရေး စုဖွဲ့မှုများနှင့်ပတ်သတ်၍ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ယခုနှစ် (၂၀၂၄) မေလ ၁၃ ရက်နေ့က ကွယ်လွန်သွားသော ကချင်လွတ်မြောက်ရေးတပ်မတော်၊ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်းနှင့် ပတ်သတ်၍ ထုတ်ဖော်ပြောဆိုရာတွင် အညာဒေသ တော်လှန်ရေးစုဖွဲ့မှုများနှင့် ပတ်သတ်၍ အသေးစိတ်တိုင်ပင်၍ အတူတကွလုပ်ကိုင်ခဲ့ရသူဟု မှတ်ချက်ပြုဖူးသည်။ ထို့အတူ အမှတ်(၁) စစ်ဒေသစုဖွဲ့မှုများမှစ၍ ကွပ်ကဲမှုမှသည် စစ်ဆင်ရေးများအထိ KIA ၏ အညာတစ်ခွင် ပါဝင်မှုများစွာရှိသည်။ ထို့အတူ ကချင်ပြည်တွင်လည်း နယ်စပ်ဒေသတစ်ခုလုံးကို စစ်ဆင်ရေးဖော်ဆောင် ထိန်းချုပ်ထားနိုင်ပြီးဖြစ်သည်။

    ၆။ BPLA နှင့် ဗမာပြည်နယ်ကိစ္စ

    BPLA က အညာစစ်ခွင်မှာ လှုပ်ရှားဖို့ ပြင်ဆင်နေခဲ့တာ ကာလတစ်ခုရှိပြီဖြစ်ပေမယ့် ဒီနှစ် (၂၀၂၄) နှစ်ကုန်ပိုင်းရောက်မှ ကြေငြာပါတယ်။ ဝေဖန်ပြောဆိုမှုတွေ များစွာရှိသလို အညာဒေသက စစ်ရေးစုဖွဲ့မှု အားနည်းချက်တွေကို BPLA အနေဖြင့် ပိုမိုကောင်းမွန်လာအောင် ပြင်ဆင်နိုင်မလားဆိုသည့်မျှော်လင့်ချက်မျိုးလည်း တွေ့ရသည်။ နောက်တစ်ချက်ကတော့ အညာဒေသက တပ်တွေရဲ့ လိုအပ်ချက်ဖြစ်တဲ့ လက်နက်ခဲယမ်းမီးကျောက်ကိစ္စကို BPLA အနေနဲ့ အဖြေတစ်ခုဖြစ်နိုင်မလား ဆိုတာကိုလည်း အညာတော်လှန်ရေးအင်အားစုတစ်ချို့က မျှော်လင့်ချက် ထားကြပုံရပါသည်။ နိုင်ငံရေးဆိုင်ရာ စုဖွဲ့မှုမှာတော့ BPLA ရဲ့ ဗမာပြည်နယ်ဖွဲ့စည်းရေး အာဂျင်ဒါကို အညာနိုင်ငံရေး ရပ်ဝန်းတွင် ကန့်ကွက်သံတွေကြားရသည်။ ဒီအချက်က လက်ရှိအရှိန်ရနေသော ဖက်ဒရယ်ယူနစ်ဖွဲ့စည်းရေးကိစ္စများ အပေါ်တွင်လည်း တစုံတရာသက်ရောက်မှုရှိ လာနိုင်သည်ကို သတိထားသင့်ပါသည်။ ယခုလက်ရှိအထိတော့ BPLA အနေဖြင့် အညာဒေသတွင် စစ်ဆင်ရေးလုပ်ဆောင်နိုင်််််ခြင်း မတွေ့ရသေးပါ။

    ၇။ ချင်းတောင်တန်း

    ချင်းတောင်တန်းသည် အညာဒေသအတွက် မဟာဗျူဟာအရ အရေးပါသည့် ပထဝီ အနေအထား (geographic proximity) ရှိဒေသဖြစ်သည်။ ချင်းတောင်တန်းဒေသသည် နွေဦးတော်လှန်ရေးကာလ အနောက်မြောက်ဒေသ စစ်ဆင်ရေးများအတွက်သာမက နိုင်ငံရေးဖြစ်ထွန်းမှုများ (political mobilisation) အတွက်လည်း အခရာကျသည်။ အထူးသဖြင့် အညာဒေသ စစ်ရေးအတွက် ချင်းတောင်တန်းကို မဟာဗျူဟာစဉ်းစားချက်ထဲမှ ဖယ်ချန်ထားရန် မဖြစ်နိုင်ပေ။ အိန္ဒိယနိုင်ငံနှင့် နယ်နမိတ်ထိစပ်နေခြင်း၊ လူမျိုးရေးအရ နီးကပ်စွာ ဆက်ဆံမှုရှိကြခြင်းအပြင် နိုင်ငံရေးဖြတ်သန်းမှု အရ ချင်းအင်အားစုများသည် အိန္ဒိယ အင်အားစုများနှင့် ကျယ်ပြန့်စွာ မိတ်ဖက် ချိတ်ဆက်နေခြင်းတို့သည် ရေခံမြေခံကောင်းများ ဖြစ်သည်။ ထိုရေခံမြေခံကောင်းများကို အနောက်ဖက်ဒေသ အင်အားစုများ အထူးသဖြင့် အညာဒေသ နှင့် ရခိုင်ဒေသမှ ဇာတ်ကောင်များက တောက်လျှောက် လေ့လာ စောင့်ကြည့်ပြီး ချိတ်ဆက် ဆောင်ရွက်လျှက်ရှိသည်ကို လက်ရှိအချိန်အထိ စစ်ရေးနိုင်ငံရေး ဖြစ်ထွန်းမှုများအရ မြင်ရသည်။ တစ်ချိန်တည်းတွင်ပင် စစ်ပွဲကာလအကဲဆက်မှုများ၊ ဇာတ်ကောင် အချင်းချင်းကြားမှ အားပြိုင်မှုများအပြင် လူမှုအသိုင်းအဝိုင်းတွင် ရှိနေပြီးသော လူမှုရေး၊ ဘာသာရေး နှင့် လူမျိုးရေးဆိုင်ရာ အနေအထား (social dynamic) ကိုလည်း မေ့ထား၍ မရပေ။ တတိယအချက်မှာ ၂၀၂၄ ခုနှစ်တွင် စစ်ရေးနိုင်ငံရေး လေ့လာသုံးသပ်သူများ၏ ရေဒါအတွင်း ရောက်လာသော အိန္ဒိယ၊ အထူးသဖြင့် နယူးဒေလီနှင့် မီဇိုရမ်ပြည်နယ်ကို နောက်ခံထား ၍

    (ပုံ – အင်ဒို-မြန်မာ၊ အနောက်မြောက်စင်္ကြံ)

    ဖြစ်ထွန်းလာသော နိုင်ငံရေးစုဖွဲ့မှု နှင့် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရသည် နယူးဒေလီအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဆက်ဆံရေးရုံးဖွင့်ခြင်း၊ နယူးဒေလီအစိုးရ၏ အဝန်းအဝိုင်းအတွင်းမှ Think-Tanks များနှင့် အညာ-ချင်း-ကချင်-ရခိုင်မှ တော်လှန်ရေးအင်အားစုများ၏ အဝန်းအဝိုင်းအတွင်းမှ စုဖွဲ့မှုများအပြင် ချင်းတောင်တန်း အခြေပြု စစ်ရေးစုဖွဲ့မှု (mobilisation) များသည် အညာအင်အားစုများအနေဖြင့် စောင့်ကြည့်လေ့လာ၍ မဟာဗျူဟာကျကျ ချိတ်ဆက်ဆောင်ရွက်သင့်သည့် အရွေ့များဖြစ်သည်။

    နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ ခြိမ်းခြောက်မှုများ

    ၁။ နိုင်ငံတကာဆက်ဆံရေး

    နိုင်ငံတကာဆက်ဆံရေးလို့ပြောတဲ့အခါ ပစ်ခတ်တိုက်ခိုက်မှုများကြားက တော်လှန်ရေးသမားများက လက်တွေ့ကျခြင်းရှုထောင့် (Realist view) ကနေ ကြည့်တာ သဘာဝကျပါသည်။ လေထဲက နိုင်ငံတကာဆက်ဆံရေး သို့မဟုတ် လျှာဖျားကလေးနဲ့ နိုင်ငံတကာဆက်ဆံရေးသည် ပစ်ခတ်တိုက်ခိုက်မှုများကြားက တော်လှန်ရေးသမားများအတွက်မူ ဖဲသမားစကားနဲ့ပြောလျှင် “အမြတ်မကျန်ရုံမျှသာမက အကောက်ပါရှုံး” ဆိုသည်ကို ERO ခေါင်းဆောင်များရော အညာတော်လှန်ရေး ခေါင်းဆောင်များပါ နားလည်လက်ခံကြပြီး ဖြစ်သည်ဟု ယူဆပါသည်။ အာဏာသိမ်းစစ်ကောင်စီအနေဖြင့် မဖြစ်မနေလုပ်ရမည့်အထဲတွင် အညာဒေသကို စီးဝင်နေသော လက်နက်ခဲယမ်းမီးကျောက်၊ အခြေခံထောက်ပို့ပစ္စည်း (ဆေးဝါး၊ ရိက္ခာ စသည်) နဲ့ လမ်းကြောင်းများကို ဖြတ်တောက်ဖို့က အရေးကြီးသည်။ ထိုအချက်ကို အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် သူ့ရဲ့လက်ထောက် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့၏ ကုန်စည်စီးဆင်းမှု စစ်ဆေးတင်းကြပ်ဖို့ ညွှန်ကြားချက်များအပြင် တရုတ်နိုင်ငံနှင့် တွေ့ဆုံပြီး၍ နယ်စပ်လမ်းကြောင်းများကို ပိတ်ဆို့ဖို့ တောင်းဆိုမှုကိုကြည့်၍ သိနိုင်သည်။ ကေအိုင်အိုဌာနချုပ်ကို လေကြောင်းတိုက်ခိုက်မှုလုပ်ဖို့ စစ်ကောင်စီ လော်ဘီများ၏ တရစပ် တောင်းဆိုမှုတွေကလည်း အခြေခံ သဲလွန်စများဖြစ်သည်။ အညာတော်လှန်ရေးအင်အားစုများကို ဟန့်တားဖို့ အာဏာသိမ်းစစ်ကောင်စီအနေဖြင့် နယူးဒေလီ နှင့် ဘေဂျင်းကို မဖြစ်မနေ တောင်းဆိုမည်ဖြစ်သည်။ ထိုတောင်းဆိုချက်များတွင် စစ်ရေးအရ ထောက်ပံပို့ဆောင်မှုလမ်းကြောင်းများ ပိတ်ဆို့ရေး အပါအဝင် နိုင်ငံရေးအရ အညာဒေသကို ပိုမိုကျယ်ပြန့်သော အစုအဖွဲ့များနှင့် ချိတ်ဆက်ခြင်း မပြုနိုင်အောင် ပိတ်ဆို့တားဆီးခြင်းလည်း ပါဝင်ပေမည်။ ထိုအချက်တို့အပြင် ဝါရှင်တန်အနေဖြင့် တရုတ်ကို အားပြိုင်ရန် အညာတစ်ခွင်သို့ ခြေတံလက်တံဆန့်လာနိုင်ချေနှင့် (အညာဒေသအတွက်) နောက်ဆက်တွဲ နိုင်ငံရေးကုန်ကျစရိတ် သို့မဟုတ် အကျိုးအမြတ်ကို တွက်ဆရမှာလည်း အရေးကြီးသောမေးခွန်းတစ်ခုဖြစ်သည်။

    ၂။ အဓိကလမ်းမကြီးများ

    အညာဒေသရှိတပ်များအနေဖြင့် စစ်ရေးအရ နယ်မြေစိုးမိုးမှု ကျယ်ပြန့်သော်လည်း ထောက်ပံ့ပို့ဆောင်ရေး အတွက် အဓိကလမ်းမကြီးများကို အာဏာသိမ်းစစ်ကောင်စီက ထိန်းချုပ်ထားဆဲ ဖြစ်သည်။ ထိုအချက်သည် အညာတော်လှန်ရေးတပ်များကို ကုန်ကျစရိတ်ပိုများစေသလို စစ်ဘက်ဆိုင်ရာ လုံခြုံရေးအန္တရာယ်လည်း ကြီးမားစေသည်။ မန္တလေး၊ မုံရွာ၊ မကွေးနှင့် နေပြည်တော်ကို ဗဟိုပြုထားသော လမ်းမကြီးများသည် အာဏာသိမ်းစစ်ကောင်စီအတွက် မဟာဗျူဟာအရ အသက်တမျှအရေးပါသကဲ့သို့ တော်လှန်ရေးအင်အားစုများအတွက်လည်း စစ်ရေးမဟာဗျူဟာ တစ်ရပ်အနေဖြင့် အရေးပါသည်။ ထို့အတူ လားရှိုးမှ အလယ်ပိုင်း၊ ကသာမှ အလယ်ပိုင်း၊ မြောက်ဦးမှ အလယ်ပိုင်း နှင့် ဗစ်တိုးရီးယားတောင်မှသည် အလယ်ပိုင်း လမ်းကြောင်းကြီးများသည် အညာဒေသအတွက် ၂၀၂၅ မဟာဗျူဟာ လမ်းကြောင်းကြီးများ ဖြစ်သည်။

    ၃။ ရှေ့တန်းစစ်စခန်းများ နှင့် အဓိကစစ်ဘက်ဆိုင်ရာ အဆောက်အဦများ

    အညာဒေသသည် နေပြည်တော်စစ်တပ်၏ အဖျားအနားစစ်ပွဲ (Periphery warfare) မဟာဗျူဟာ အတွက်  နောက်ကြောလုံရာအရပ်ဟု သတ်မှတ်ခံခဲ့ရကြောင်း နေပြည်တော် တည်ဆောက်မှုအပြင် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံများကို မကွေး နှင့် စစ်ကိုင်းတွင် ဖြန့်ကျက် တည်ဆောက်ထားမှုကို ကြည့်၍ သုံးသပ်နိုင်ပါသည်။ နေပြည်တော်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ နှင့် လက်နက်ကြီး ပစ်ခတ်မှုတချို့နှင့် ပတ်သတ်၍ စုံစမ်းစစ်ဆေးမှုများ အရ ကျည်ဆံများမှာ ကပစ စက်ရုံများမှ ၂၀၂၄ ခုနှစ်ထုတ်ထားသည်များအထိပါသည်။ နေပြည်တော်စစ်တပ်၏ ခဲယမ်းမီးကျောက် ထုတ်လုပ်နိုင်စွမ်းကို အညာတော်လှန်ရေး အင်အားစုများက ထိရောက်စွာ မဟန့်တားနိုင်သေးကြောင်းကို ပြသနေခြင်းဖြစ်သည်။ ထိုအချက်သည် ERO များ၏ အကျိုးစီးပွားလည်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် နေပြည်တော် စစ်တပ်သည် အညာဒေသတွင် လက်နက်ကြီးပစ်ခတ်မှု၊ တပ်နေရာရွေ့ပြောင်းမှု နှင့် ဒရုန်းတိုက်ခိုက်မှုများကို ဖြန့်ကျက်လုပ်ဆောင်လာနိုင်စေရန် စစ်ဘက်ဆိုင်ရာ အခြေခံ အဆောက်အဦများကို ပြင်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းများ လုပ်ဆောင်မည်ဖြစ်သည်။

    ၄။ ပြည်သူ့အုပ်ချုပ်ရေးစနစ်

    အာဏာသိမ်းစစ်ကောင်စီက ပြည်သူ့လုံခြုံရေးစနစ်ကို ဖိအားပေးတည်ဆောက်ပြီး တော်လှန်ရေး အင်အားစုများ စိမ့်ဝင်ထိုးဖောက်ခြင်းမှ ဟန့်တားဖို့၊ တန်ပြန်ဖို့ တရစပ် လုပ်ဆောင်နေခဲ့တာကို သတိချပ်သင့်ပါသည်။ စစ်မှုထမ်းအမိန့် ကြေငြာခြင်း၏ နောက်ဆက်တွဲ ဖြစ်စဉ်များသည် အလေးထားရမည့် လုံခြုံရေးဆိုင်ရာ ကိစ္စများဖြစ်သည်။ ထို့အတူ အညာဒေသတွင် တော်လှန်ရေးတပ်များ စိုးမိုးထိန်းချုပ်ထားရာ ကျေးလက်မြို့ပြဒေသများတွင်လည်း သတင်းကွန်ယက် တည်ဆောက်ခြင်း နှင့် ဒေသန္တရ အုပ်ချုပ်ရေးယန္တယားခိုင်မာ မနေသေးခြင်းက လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခုအဖြစ် အချိန်မရွေး အသွင်ပြောင်းသွားနိုင်ပါသည်။

    အညာဒေသ ဖက်ဒရယ်ယူနစ်များ စဉ်းစားရမည့် အကြောင်းအရာများ

    နိုင်ငံရေးတွင် stakeholders များ၏ တည်ရှိမှုများ၊ ၎င်းတို့၏ အကျိုးစီးပွားများ နှင့် စုဖွဲ့တည်ရှိနေသော နိုင်ငံရေးဖြစ်စဉ်များကို နားလည်ရန်မှာ နိုင်ငံရေးသင်ပုန်းကြီးဖြစ်သည်။ ထိုအချက်ကို ကျင်လည်ရာပတ်ဝန်းကျင် (operating environment) ကို နားလည်ခြင်းဟု ခေါင်းစဉ်တပ်လျှင် ခြုံငုံမိမည်ထင်ပါသည်။ တော်လှန်ရေးခေါင်းဆောင်များသည် ထိုအချက်ကို လက်တွေ့ကျကျ နားလည်လက်ခံ ကြမည်ဖြစ်သည်။ အညာဒေသတော်လှန်ရေး ခေါင်းဆောင်များ၏ အားနည်းချက်မှာ ထိုသိမှုကို အင်စတီကျူးရှင်း ဘောင်သွင်းရန် (institutionalise) အခက်ကြုံကြခြင်း ဖြစ်သည်။ အရင်းအမြစ်မလုံလောက်ခြင်း၊ အတွင်းအပြင် ကန်အားများကို ရင်ဆိုင်ရခြင်း နှင့် အလျှော့အတင်းလုပ်သည့် နိုင်ငံရေးဓလေ့ (compromise) ထွန်းကားမှု အားနည်းခြင်းတို့က အဓိက အခက်အခဲများ ဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် အညာဒေသ တော်လှန်ရေး အင်အားစုများအနေဖြင့် အောက်ပါအချက်များကို ဦးစားပေးစဉ်းစားသင့်ပါသည်။

    ၁။ ဒေသန္တရစစ်ရေးစုဖွဲ့မှု

    အညာဒေသတွင် တပ်ပေါင်းစု သို့မဟုတ် အမိန့်ပေးကွပ်ကဲမှု တစ်ခုတည်းအောက်တွင် တိုက်ခိုက်ရေးတပ်များကို စုဖွဲ့ခြင်းသည် သီအိုရီအရ ကောင်းမွန်သလို၊ စစ်ရေးလှုပ်ရှားမှုများကို ရှိသည့်အရင်းအမြစ် ဘောင်အတွင်းမှ ရလဒ်ကို အမြင့်ဆုံးမြှင့်တင်ပေးနိုင်မည့် အလားအလာလည်းရှိပါသည်။ အထူးသဖြင့် ပြာပုံပဲ ကျန်တော့သည့်အနေအထားတွင်ပင် ကြံ့ကြံ့ခံရင်း တော်လှန်ရေးကို ထောက်ခံအားပေးနေသည့် အညာလူထုရှိနေခြင်းက အလွန်အခရာကျသော ရေခံမြေခံကြီး ဖြစ်သည်။ သို့သော် အဆိုပါရေခံမြေခံနှင့် ကျိုးကြောင်းဆီလျော်သော ယူဆချက် (Justifiable hypothesis) ရှိနေစေကာမူ လက်တွေ့တွင် အညာဒေသ၏ ပကတိအခြေအနေနှင့် အလုပ်ဖြစ်ရန်မှာ သီးခြားမေးခွန်းတစ်ခု ဖြစ်သည်။ အညာဒေသတွင် စစ်ရေးစုဖွဲ့မှုများသည် ရပ်ကျေးအဆင့်မှ အခြေခံသည်။ ၂၀၂၁ ခုနှစ်အစောပိုင်းမှသည် တဖြေးဖြေးနှင့် စုပေါင်းစပ်ပေါင်းဖြစ်လာကြသော်လည်း မဟာဗျူဟာဘောင်တစ်ခု (strategic framework) အောက်တွင် လှုပ်ရှားမှုများ ဖော်ဆောင်သည့် အနေအထားရောက်ရန်မှာ ယခုအချိန်အထိ စုဖွဲ့မှုဆိုင်ရာ အကန့်အသတ်များစွာ ရှိနေဆဲ ဖြစ်သည်။ ထိုအကန့်အသတ်များထဲမှပင် အလုပ်ဖြစ်နိုင်သည့် နည်းလမ်းတစ်ခုရှိ နေပါသေး သည်။ ၎င်းမှာ ဒေသအခြေပြု (မြို့နယ်လည်း ဖြစ်နိုင်သလို ထို့ထက် ပိုမိုကျယ်ပြန့်သော သဘောတူ သတ်မှတ်ထားသည့် ပထဝီအနေအထားတစ်ခုလည်း ဖြစ်နိုင်ပါသည်။) စစ်ရေးစီမံချက်များရေးဆွဲပြီး စီမံချက်အခြေပြု အမိန့်ပေးကွပ်ကဲမှုစနစ်ကို တည်ဆောက်ခြင်းဖြစ်သည်။ ဤနေရာတွင် စစ်ရေး၊ နိုင်ငံရေး မေးခွန်းများနှင့်အတူ အခက်အခဲများရှိမည်ဖြစ်သော်လည်း ရာစုနှစ်ချီစုဖွဲ့ တည်ဆောက်ထားသော နေပြည်တော်စစ်တပ်ကိုပင် စိန်ခေါ်ဝံ့သော အညာသားတပ်များသည် ထိုမေးခွန်းများ နှင့်အတူ အခက်အခဲများအတွက် နည်းလမ်းရှာနိုင်လိမ့်မည်ဟု ယုံကြည်သည်။

    ၂။ မဟာမိတ် ဘောင်ချဲ့ထွင်ခြင်း

    မဟာမိတ်ဆက်ဆံရေးတည်ဆောက်ခြင်းကို တော်လှန်ရေးသမားများက မဟာဗျူဟာ ဦးစားပေး အစီအစဉ် တစ်ရပ်အနေဖြင့် လုပ်ကြပါသည်။ လုပ်ကြဖို့လည်း လိုသည်။ အညာဒေသအတွက်မူ ရှိဆဲ သို့မဟုတ် အသစ်ပေါ်လာသော ဗမာမဟုတ်သည့် တိုင်းရင်းသားတပ်များနှင့် မတူသည့် စိန်ခေါ်မှုများရှိသည်။ ပထဝီအနေအထား၊ ယုံကြည်မှုတို့အပြင် အဖျားအနားစစ် (periphery warfare) နှင့် ဗဟိုချက်မစစ် (core warfare) နှစ်ခုအကြား မဟာဗျူဟာကျကျ ချိတ်ဆက်သွားခြင်းမှတဆင့် နေပြည်တော်အခြေပြုနိုင်ငံရေး အဆောက်အဦ ပြိုကျခြင်း သို့မဟုတ် အနောက်အုပ်စု၏ ဒီမိုကရေစီတန်ဖိုးများ အလေးသာလွှမ်းမိုးသော နိုင်ငံရေးစနစ်တစ်ခု လှိုင်လှိုင်ကြီး ဖြစ်ထွန်းမည်ကို စိုးရိမ်မှုရှိသော အင်အားစုများ၏ အကျိုးစီးပွားဆိုင်ရာ ပြဿနာများကြောင့်လည်း ဖြစ်သည်။ ထိုအချက်ကို ရှမ်းမြောက်ဒေသမှ တပ်များအပေါ် သို့မဟုတ် BPLA နှင့် ရှမ်းမြောက်ဒေသမဟုတ်သည့် တပ်အင်အားစုများ အပေါ် NUG သို့မဟုတ် ပြည်မတပ်များနှင့် ခပ်ခွာခွာနေရန် တရုတ်အစိုးရ၏ ဖိအားပေးမှုများကို ကြည့်ခြင်းဖြင့် နားလည်နိုင်ပါသည်။ ထိုအကန့်အသတ်များကြားထဲကပင် အညာဒေသတပ်များနှင့် အခြားတပ်များ သို့မဟုတ် နိုင်ငံရေးအင်အားစုများအကြား မဟာမိတ်ဆက်ဆံရေး ဖြစ်ထွန်း နေခြင်းသည် ကောင်းမွန်သော လက္ခဏာဖြစ်သည်။ ရှိရင်းစွဲ သို့မဟုတ် အသစ်တည်ဆောက်မည့် မဟာမိတ်ဆက်ဆံရေးများကို ပိုမိုကျယ်ပြန့်၍ ကတိကဝတ်ခိုင်မာသော ဆက်ဆံရေးမျိုး (promising alliance) တည်ဆောက်သင့်ပါသည်။

    ၃။ ဖက်ဒယူနစ်နိုင်ငံရေး တည်ငြိမ်အောင် တည်ဆောက်ခြင်း

    ဖက်ဒရယ်ယူနစ်များ တည်ဆောက်ခြင်း သို့မဟုတ် ဖက်ဒရယ်အဆင့် စုဖွဲ့မှုထက် ပိုမိုအသေးစိတ်၍ ဒေသ၏အခြေအနေများနှင့် လျော်ညီသော စုဖွဲ့မှုများဖန်တီးရန်မှာ အများလက်ခံထားသည့် နိုင်ငံရေး နည်းလမ်းတစ်ခု ဖြစ်ပါသည်။ မည်သို့မည်ပုံစုဖွဲ့မည်၊ မည်သည့်အစုအဖွဲ့များပါဝင်မည် နှင့် မည်ကဲ့သို့ အာဏာခွဲဝေမည် ဆိုသည်ကသာ ဆွေးနွေးညှိနှိုင်းရမည့် ကိစ္စဖြစ်သည်။ တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်နိုင်ငံရေး၊ စစ်ရေးဖြစ်ထွန်းမှုများအရ အချိန်အခါကျလာ (right time) ပြီဆိုသည်ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် အဓိကနိုင်ငံရေး ဇာတ်ကောင်များက လက်ခံကြပြီးဖြစ်သည်ဟု နားလည်ရပါသည်။ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ် နှင့် မန္တလေးဖက်ဒရယ်ယူနစ် စသည်တို့ကို စုဖွဲ့ရန် ပြင်ဆင်မှုအသီးသီးရှိနေကြသော်လည်း ၂၀၂၄ ခုနှစ် နှစ်ကုန်ကာလအထိ ဖက်ဒရယ်ယူနစ်အဆင့် နိုင်ငံရေးရာသီဥတုမှာ မတည်ငြိမ်သေး။ အဓိကအားဖြင့် နိုင်ငံတကာအပါအဝင် ပြည်ပဆက်ဆံရေး အတွက် အခြေခံအချက်အလက်များ (စုဖွဲ့မှု၊ တာဝန်၊ နှင့် နိုင်ငံရေးလမ်းကြောင်းများ စသည်) နှင့်ပတ်သတ်၍ တိကျရှင်းလင်းသော သတင်းစကားပါးနိုင်ရန် အဆင်သင့် မဖြစ်သေး။ ထိုအခြေအနေကို ၂၀၂၅ ခုနှစ်တွင် တည်ငြိမ်အောင် ဖန်တီးထားနိုင်ဖို့ လိုပါသည်။ သို့မှသာ စစ်ပွဲထဲက ဒေသခံပြည်သူများအနေဖြင့်လည်း အစိုးရဆီက ဘာတွေမျှော်လင့်ရမယ် သို့မဟုတ် မမျှော်လင့်ရဘူး ဆိုသည်အပြင် ဘယ်လိုနည်းလမ်းကိုသုံးပြီး အစိုးရနဲ့ ချိတ်ဆက်ဆောင်ရွက်ရမည် ဆိုသည်ကို နားလည်နိုင်မည်ဖြစ်သည်။ နိုင်ငံရေးအရလည်း တော်လှန်ရေးအင်အားစုများ အထူးသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ နှင့် အညာတစ်ခွင်မှ အင်အားစုများသည် Mutually accommodated ဆက်ဆံရေးမျိုးကို တည်ဆောက်နိုင်ဖို့ အရေးကြီးပါသည်။

    ၄။ ဝန်ဆောင်မှုအခြေပြု ပြည်သူ့အုပ်ချုပ်ရေး

    အညာတစ်ခွင်တွင် စစ်ရေးအောင်မြင်မှု နှင့် နယ်မြေစိုးမိုးမှုသည် လက်ရှိအချိန်အထိ အထိုက်အလျောက် ကျေနပ်ဖွယ်ရာဖြစ်သည်။ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုရပေမည်။ နယ်မြေစိုးမိုးမှုသည် စစ်ရေးအရ ရန်သူကို တိုက်ထုတ်နိုင်ရုံမျှသာမက အုပ်ချုပ်ရေးယန္တယားတစ်ခုကို အလုပ်ဖြစ်အောင် တည်ဆောက်ထားနိုင်ခြင်းနှင့် တိုက်ရိုက် အချိုးကျသည်။ စိုးမိုးနယ်မြေအလိုက် သတင်းကွန်ယက်တည်ဆောက်ခြင်း၊ လူထုဆက်ဆံရေး တည်ဆောက်ခြင်း နှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ရှိသည့်အရင်းအမြစ် ဘောင်အတွင်းမှ စိတ်အားထက်သန်စွာပြုလုပ်ခြင်းသည် နယ်မြေစိုးမိုးရေး အထူးသဖြင့် soft power တည်ဆောက်ရေး အတွက် အခရာကျသည်။ ၂၀၂၁ နွေဦးကာလတွင် နယ်မြေစိုးမိုးရေး ဆိုသည်မှာ hard power တစ်ခုတည်းကို လုံးလုံးလျားလျား မှီတည်မနေကြောင်း ပြည်တွင်း၊ ပြည်ပရွှေ့ပြောင်း အခြေချမှုများနှင့် ဒီဂျစ်တယ်ပလက်ဖောင်းများ မှတဆင့် လူထုအသံ ထုတ်ဖော်ခြင်းတို့ကို ကြည့်ပြီး နားလည်နိုင်ပါသည်။ အညာဒေသတွင်မူ မြေပြင်စုဝေးမှု ပြုလုပ်၍ ဆန္ဒဖော်ထုတ်ခြင်းများကိုပါ တွေ့ရသည်။ အချို့ဖြစ်စဉ်များတွင် တော်လှန်ရေးအင်အားစုများ သို့မဟုတ် လူပုဂ္ဂိုလ်များကို ဒေသခံလူထုက ဆန္ဒထုတ်ဖော်သည်များလည်း ရှိသည်။ ထိုအချက်ကို စာရေးသူက အကောင်းမြင် သည်။ ပစ်ခတ်တိုက်ခိုက်မှုများကြားတွင် လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့် အခွင့်အရေး သို့မဟုတ် နေရာ (space) ရှိနေသေးကြောင်း မြင်ရသည့် အချက်ဖြစ်သည်။ လူထုလိုလားချက်များကို တော်လှန်ရေး အင်အားစုများက အဖြေပေးနိုင်ဖို့သာ လိုသည်။ အညာလူထု၏ လူမှုရေးစုဖွဲ့မှု နှင့် တိမ်းညွှတ်မှုအရ အညာဒေသတွင် တော်လှန်ရေးအင်အားစုများ အနေဖြင့် အုပ်ချုပ်ရေး ယန္တယားတစ်ခု လည်ပတ်ရန်မှာ သိပ်ခက်ခဲသင့်သည့် ကိစ္စမဟုတ်ပေ။ အညာတော်လှန်ရေး အင်အားစုများအနေဖြင့် အခြေခံအကျဆုံးအဆင့် ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှု၊ ပညာရေးဝန်ဆောင်မှု နှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်း (တိုက်ပွဲအတွင်း အရပ်သားများ လုံခြုံရေး၊ စစ်ရှောင်နေရာချထားရေး နှင့် အခြေခံရိက္ခာရရှိရေး စသည်)တို့အပြင် ဒေသခံများ၏ အခြေခံစားဝတ်နေရေးကိစ္စ အဝဝကို အုပ်ချုပ်ရေးယန္တယားအတွင်းမှ လုံခြုံမှုပေးရေးတို့ကို ပြည်သူ့ဝန်ဆောင်မှုအဖြစ် ပေးရန်သာဖြစ်သည်။ အရင်းအမြစ်ရရှိရေးနှင့် ရေရှည် တည်တံ့ရေး စဉ်းစားချက်များအပြင် တော်လှန်ရေး ပိုမိုအားကောင်း စေရေးအတွက် လက်တွေ့ အကျဆုံး စမှတ်မှာ မြို့နယ်အဆင့် စနစ်တည်ဆောက်လည်ပတ်ဖို့ ဖြစ်သည်။ အလွန်အသေးစိတ်၍ စမတ်ကျလွန်းသော လုပ်ငန်းစဉ်များ သို့မဟုတ် ပြဌာန်းချက်များဖြင့် paper smart စနစ်မူဘောင် မျိုးထက် လက်တွေ့အခြေအနေများကို ထင်ဟပ်၍ အမှန်တကယ်လုပ်ကိုင် ဆောင်ရွက်နိုင်သော အနေအထားမျိုးကို ဖန်တီးပေးသော စနစ်မူဘောင်တစ်ခုဆိုလျှင် လုံလောက်သည်ဟု ယူဆပါသည်။

    ၅။ ကနဦးသတိပေးချက်နှင့် အရေးပေါ်တုန့်ပြန်ရေးဆိုင်ရာ လုပ်ငန်းများ

    စစ်ပွဲကာလအတွင်း အရပ်သားလုံခြုံရေးအစီအမံများ သို့မဟုတ် လုံခြုံရေးအာမခံချက်များ ပေးရခြင်းသည် အပြောလွယ်၍ အလုပ်ခက်လွန်းသည့် ကိစ္စဖြစ်သည်။ ရံဖန်ရံခါတွင် စစ်ဘက်လုံခြုံရေးစိုးရိမ်မှုများ နှင့် အရပ်သားကာကွယ်ရေး ဦးစားပေးမှုနှစ်ခုသည် အပြိုင်တည်ရှိနေ (competing priorities) တတ်သည်။ ထိုအခြေအနေသည် အလွန်ခေါင်းကိုက်စရာ ကိစ္စဖြစ်သည်။ စုဖွဲ့မှုခိုင်မာ၍ အားကောင်းသော တော်လှန်ရေးတပ်များအတွက်ပင် ခက်ခဲလှသည်။ ထိုအကြောင်းကို ဧရာဝတီသတင်းဌာနနှင့် မကြာသေးခင်က မေးမြန်းခန်း အစီအစဉ်တစ်ခုတွင် အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ငြီးတွားဖူးသည်။ ရခိုင်ပြည်မြောက်ပိုင်း မြို့သိမ်းတိုက်ပွဲများနှင့် ပတ်သတ်၍ အခြားမြို့သိမ်းတိုက်ပွဲများနှင့် မတူဘဲ တိုက်တော့မည်ဆိုခြင်းကို စောလျင်စွာ အသိပေးကြေငြာထားရခြင်း ဖြစ်သည်။ အညာဒေသအတွက်မူ အရပ်သားထိခိုက် သေဆုံးမှုများကို ကာကွယ်ရန် အစီအမံများသည် နယ်မြေအလိုက် တည်ရှိနေသည့် အင်အားစုများ အကြားညှိနှိုင်း ဆောင်ရွက်ရမည့် ကိစ္စဖြစ်သည်။ လူသားအရင်းအမြစ်၊ ပစ္စည်းကိရိယာများ၊ ငွေကြေးအရင်းအနှီးအပြင် လေ့ကျင့်သင်တန်းပေးမှုများ၊ အသိပညာပေးမှုများ လိုအပ်သည်။ ထိုအချက်များအပြင် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းများကို ပညာရပ်ဆိုင်ရာရှုထောင့်အရ လေ့လာသုံးသပ်ပြီး ရေတိုဖြစ်သည့် လူသားချင်းစာနာမှု အကူအညီပေးရေး ရံပုံငွေများအပေါ် မှီခိုလွန်းခြင်း အန္တရာယ် (Humanitarian Dependency Risk) ကို လျော့ချထားရန် လိုအပ်သည်။ အညာလူထုသည် လူမှုသန္ဓေအားဖြင့် ဒူပေဓါပေခံ၍ အလုပ်ကြိုးစားသော လူများဖြစ်သည်။ ထိုလူမှုသန္ဓေကို ပျောက်ပျက်မသွားစေရန် ဒေသခေါင်းဆောင်များ အနေဖြင့် ပညာရှိရှိ လုပ်ကိုင် ဆောင်ရွက်သင့် ပါသည်။

    အညာသားများအတွက် လက်တွေ့လိုအပ်ချက်များ

    ၂၀၂၅ စစ်ရေးနိုင်ငံရေး ရာသီဥတုသည် အဓိကကျသည့် အပြောင်းအလဲများ (major changes) လုပ်ကြရမည့် အခြေအနေဖြစ်သည်။ ထိုအထဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ERO များအပြင် အညာဒေသအင်အားစုများလည်း ပါဝင်သည်။ တချို့အင်အားစုများအတွက် အဆိုပါ အပြောင်းအလဲများ ပြုလုပ်ရန် လိုအပ်ချက်သည် တည်ရှိမှုဆိုင်ရာ ရှင်သန်ခြင်း သို့မဟုတ် သေဆုံးခြင်း (survive or die) မေးခွန်းဖြစ်သည်။ အညာဒေသအတွက်မူ လူသုံးမျိုးလိုအပ်သည်ဟု ဆွေးနွေးတင်ပြချင်ပါသည်။ တော်လှန်ရေးသမား (Revolutionist)၊ လက်တွေ့မဟာဗျူဟာသမား (Strategic Realist) နှင့် လက်လီစိပ်၍ အကောင်အထည်ဖော်နိုင်သူများ (Programmatic) တို့ဖြစ်သည်။ လူသုံးမျိုးသည် သဘောတရားရေးရာအရ ရောယှက်နေနိုင်သော်လည်း ဦးစားပေး လုပ်ငန်းစဉ်အရမူ ကွဲပြားပါသည်။ ထိုလူသုံးမျိုးကို ကာလ၊ ဒေသ နှင့် ဇာတ်ကောင်များ (stakeholders) အပေါ်မူတည်၍ အချိုးအစားညီစွာ၊ ရှေ့ထုတ်တန်ထုတ်၊ နောက်ဆုတ်တန်ဆုတ် သည့် ဗျူဟာဖြင့် အချိန်အခါသင့် လုပ်နိုင်ဖို့မှာ အထူးအရေးကြီး ပါသည်။ ထို့အတူ ပွတ်တိုက်မှု နည်းနည်းနှင့် ခရီးမြန်မြန် ရောက်ရန်မှာ သဘောထားကြီးစွာဖြင့် အလျော့အတင်း လုပ်သည့် နိုင်ငံရေးဓလေ့ (compromise culture) ကို လက်တွေ့ကျင့်သုံးရန်မှာလည်း အရေးကြီးသည်။


    [cas_related]

my_MMMyanmar